သတင်းထုတ်ပြန်ချက်

ပိုမို ဆိုးရွားသော အကြမ်းဖက်မှုဆီသို့ မြန်မာနိုင်ငံ အထိန်းအကွပ်မဲ့ ကျဆင်းနေ - ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး

၂၀၂၃ ခုနှစ် ဇူလိုင်လ ၀၆ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

  • ၅၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ပြောကြားခဲ့သော မိန့်ခွန်း

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်ခုပြီးတစ်ခုကို ဤကောင်စီမှ ကြားနာခဲ့ပြီးဖြစ်ပါသည်။

နောက်ဆက်တွဲ နောက်ဆုံးရသတင်းများအရ မြန်မာပြည်သူများအနေဖြင့် ယခုထက် ပို၍ ဆင်းရဲဒုက္ခတို့ကို ခံနိုင်စွမ်းရှိဦးမည်ဟု မတွေးဝံ့တော့ပါ ။

ထို့ပြင် နိုင်ငံမှာ ပိုမို ဆိုးရွားသော အကြမ်းဖက်မှုနှင့် ကြေကွဲဖွယ်ရာ အဖြစ်ဆီသို့ပင် အထိန်းအကွပ်မဲ့ ကျဆင်းနေပါသည်။

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ပိုမို ကြီးပွားတိုးတက်သော အနာဂတ်အတွက် မြန်မာပြည်သူများ တစ်ချိန်က ဆုပ်ကိုင်ခဲ့သည့် မျှော်လင့်ချက်ကို စစ်ဗိုလ်ချုပ်ကြီးများနှင့် စု့ဖွဲထားသည့် စစ်အစိုးရမှ ပြီးခဲ့သည့် နှစ်-နှစ်ခွဲကျော်က လုယူသွားခဲ့ပါသည်။

အရပ်သားပြည်သူများသည် စနစ်တကျထိန်းချုပ်သည့်ဗျူဟာများ၊ အကြောက်တရားနှင့် စိုးရွံ့ ထိတ်လန့်မှုတို့အပေါ် အားထားသည့် စစ်အာဏာရှင်တို့၏ ဆန္ဒအတိုင်း နေထိုင်နေကြရသည်။

သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ကလေးငယ်များအပေါ်  ဖိနှပ်မှုများအပါအဝင်  ထိတ်လန့်ဖွယ် အကြမ်းဖက်မှုရဲ့ ပျက်စီးဆုံးရှုံးမှု ဒဏ်ကိုလည်း ခံနေရသည်။

အခြေအနေဟာ ထိန်းမရဖြစ်နေပါပြီ။

စီးပွားရေး ကျဆင်းနေပြီး၊ လူထုအများစု ခံစားနေရပြီးဖြစ်သည့် ဆင်းရဲမွဲတေမှု ပိုမို ဆိုးရွားလာနေသည်ကို မြင်တွေ့ရသည်။

သဘာဝသယံဇာတများကို အန္တရာယ်ရှိသည့်နှုန်းဖြင့် အမြတ်ထုတ်သုံးစွဲနေခြင်းကြောင့် ပြန်လည်အဖတ်ဆယ်လို့မရနိုင်တော့သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေပါသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် စာနယ်ဇင်းသမားများ၏ အသံများကလည်း ဖိနှိပ်ခံထား‌ရသည်။

တရားဥပဒေမဲ့ ဖမ်းဆီးခြင်း၊ တိတ်တဆိတ် ပျောက်ဆုံးသွားခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ ဆက်လက် ဖြစ်ပွားနေသည်။

ထို့ပြင် နယ်စပ်ဒေသများတွင် လူနည်းစုမျိုးနွယ်စုများသည် စစ်တပ်၏ ရက်စက်စွာ တိုက်ခိုက်မှုများကို ထပ်မံ ရင်ဆိုင်နေရသဖြင့်၊ ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ရရှိရေးအတွက် နိုင်ငံတကာနယ်စပ်မျဉ်းများကို ဖြတ်ကျော်သည့် လူဦးရေမှာ တိုးမြင့်နေသည်။

