သတင်းထုတ်ပြန်ချက်

သုံးနှစ်မြောက် မြန်မာစစ်တပ်၏ အာဏာလွှဲပြောင်းရယူမှု အထိမ်းအမှတ်ဖြင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသူများအားလုံးကို လွှတ်ပေးရန် အိုင်အယ်လ်အို တောင်းဆို

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၀၁ ရက်။

  • တိုင်းပြည်အတွင်း၌ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် အလုပ်သမားသမဂ္ဂ၏ အခွင့်အရေးများ ထပ်တလဲလဲနှင့် တဖြည်းဖြည်း ဆုတ်ယုတ် လျော့ပါးလာမှုများအပေါ် အလွန်စိုးရိမ်ပူပန်ပါကြောင်း ပြောကြား။

ဂျီနီဗာ (အိုင်အယ်လ်အိုသတင်း) - မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာလွှဲပြောင်းရယူသည့် သုံးနှစ်မြောက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို)၏ ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ၎င်းတို့၏ နိုင်ငံသားလွတ်လပ်ခွင့်များကို ကျင့်သုံးခြင်းကြောင့်လည်းကောင်း၊ တရားဝင်အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူများကို ချက်ချင်း လွှတ်ပေးရန် ထပ်မံ၍ တောင်းဆိုလိုက်သည်။  

“မြန်မာနိုင်ငံ၏ အနာဂတ်ကောင်းစားရေးသည် ပြည့်ဝသော ဒီမိုကရေစီအုပ်ချုပ်မှုစနစ်သို့ ငြိမ်းချမ်းစွာ ကူးပြောင်းမှုအပေါ် မူတည်ပြီး၊ ၄င်းကို မတရားစွာ အကျဉ်းချခံထားရသူများ အားလုံးကို လွှတ်ပေးခြင်းနှင့် အစပြုပါသည်။ အကယ်၍ ၎င်းတို့နှင့် လွန်စွာမှ ထိုက်တန်သော လူမှုရေး တရားမျှတမှုအပေါ်၌ ခိုင်မာမြဲမြံစွာ ရပ်တည်ထားခြင်းမရှိလျှင် မြန်မာနိုင်ငံသားများအတွက် အနာဂတ် ရှိနိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။”

ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဦးသက်နှင်းအောင်၏ အမှုကို မီးမောင်းထိုးပြသည်။ အစီရင်ခံစာများအရ ၎င်းသည် အစောပိုင်း ပြစ်ဒဏ်ချမှတ်မှုကို ခံယူပြီးနောက် ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းလောက်၌ ထောင်ဒဏ် (ရ)နှစ် ချမှတ်ခံခဲ့ရသည်။   

သက်နှင်းအောင်အပေါ်  ပြစ်ဒဏ်ချမှတ်ခြင်းသည် အလွန်စိုးရိမ်ရသည့် အမှုတစ်ခု ဖြစ်သည်။ ထို့ပြင် အိုင်အယ်လ်အို စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လတ်တလောအစီရင်ခံစာ၌ အလေးထားဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၌ နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် အလုပ်သမားသမဂ္ဂများ၏ အခွင့်အရေးများ တဖြည်းဖြည်း ဆုတ်ယုတ်လျော့ပါးလာနေမှုများကို လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သက်နှင်းအောင်နှင့် တရားဝင် အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းအတွက် ဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို မေ့လျော့ထား၍ ရလိမ့်မည်မဟုတ်” ဟု Houngbo က ထည့်သွင်းပြောကြားသည်။

သက်နှင်းအောင်၏ အမှုကို အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ၌ တိကျသေချာစွာ ဖော်ပြထားသည်။ CoI ကို ၂၀၂၂ခုနှစ် မတ်လတွင် အိုင်အယ်လ်အို၏ အုပ်ချုပ်မှုအဖွဲ့ (Governing Body- GB)က ဖွဲ့စည်းပေးခဲ့ပြီး၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အကြမ်းဖက်မှု၊ နိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်များအား ပြင်းထန်စွာနှင့် ထပ်တလဲလဲ ချိုးဖောက်နေမှု၊ ပြန်လည်ဖြစ်ပွားလာသော အဓမ္မအလုပ်ခိုင်းစေမှုနှင့်ပတ်သက်သော အစီရင်ခံစာများကို စိစစ်အကဲဖြတ်ရန်အတွက် တာဝန်အပ်နှင်းခဲ့သည်။

သက်နှင်းအောင်၏ အကျဉ်းချထားခြင်းခံရမှုနှင့်အတူ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်များတို့၏ နိုင်ငံသားလွတ်လပ်ခွင့်များ လျော့ပါးဆုတ်ယုတ်နေမှု၊ အလုပ်သမားရေး လှုပ်ရှားမှုများကို အားနည်းလာအောင် ချိူးနှိမ်လုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိခြင်းများကို ၂၀၂၄ ခုနှစ် မတ်လ၌ ကျင်းပမည့် အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့၏ အစည်းအဝေး၌ CoI အစီရင်ခံစာ၏ နောက်ဆက်တွဲအဖြစ် တင်ပြသွားမည် ဖြစ်သည်။   

generic profile

စတိ(ဗ်) နီဒန်

ILO
အကြီးတန်း ဆက်သွယ်ရေးအရာရှိ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အိုင်အယ်(လ်)အိုရုံး။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