သတင်းထုတ်ပြန်ချက်

ဘေးကင်းလုံခြုံပြီး ကျား-မ တန်းတူညီမျှမှုရှိသော မြန်မာနိုင်ငံဖြစ်ပေါ်ရေးအတွက် အမျိုးသမီးနှင့် မိန်းကလေးငယ်များတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် အချိန်ရောက်ပြီ ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် မတ်လ ၀၈ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာတစ်လွှားတွင် ဂုဏ်ပြုကျင်းပကြသည့်အလျောက် မြန်မာနိုင်ငံ အနှံ့အပြားရှိ အမျိုးသမီးများသည်လည်း လူမှုဘဝ ကဏ္ဍပေါင်းစုံရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများနှင့် ချမ်းသာသုခအတွက် ဆက်လက် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်သည်။ စိန်ခေါ်မှု အခက်အခဲမျိုးစုံအကြား အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်သည့် အဖွဲ့အစည်းများသည် ကျား-မ တန်းတူညီမျှမှုနှင့် ထိခိုက်လွယ်ပြီး ဖယ်ကြဉ်ခံထားရသူများအတွက် အသက်ကယ်ဆယ်ရေး ကူညီပံ့ပိုးမှုများ ဖြည့်ဆည်းပေးရာတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နေကြသည်။ သို့သော် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှု များသည် အသိအမှတ်ပြုခံရခြင်းမရှိသလို ရန်ပုံငွေ‌ထောက်ပံ့မှုမှာလည်း စိုးရိမ်ဖွယ်ရာ လျော့ကျနေသည်။ 

မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ကံကြမ္မာအတွက် ခေါင်းဆောင်မှုနှင့် တက်ကြွစွာပါဝင်ဆောင်ရွက်မှုကို လက်တွေ့ပြသနေသည့်အတွက် ဤနေ့ဤရက်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ (UN) အဖွဲ့ကြီးက အမျိုးသမီးနှင့် မိန်းကလေးငယ်များနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ၎င်းတို့အား ဂုဏ်ပြုအပ်ပါသည်။ ၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက်  “အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံစို့” ဟူသည့် ကုလသမဂ္ဂ၏ ဆောင်ပုဒ်နှင့်အတူ ကျွန်ုပ်တို့ထောက်ခံရပ်တည်ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် အကြမ်းဖက်မှုမှ ကင်းဝေးပြီး ပညာရေးနှင့် တူညီသည့်အလုပ်အကိုင်အခွင့်အရေးများ ရရှိရေး ပံ့ပိုးကူညီရန်အတွက် ပို၍ ရင်းနှီးမြှုပ်နှံမှုပြုရန် တိုက်တွန်းတောင်းဆိုပါသည်။ 

အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံစို့

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနှင့် ဆိုင်ကလုန်းမိုခါကဲ့သို့ ပြင်းထန်ဆိုးရွားသည့် ရာသီဥတုဒဏ်များကြောင့် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၂၁ ခုနှစ်ကစ၍ နှစ်ဆ မြင့်တက်ခဲ့ပြီး၊ လူပေါင်း ၁၃ သန်းခန့် စားနပ်ရိက္ခာဖူလုံမှု မရှိသလို လူပေါင်း ၂.၆ သန်းခန့်သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်ခဲ့သည်။[1] အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ မသန်စွမ်းသူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများသည် ဖယ်ကြဉ်ခံရဆုံးသောလူများထဲတွင် ပါဝင်သည်။ အကျပ်အတည်းများကြောင့် ကျား-မ ကွာဟမှုကို သက်ဆိုးရှည်စေပြီး၊ လူကုန်ကူးမှု၊ ကျား-မ အခြေပြုအကြမ်းဖက်မှု(GBV)နှင့် အရွယ်မတိုင်မီ အဓမ္မလက်ထပ်စေခိုင်းမှု ခံရနိုင်ခြေ တိုးပွားလာခြင်းတို့ကြောင့် ၎င်းတို့သည် ဆင်းရဲနွမ်းပါးမှုဒဏ်နှင့် ဘေးကင်းလုံခြုံမှု မရှိခြင်း စသည့်ဝန်ထုပ်ဝန်ပိုးများကို စုပြုံခံကြရသည်။ 

