ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် တိုက်ပွဲများ အရှိန်မြင့်လာခြင်း အရေးပေါ်သတင်းအချက်အလက် အမှတ်စဉ် (၂)
အဓိကအချက်အလက်များ
မြန်မာ့တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအကြားတွင် အောက်တိုဘာလ ၂၆ ရက်မှစတင် ခဲ့သည့် တိုက်ပွဲများသည် အရှိန်မြင့်တက်နေဆဲဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိနေပါသည်။
• ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် ကရင်ပြည် နယ် တို့တွင် လူဦးရေ ၂၅၇၀၀ ဦးသည် လတ်တလော နေရပ်စွန့်ခွာ ခဲ့ရကြောင်း အစီရင်ခံထားပါသည်။
• ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် (၂၂) မြို့နယ် အနက် အနည်းဆုံး ၉ မြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လတ်တလော နေရပ် စွန့်ခွာရသူ အရေအတွက် ရုတ်တရက်များပြားလာပြီး၊ လူသားချင်း စာနာမှု လိုအပ်ချက်များလည်း မြင့်တက်လာ နေပါသည်။
• ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုင်ငံတွင်းနေရပ်စွန့်ခွာရသူ (IDPs) အရေအတွက်သည် ယခုအခါ ၃၇၄၀၀ ဦးအထိရှိလာပြီဖြစ်သည်။ ယခင်က နေရပ်စွန့်ခွာခဲ့ရသူ ၁၄၄၇၀ ဦးရှိနေပြီး၊ အရှိန်မြင့်လာသော တိုက်ပွဲများကြောင့် လတ်တလော နေရပ်စွန့်ခွာလာရသူ ၂၃၀၀၀ ဦး ထပ်တိုးလာခြင်းဖြစ်သည်။ ထို့ကြောင့် ယခင်ကပင် ရန်ပုံငွေလုံလောက် စွာ မရရှိခဲ့သော လူသားချင်းစာနာမှု တုံ့ပြန်ရေးလုပ်ငန်းများကို ပိုမိုကျပ်တည်းစေပါသည်။
• ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသော အဓိကလမ်းမကြီးများကို MAF နှင့် EAOs နှစ်ဖက် လုံးက စစ်ဆေးရေးဂိတ်များဖြင့် တားဆီးပိတ်ဆို့ထားပြီး၊ အနည်းဆုံးအားဖြင့် အရေးပါသော တံတားတစ်စင်း ဖျက်ဆီးခံထားရသည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့ရှိ ဒေသအများအပြားတွင် ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုများ လုံးဝနီးပါး ပြတ်တောက်မှုကို ရင်ဆိုင်နေရပါသည်။
• ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘာသာရေးအဖွဲ့အစည်းများနှင့် အိမ်ရှင်ရပ်ရွာလူထုတို့က အမိုးအကာ၊ စားနပ်ရိက္ခာ၊ ရေစသည့် လတ်တလောနှင့် အခြေခံအသက်ကယ်ဆယ်ရေးအကူအညီများကို ထောက်ပံ့လှူဒါန်းပေးနေကြသည်။ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများစွာတို့ကလည်း ရပ်ရွာလူထုများ၊ ပုဂ္ဂလိကအလှူရှင်များနှင့်အတူတွဲ၍ လတ်တလော နေရပ်စွန့်ခွာလာရသူ များအား ငွေကြေးအကူအညီ၊ အခြေခံစားနပ်ရိက္ခာနှင့် မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို တိုးချဲ့ထောက်ပံ့ပေး နေပါသည်။
• သို့ရာတွင် ထောက်ပံ့ပေးအပ်လိုက်သော အကူအညီများမှာ ကြီးမားလာသော လိုအပ်ချက်များကို ဖြည့်ဆည်းဖြေရှင်းရန် မလုံလောက်သေးဘဲ၊ ဝင်ရောက်ကူညီရေး/သွားလာရေးမှာလည်း အလွန်အမင်း ခက်ခဲနေဆဲဖြစ်ပါသည်။