သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချပြီး အစိုးရ ခေါင်းဆောင်များကို တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားမှု သုံးနှစ်ပြည့်မြောက်လာချိန်မှာ အရပ်သားပြည်သူများအပေါ် ကြီးမားသည့် သက်ရောက်မှုများနှင့်အတူ မြန်မာနိုင်ငံတွင်း အကျပ်အတည်းသည် ဆက်လက် ပိုမို ဆိုးရွားလာနေပါသည်။ စိတ်ထိခိုက်စရာကောင်းလှသည့် ဤနှစ်ပတ်လည်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားသည့် ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးတစ်ခုဆီကို ဦးတည်သည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ကြရန် အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုးပြလိုပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုပါသည်။ ဤအကျပ်အတည်းကို အားလုံးပါဝင် ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် သူတို့၏ လူ့အခွင့်အ‌‌ရေးများကို လွတ်လပ် ငြိမ်းချမ်းစွာ ကျင့်သုံးခံစားနိုင်ခွင့်ရရှိသည့် အခြေအနေများရှိရန် လိုအပ်ပါသည်။ အရပ်သားပြည်သူများကို ဦးတည်သည့် စစ်တပ်၏ အကြမ်းဖက် စစ်ဆင်ရေးနှင့် နိုင်ငံရေးဖိနှိပ်မှုများ အဆုံးသတ်ရမှာ ဖြစ်ပြီး၊  တာဝန်ရှိသူများအားလုံး တာဝန်ခံမှုရှိရပါမည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုး‌ဖောက်မှုများ ပြင်းထန်လာနေချိန်အတွင်း ရွေးကောက်ပွဲတွေဆီသို့ ဦးတည်သည့် စစ်တပ်၏ ထုတ်ဖော်ပြောဆိုထားသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း သူ၏ စိုးရိမ်မှုကို ထပ်မံပြောကြားပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ နိုင်ငံ့အာဏာမသိမ်းယူခင် လွန်ခဲ့သည့် သုံးနှစ်က အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသူဦးရေ တစ်သန်းနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ၁၈.၆ သန်း ရှိပြီဖြစ်ရာ နိုင်ငံ့ လူဦးရေ၏ သုံးပုံတစ်ပုံဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်များအတွက် အဟန့်အတားမရှိသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းများလည်း လိုအပ်ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာပြည်သူပြည်သားများကို ထောက်ပံ့ကူညီ‌ရေးအတွက် နိုင်ငံတကာနှင့် ‌ဒေသတွင်းမှ စဉ်ဆက်မပြတ် အာရုံစိုက်ကြရန်နှင့် ကျိုးကြောင်းဆီလျော်သည့် စုပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန်အတွက်လည်း တိုက်တွန်းပါသည်။ မြန်မာနိုင်ငံတွင် ‌ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးရန်အလို့ငှာ အာဆီယံနှင့် အခြားဒေသတွင်း လှုပ်ရှားဆောင်ရွက်သူများအပါအဝင် ပါဝင်ပတ်သက်သူအားလုံးနှင့် ဆက်လက် လက်တွဲ‌ဆောင်ရွက်ရန်လည်း သန္နိဌာန်ချထားပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် အားလုံးပါဝင်ပြီး ငြိမ်းချမ်းသော တရားမျှတသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို လိုလားတောင့်တနေသည့် မြန်မာပြည်သူပြည်သားများနှင့်အတူ တသားတည်း ရပ်တည်ပါသည်။ ထို့ပြင် ဘေးကင်းလုံခြုံရေး၊ အခြေခံအခွင့်အရေးများနှင့် ဂုဏ်သိက္ခာတို့အတွက် အန္တရာယ်များလှသည့် ခရီးလမ်းများကို စွန့်စားသွားနေကြသူ အရေအတွက် ပိုမိုများပြားလာနေသည့် ရိုဟင်ဂျာလူမျိုးစုများအပါအဝင် လူမှုအသိုက်အဝန်းများအားလုံးအတွက် ကာကွယ်စောင့်ရှောက်မှု ရရှိစေရန် လိုအပ်ကြောင်း အလေးပေးပြောကြားပါသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