ကျား-မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများအခွင့်အရေးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အတွင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်လမ်းစဉ်၌ အခြေခံကျသောအချက်ဖြစ်သည်။ သို့သော်လည်း ဆန့်ကျင်ဘက်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။ ကျား-မ တန်းတူညီမျှမှုနှင့်ပတ်သက်၍ ဆုတ်ယုတ်မှုများကို ကျွန်ုပ်တို့ မြင်တွေ့နေရသည့်အပြင် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရရှိခွင့်နှင့် အကြမ်းဖက်မှုကင်းသော ဘဝနေထိုင်မှုရရှိခွင့် စသည့်အခွင့်အရေးများနှင့်ပတ်သက်၍လည်း ဆုတ်ယုတ်ကျဆင်းနေသည်ကို မြင်တွေ့နေရသည်။ 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များ ရင်ဆိုင်ကြုံတွေ့ ရသည့် စိန်ခေါ်မှုများကို အားသစ်‌လောင်း အာရုံစိုက်အလေးထားရန်အချိန် ဖြစ်ပေသည်။ ၎င်းတို့၏ ရဲရင့်ပြီး ရဲစွမ်းသတ္တိရှိသော ခေါင်းဆောင်မှုနှင့် ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို အသိအမှတ်ပြုရန်နှင့် ရပ်တည်ကာကွယ်‌ပေးရန် အချိန်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးလှုံ့‌‌ဆော်ခြင်း၊ အထောက်အပံ့နှင့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးခြင်း၊ လူ့အခွင့်အရေးနှင့် ကျား-မ တန်းတူညီမျှမှုကို လေးစားရန်အတွက် စည်းရုံးလှုံ့ဆော်ခြင်းများတွင် ဦး‌ဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့် ရှည်လျားလှသည့်သမိုင်းကြောင်း ရှိပါသည်။ 

အမျိုးသမီးခေါင်းဆောင်တစ်ဦးချင်းစီနှင့် အမျိုးသမီးအဖွဲ့အစည်းများသည် အရင်းအမြစ် အထောက်အပံ့ နည်းပါးခြင်း၊ များပြားလှသော အလုပ်တာဝန်များ ရင်ဆိုင်ရခြင်းနှင့် ကိုယ်စိတ်နွမ်းနယ်ပင်ပန်းခြင်း၊ နေ့စဥ်ဘဝတွင် အွန်လိုင်းနှင့် ခြိမ်းခြောက်ခြင်းနှင့် အကြမ်းဖက်မှုများကို ကြုံတွေ့ရခြင်းအပါအဝင် ဝန်နှင့်အားမမျှဘဲ ကာယအား၊ ဉာဏအား နည်းမျိုးစုံဖြင့် ပေးဆပ်နေရသော်လည်း ဤလုပ်ငန်းကို ၎င်းတို့ ဆက်လက် ဆောင်ရွက်နေကြသည်။ 

မြန်မာနိုင်ငံတွင် အလွန်များပြားသည့် အံ့ဩဖွယ်အရေအတွက်ဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၉.၇ သန်း သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များရှိနေပြီး[2] တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရန်အတွက် အမျိုးသမီးရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ မရှိမဖြစ် အလွန်အရေးပါသည်။ ၎င်းတို့သည် မိမိတို့၏ အသိပညာနှင့် ကွန်ရက်ချိတ်ဆက်မှုများကို အသုံးပြု၍ ဝေးလံပြီး ရောက်ရန်ခဲယဉ်းသည့် ဒေသများရှိ လိုအပ်ချက်များရှိနေသော ပြည်သူလူထုများအတွက် အထောက်အပံ့များကို ဒေသအခြေအနေနှင့်အညီ အကျိုးရှိ ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ကြသည်။ သို့သော် မြန်မာနိုင်ငံတွင် တရားဝင်ဖွံ့ဖြိုးရေးအကူအညီများအနက်မှ ၀.၆၈ ရာခိုင်နှုန်း သာလျှင် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများထံသို့ ရောက်ရှိသည်။[3] ၎င်းတို့အနေဖြင့် ကုလသမဂ္ဂအေဂျင်စီအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ အရေးပေပံ့ပိုးကူညီမှုကို လိုအပ်ပြီး လိုက်လျောညီထွေရှိမှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို လက်လှမ်းမီရရှိရန် လိုအပ်သည်။ 