ရိုဟင်ဂျာ တစ်သန်းကျော်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျန်ရှိနေပြီး၊ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် နိမ့်ကျစွာနေထိုင်နေရသည်။ မြန်မာနိုင်ငံသို့ သူတို့ ပြန်လာဖို့ အခြေအနေများ မရှိသေးပါ။ သူတို့အား နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်သည့် သူတို့၏ဇာတိ ရခိုင်ပြည်နယ်တွင် စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျုးလွန်နေသည်။

စစ်တပ်က အာဏာရယူ ပြီးချိန်မှစ၍ မနေ့ကအထိ စစ်တပ်၏ လက်ချက်ကြောင့် သေဆုံးသူပေါင်း ၃,၇၄၇ ဦးရှိပြီး၊ လူပေါင်း ၂၃,၇၄၇ ဦး ဖမ်းဆီးခံထားရပြီးဖြစ်သည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်များက ဖော်ပြကြသည်။   ယင်းကိန်းဂဏန်းများသည် မှတ်တမ်းတင် အတည်ပြုနိုင်သည့် အနည်းဆုံး ကိန်းဂဏန်းကိုသာ ကိုယ်စားပြုခြင်းဖြစ်၍ အသေအပျောက် အရေအတွက် အစစ်အမှန်သည် ပိုမို များပြားဖွယ်ရှိသည်။

နေ့စဉ် စစ်တပ်၏ “ဖြတ်လေးဖြတ်” ဟုခေါ်သည့် ရက်စက်ကြမ်းကြုတ်သည့် ဗျူဟာသည် ထိခိုက်ပျက်စီးမှုများစွာကို ဆက်လက် ဖြစ်ပွားစေသည်။

ရွာလုံးကျွတ် မီးရှို့ခံရပြီး ရပ်ရွာပြည်သူများသည် အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် အသက်ကယ် အကူအညီများ မရရှိအောင် ပိတ်ပင်ခံထားရသည်။ အာဏာသိမ်းကတည်းက စစ်တပ်မှ နိုင်ငံတဝန်းရှိ နေအိမ် အနည်းဆုံး ၇၀,၀၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ၎င်းတို့ထဲက ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။ လူပေါင်း ၁.၅သန်းကျော်မှာ အဓမ္မ နေရပ်စွန့်ခွာနေထိုင်နေရပြီး၊ လူသားချင်းစာနာမှု အကူအညီ အနည်းငယ်သာ ရရှိကြသည်။

အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်များ ပျက်စီးပြီး၊ အသက်ပေါင်းများစွာ ဆုံးရှုံးနေသည်။ ယခုနှစ် ပထမ ခြောက်လအတွင်း လေကြောင်းမှ နေရာမရွေး ပစ်ခတ်တိုက်ခိုက်မှုများသည် ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဝတ်ပြုရာနေရာတို့အပါအ၀င် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့လည်း မြင့်တက်လာကြောင်း ကျွန်ုပ်၏ရုံးမှ အစီရင်ခံတင်ပြထားသည်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ် အများအပြား အပါအဝင် အရပ်သား ၁၆၈ ဦး သေဆုံးခဲ့သည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ သိသိသာသာ တိုးမြင့်လာပြီး၊ ယခုနှစ်အတွင်း  ၅၆၃ ကြိမ် ရှိရာ ယခင်နှစ် တိုက်ခိုက်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်သည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ သေဒဏ်စီရင်ခြင်း၊ ခေါင်းဖြတ်ကွပ်မျက်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ခြင်းနှင့် ဖျက်ဆီးခြင်း စသည့် ရက်စက်ကြမ်းကြုတ်ဆုံး ပုံစံများဖြင့် အကြိမ်ကြိမ် ကျူးလွန်မှုများကိုလည်း ကျွန်ုပ်၏ ရုံးမှ ဆက်လက် မှတ်တမ်းတင်ထားပါသည်။

ဤသည်မှာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေပါ အခြေခံမူများကို လုံးဝ အရေးမစိုက်ခြင်း ဖြစ်သည်။

ထို့ပြင် လူသားတို့အပေါ် လုံးလုံးလျားလျား လေးစားတန်ဖိုးထားမှုမရှိခြင်းကို ပြသခြင်းလည်းဖြစ်သည်။

