ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အတွက် သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ကမ္ဘာကြီးဟာ လက်ရှိနဲ့ အနာဂတ်မျိုးဆက်တွေအတွက် ဖြစ်တည်မှုကို ခြိမ်းခြောက်နေတဲ့ မကြုံဖူးသေးတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရပါတယ်။
ဒီအကြောင်းကို ပြည်သူတွေ သိရှိထားဖို့ လိုသလို၊ သတင်းထောက်တွေနဲ့ မီဒီယာသမားတွေဟာ ပြည်သူတွေကို သတင်းပေးဖို့နဲ့ အသိပညာပေးဖို့အတွက် အဓိက အခန်းကဏ္ဍမှာ ရှိနေပါတယ်။
ဒေသတွင်း၊ နိုင်ငံတွင်းနဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ သတင်းဌာနတွေအနေနဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်း၊ ဇီဝမျိုးကွဲတွေ ဆုံးရှုံးမှုနဲ့ သဘာဝပတ်ဝန်းကျင် မမျှတမှုတွေနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မီးမောင်းထိုးပြနိုင်ပါတယ်။
သူတို့ရဲ့ ရေးသားတင်ပြမှုတွေကတဆင့် ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ ဘေးအန္တရာယ်တွေအကြောင်း ပြည်သူတွေ နားလည်သိရှိလာပြီး၊ အပြောင်းအလဲတွေ လုပ်ဖို့ တွန်းအားတွေ ရလာကြသလို အခွင့်အာဏာတွေလည်း ရလာကြပါတယ်။
မီဒီယာသမားတွေကလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို မှတ်တမ်းတင်ကြပါတယ်။ နောက်ပြီး တာဝန်ရှိသူတွေကို အရေးယူနိုင်အောင် အထောက်အပံ့ဖြစ်စေမယ့် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှု အထောက်အထားတွေကိုလည်း သူတို့က ပေးကြပါတယ်။
တချို့ အင်အားကြီး ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက်တွေ သူတို့အလုပ် သူတို့ လုပ်ဆောင်တာကို တားဆီးဖို့အတွက် ဘာမဆို လုပ်ဆောင်သွားမယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
မီဒီယာလွတ်လပ်ခွင့်ဟာ တားဆီးပိတ်ပင် ခံနေရပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းရေးသားတာဟာ ပိုမို အန္တရာယ်များတဲ့ အလုပ်အကိုင်တစ်ခု ဖြစ်လာနေပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရားမဝင် သတ္တုတူးဖော်မှု၊ သစ်ခိုးထုတ်မှု၊ သဘာဝ တောရိုင်းတိရိစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ တခြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ထုတ်ဖော်ရေးသားကြတဲ့ သတင်းထောက် ဒါဇင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီလို ဖြစ်ရပ်အများစုမှာ ဘယ်သူမှ အရေးယူ ခံရတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စတွေကို ရေးသားတင်ပြခဲ့ကြတဲ့ သတင်းဌာနတွေနဲ့ သတင်းထောက်တွေကို တိုက်ခိုက်မှုပေါင်း ၇၅၀ လောက် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဥ်ကျေးမှုအဖွဲ့ UNESCO က ထုတ်ပြန်ထားပါတယ်။ နောက်ပြီး အဲဒီလိုတိုက်ခိုက်မှု အကြိမ်ရေကလည်း တိုးလာနေပါတယ်။
ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် သက်သေပြထားပြီးသား ဖြေရှင်းနည်းတွေကို အားနည်းပျက်ပြယ်စေတဲ့ ရာသီဥတုဆိုင်ရာ သတင်းတုတွေအပေါ် အာရုံစိုက်နေကြတဲ့ ကာလသစ်တခု ရောက်ရှိလာချိန်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းသမားတွေကို ထပ်တလဲလဲ တိုက်ခိုက်ဖို့၊ ဖမ်းဆီးထိန်းသိမ်းဖို့၊ အသံတိတ်အောင်လုပ်ဖို့နဲ့ ဆင်ဆာဖြတ်တောက်ဖို့အတွက် တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေကိုလည်း လျော်ကန်မှုမဲ့စွာ အသုံးချနေကြပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက်တွေဘဲ အန္တရာယ်ရှိနေတာတော့ မဟုတ်ပါဘူး။
ကမ္ဘာတစ်ဝန်း မီဒီယာသမားတွေဟာ စစ်ပွဲကနေ ဒီမိုကရေစီအဆုံး အခြေအနေအရပ်ရပ်မှာ သတင်းတွေ ရယူနိုင်ဖို့ ကြိုးစားရင်း သူတို့ရဲ့အသက်တွေကို စွန့်စားနေကြရပါတယ်။
ဂါဇာမှာရှိတဲ့ အစ္စရေး စစ်တပ် စစ်ဆင်ရေးတွေမှာ အသတ်ခံရတဲ့ သတင်းထောက် အရေအတွက် များပြားလာမှုအပေါ် ကျွန်တော် ထိတ်လန့် တုန်လှုပ်မိပါတယ်။
ကုလသမဂ္ဂအနေနဲ့ ပြည်သူတွေ သတင်းအချက်အလက်တွေသိရှိပြီး ထိတွေ့ဆက်ဆံစေနိုင်ဖို့အတွက် သတင်းထောက်တွေနဲ့ မီဒီယာ သမားတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အလုပ်ကို အသိအမှတ်ပြုပါတယ်။
သတင်းအချက်အလက်တွေ မရှိဘဲ သတင်းတု သတင်းမှားတွေကို ကျွန်တော်တို့ မတွန်းလှန်နိုင်ပါဘူး။ တာဝန်ယူမှု မရှိဘဲ ခိုင်မာတဲ့ မူဝါဒတွေ ရှိလာမှာ မဟုတ်ပါဘူး။
သတင်းလွတ်လပ်ခွင့် မရှိဘဲ ဘယ်လွတ်လပ်မှုမှ ရမှာ မဟုတ်ပါဘူး။
သတင်းလွတ်လပ်ခွင့်ဆိုတာ ရွေးချယ်မှုတစ်ခု မဟုတ်ပါဘူး။ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒီတော့ ကမ္ဘာတဝန်းမှာရှိတဲ့ မီဒီယာသမားတွေ၊ သတင်းထောက်တွေရဲ့ အခွင့်အရေးတွေနဲ့ သတင်းလွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရာမှာ ပူးပေါင်းပါဝင်ကြဖို့ အစိုးရတွေ၊ ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို တောင်းဆိုပါတယ်။