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ဆက်လက်ရပ်တည်ပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးပါမည်။ 

ကုလသမဂ္ဂနှင့် ကျွန်ုပ်တို့၏ ကြံ့ကြံ့ခံရပ်တည်ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားရေး မိတ်ဖက်အဖွဲ့အစည်းများ (ကွန်ရက်ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ကျယ်ပြန့်စွာရှိနေသည့် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများအပါအဝင်) သည် ယခင်နှစ်က အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ အနည်းဆုံး ၁.၇ သန်းအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြည့်ဆည်းနိုင်ခဲ့သည်။[4] ဤအကူအညီများတွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ဦးရေ ၁.၂ သန်းအတွက် အစားအစာအထောက်အပံ့ပေးခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၁ သန်းကျော်အတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုနှင့်၊ ကျား-မ အခြေပြုအကြမ်းဖက်မှုနှင့် မိုင်းအန္တရာယ်ကာကွယ်မှု အကူအညီများ ပေးနိုင်ခဲ့သည်။[5] ထို့အပြင် ကျွန်ုပ်တို့သည် အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၅၇၀,၀၀၀ ကျော်အတွက် ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) အကူအညီများ[6] ပေးနိုင်ခဲ့ကာ၊ ၎င်းတို့၏ ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်များအပါအဝင် ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကို ကောင်းစွာ စီမံလုပ်ကိုင်နိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့သည်။ 

ဤအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ကျောင်းပညာရေးပြီးမြောက်ရန် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ သင့်တော်ကောင်းမွန်ပြီး ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရရှိရေး၊ ကလေးယူမည့်အချိန်ကို ရွေးချယ်ပိုင်ခွင့်ရှိရေး၊ အကြမ်းဖက်မှုကင်းဝေးပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် လူမှုဘဝများ နေထိုင်နိုင်ရေး သေချာစွာဖြစ်ပေါ်လာစေရန်အတွက်  မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ပြီး ပံ့ပိုးကူညီမှုများပေးသွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားအပ်ပါသည်။ 

“အမျိုးသမီးများအခွင့်အရေး ဆောင်ရွက်ခြင်းသည် မျှတမှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောသော လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရာတွင် လက်တွေ့ကျသည့်လမ်းစဉ်ပါဘဲ”ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ယနေ့အလေးထား ပြောဆိုသွားသည့်စကားနှင့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ စီးပွားရေး၊ ဒီဂျစ်တယ်နည်းပညာ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဆောင်ရွက်ချက်များတွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှုကို အားပေးမြှင့်တင်ရန် အစီအစဉ်များ” တွင် ရင်းနှီးမြှုပ်နှံရန် ၎င်း၏ တိုက်တွန်းပန်ကြားမှုကို ကျွန်ုပ်တို့က ထပ်လောင်းပြောဆိုပါသည်။ 

အမျိုးသမီးနှင့် မိန်းကလေးငယ်များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ၎င်းတို့၏ အခွင့်အရေးများကို တိုးတက်စေရုံသာမက လူမှုအသိုက်အဝန်းတစ်ရပ်လုံးအတွက် ရေရှည်တည်တံ့သော လူမှုရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကိုပါ ဖန်တီးပေးရာရောက်သည်။  


 

[1]UN OCHA Myanmar Humanitarian Update No. 35, January 2024. Available online.

[2] Myanmar Humanitarian Needs and Response Plan 2024, UN OCHA, December 2023. Available online.

[3] OECD, 2021. Data available online

[4] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online

[5] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online.

[6] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online.

 

Alexandra Peard

အလက်ဇန်းဒရား ပီးရာဒ်

UN Women
ဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်သူ
Thein Zaw Win

သိန်းဇော်ဝင်း

UNFPA
သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေး အရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN Women
ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့
UN
ကုလသမဂ္ဂ
UNFPA
လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