ယနေ့ (ဇူလိုင်လ ၆ ရက်) နေ့က လူ့အခွင့်အရေးကောင်စီသို့ ကျွန်ုပ်တင်ပြသည့် အစီရင်ခံစာတွင် အရပ်သားပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်တပ်မှ စနစ်တကျ ငြင်းပယ်ထားမှုကို အလေးပေး ဖော်ပြထားပါသည်။ အကူအညီလိုအပ်နေသူများအား ထောက်ပံ့ကူညီမှု မရရှိရန်နှင့် လက်လှမ်းမမီနိုင်အောင် အသေအချာ စစ်တပ်မှ ဥပဒေ၊ ဘဏ္ဍာရေးနှင့် ဗျူရိုကရေစီဆိုင်ရာ အတားအဆီးများ ချမှတ်ထားပါသည်။

ဤအရေးပေါ်အကူအညီများကို ပိတ်ပင်တားဆီးခြင်းသည် တမင်တကာရည်ရွယ်ပြီး ပစ်မှတ်ထားလုပ်ဆောင်ခြင်း ဖြစ်ပြီး၊ ပြည်သူလူထု အများအပြားအတွက် အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အစီအစဥ်တကျ ငြင်းပယ်ထားခြင်းဖြစ်သည်။

နိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံသည် လုံလောက်သော အိမ်ယာ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် အလုပ်အကိုင် ရရှိရေး စသည့် အရေးပေါ် အကူအညီများ လိုအပ်နေသည့်အခြေအနေတွင် ဤကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်။

မေလလယ်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် မိုခါ ဆိုင်ကလုန်မုန်တိုင်းကျရောက်စဉ်က လွတ်လပ်သော လိုအပ်ချက်ဆိုင်ရာ အကဲဖြတ်မှုများကို စစ်တပ်မှ အပြင်းအထန် တားမြစ်ခဲ့ပြီး၊ သတင်းအချက်အလက် ရရှိရေးကိုလည်း တားဆီးပိတ်ပင်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်အားလုံးကို ဆိုင်းငံ့ခဲ့ပြီး၊ မုန်တိုင်းနှင့် ဆက်နွယ်မှုမရှိလျှင် အကူအညီဖြန့်ဝေပေးရေးတို့ကို ပြန်စရန် နောက်ဆုံးမှာ ခွင့်ပြုခဲ့သည်။

အရေးအကြီးဆုံးမှာ မိုခါ ဆိုင်ကလုန်မုန်တိုင်းနှင့် ဆက်နွယ်သည့် လူသားချင်းစာနာမှု အကူအညီများအတွက် ပေးချေမှုအားလုံးသည် စစ်တပ် ယန္တရားနဲ့ မဆောင်ရွက်မချင်း ရပ်တန့်နေခြင်းဖြစ်သည်။ ရိုဟင်ဂျာ သေဆုံးသူဦးရေနှင့်ပတ်သက်၍  စစ်တပ်က ထုတ်ပြန်ထားသည့် အရေအတွက်နှင့် ကွဲပြားသည့် အရေအတွက်များကို တင်ပြသူ မည်သူမဆို ဥပဒေကြောင်းအရ အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။ စစ်တပ်မှ သေဆုံးသူ ၁၁၆ ဦးဟု သတ်မှတ်ထားသော်လည်း ယင်းထက်ပိုများမည်ဟု ယုံကြည်ရပါသည်။

ယနေ့အထိ ဝင်ရောက်ခွင့် မရရှိခြင်းကြောင့် ရိုဟင်ဂျာ သေဆုံးသူ အရေအတွက်နှင့် အခြား ရပ်ရွာအသိုင်းအဝိုင်းမှ သေဆုံးသူ အရေအတွက်တို့ကို အတည်ပြုရန် မဖြစ်နိုင်သေးပါ။

လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများအပေါ် တိုက်ရိုက်တိုက်ခိုက်မှုများကို ကျွန်ုပ် ရှုတ်ချပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အများစုကို ပံ့ပိုးပေးအပ်နေသော ဒေသခံအဖွဲ့အစည်းများသည် ၎င်းတို့၏လုပ်ငန်းများဆောင်ရွက်ရာတွင် အကြီးမားဆုံးသော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ အာဏာသိမ်းသည့်အချိန်မှစ၍ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်း ၄၀ ဦးအထိ သတ်ဖြတ်ခံထားရပြီး ၂၀၀ ကျော်မှာ ဖမ်းဆီးခံရပြီးဖြစ်သည်။

ယိုယွင်းယိုင်နဲ့ပြီးသား ကျန်းမာရေးစနစ်သည် ယခုအခါ ဖရိုဖရဲ ဖြစ်နေပါပြီ။ အောက်ခြေအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများရှိသော်လည်း မြန်မာနိုင်ငံ အနှံ့အပြားသို့ ဆေးနှင့် အခြားဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခွင့်ကို တရားမဝင် တားမြစ်ပိတ်ပင်ထားမှုကြောင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှု လက်လှမ်းမီရရှိရေး လိုအပ်နေဆဲ ဖြစ်သည်။ 

လူပေါင်း ၁၅.၂ သန်းသည် အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရထောက်ပံ့မှုတို့ လိုအပ်နေပါသည်။ စားနပ်ရိက္ခာ ကုန်ဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်တွင် ၁၇၇ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး၊ ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှု၊ မြေယာ သိမ်းဆည်းမှု၊ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ၏ ကြီးမားသည့် အန္တရာယ် စသည်တို့ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှု ကျဆင်းနေပြီးဖြစ်သည်။

မြန်မာနိုင်ငံတဝန်းလုံးတွင် အတားအဆီးမရှိ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီခွင့် ယခင်ကထက် ပိုမို အရေးတကြီး လိုအပ်နေပါသည်။ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံချက်အတွက် ရန်ပုံငွေများ ထည့်ဝင်ကြရန်၊ လိုအပ်နေသူများထံ ရောက်ရှိရေး အပြင်းအထန် ကြိုးပမ်းနေသည့် မြေပြင်ရှိ ဒေသခံအဖွဲ့အစည်းများထံ တိုက်ရိုက်နှင့် လိုသလိုသုံးစွဲနိုင်သည့် ရန်ပုံငွေများ ထောက်ပံ့ရန် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုပါသည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အရ ဤအသိတရားမဲ့ အကြမ်းဖက်မှုကို ချက်ချင်း အဆုံးသတ်ရန် ထပ်လောင်းတောင်းဆိုပါသည်။

ရာထူးမှဖယ်ရှားခံရသည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံတဝန်းမှ ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ၁၉,၃၇၇ ဦးကို နှောင့်နှေးမှုမရှိ လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းပါသည်။

ဤအကျပ်အတည်းမှ လွတ်မြောက်နိုင်မည့် လမ်းကြောင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် အထူး  စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ ဥပ‌‌‌ဒေ ချိုးဖောက်မှုများကို တာ၀န်ခံမှု တာဝန်ယူမှု ရှိရမည့်အချက်အပေါ်တွင် အလေးအနက်ထားရပါမည်။ ဤအခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန် လုံခြုံရေးကောင်စီကို ကျွန်ုပ် တိုက်တွန်းပါသည်။ ကြာမြင့်စွာ ဖြစ်ပွားနေသည့် ဤအရေးပေါ်အခြေအနေအတွက် နိုင်ငံရေး ဖြေရှင်းမှုနည်းလမ်းတိုင်းတွင် တာဝန်ခံမှု တာဝန်ယူမှု ပါဝင်ရပါမည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ တစ်သန်းနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံ၊ ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိစွာ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အခြေအနေများ ရှိမှသာ သူတို့သဘောဆန္ဒအလျောက် နေရပ်ပြန်လာရေး ဖြစ်နိုင်မည်ဖြစ်သည်။ သူတို့၏ အခွင့်အရေးများကို အပြည့်အဝ  လေးစားလိုက်နာမှုရှိမှသာ ထိုကဲ့သို့ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရိုဟင်ဂျာများကိုယ်တိုင်သာ အဓိက ဆုံးဖြတ်ချက်ချသူများ ဖြစ်ရပါမည်။ အပြည့်အဝ သိရှိပြီး အမှန်တကယ် ဆန္ဒအလျောက် ရွေးချယ်ခြင်းဖြင့်သာ နေရပ်ပြန်လာရေး လုပ်ဆောင်ရပါမည်။

ဤကဏ္ဍနှင့်စပ်လျဉ်း၍ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် လက်ခံမည့် အသိုင်းအဝိုင်းများအား အကူအညီများပေးခြင်းနှင့် နိုင်ငံတကာ နယ်စပ်မျဉ်းများကို ဖြတ်ကျော်သူ အားလုံးအတွက် လုံလောက်သော အကာအကွယ်ပေးခြင်းတို့ကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဆက်လက် ဆောင်ရွက်ရပါမည်။

စစ်တပ်အပေါ် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုကို တားဆီးရန်နှင့် ရပ်တန့်ရန် နိုင်ငံအားလုံးအား ကျွန်ုပ် တောင်းဆိုပါသည်။ နိုင်ငံခြားငွေကြေး၊ လေယာဉ်ဆီနှင့် မြန်မာနိုင်ငံသားများအပေါ် တိုက်ခိုက်နိုင်သည့် တခြားနည်းလမ်းများကို စစ်ဗိုလ်ချုပ်ကြီးများ လက်လှမ်းမီမှုကို ကန့်သတ်ထားနိုင်ရန် ပစ်မှတ်ထားအရေးယူ ဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန်ကိုလည်း တောင်းဆိုအပ်ပါသည်။

ဤကောင်စီအနေဖြင့် စစ်တပ်အား ထောက်ပံ့ကူညီသည့် စီးပွားရေး အကျိုးစီးပွားများကို မည်သို့ ရှာဖွေဖော်ထုတ်ရမည်၊ အောင်မြင်အောင် မည်သို့လုပ်ဆောင်မည် စသည်တို့ကို စဉ်းစားတွေးခေါ်ရန် လိုပါသည်။

မြန်မာနိုင်ငံသားများအပေါ်ကျူးလွန်သည့် မြောက်မြားစွာသော ရာဇဝတ်မှုများထဲတွင် ဇွန်လ ၁၉ ရက်နေ့က စစ်တပ်မှ ပြည်သူ ၁၀၀ ကျော်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားသိရ၍ အမျက်ဒေါသထွက်မိပါသည်။ သူတို့၏ပြစ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့် မွေးနေ့ ကျင်းပရန် ပန်းဝယ်ခြင်း၊ ရောင်းချခြင်း၊ ယူဆောင်ခြင်း၊ သို့မဟုတ် ပန်ဆင်ခြင်းတို့ကြောင့် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်-နှစ်ခွဲကာလက ပိုမိုကောင်းမွန်သည့် အနာဂတ်ကို မျှော်လင့်နေခဲ့ကြသည့် မြန်မာနိုင်ငံသားများသည် ပန်းတစ်ပွင့် လက်ဝယ်ရှိခြင်းကို ရာဇဝတ်မှုအဖြစ်သတ်မှတ်သည့် ဖိနှိပ်သူတစ်ယောက်၏ ချုပ်ချယ်မှုကို ခံစားနေကြရသည်ဆိုသည်ကို တွေးကြည့်ဖို့ရာပင် ခက်ခဲပါသည်။

မြန်မာနိုင်ငံသားများသည် ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ပစ်ပယ်ခြင်းများကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့၏ အခြေခံ အခွင့်အရေးများကို လေးစားရန် တောင်းဆိုမှုကို မည်သည့်အခါကမှ မရပ်တန့်ခဲ့ပါ။ ဒီမိုကရေစီကျသည့် အနာဂတ်အတွက် ကြီးမားသည့် ပေးဆပ်မှုများအတွက်ကိုလည်း မရပ်တန့်ခဲ့ပါ။

ကျွန်ုပ်အနေဖြင့် မြန်မာနိုင်ငံသားများနှင့်အတူ တစ်သားတည်း ရပ်တည်ပါသည်။ သူတို့သည် နေ့ဓဒူဝ အကျပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင်နေခြင်းကြောင့် သူတို့၏ ခွန်အား၊ စိတ်ဓာတ်နှင့် ကြံကြံခံနိုင်စွမ်းတို့ကို ကျွန်ုပ် လေးစားဂုဏ်ပြုပါသည်။

ရိုဟင်ဂျာများသည် မြန်မာလူမျိုးများနှင့် နိုင်ငံ၏အနာဂတ်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားလိုပါသည်။

ဤအကျပ်အတည်းကို အဆုံးသတ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ လုံခြုံရေးကောင်စီ၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အပေါ် အမြင့်ဆုံး ဖိအားပေးရန် တာဝန်ရှိကြောင်း ကျွန်ုပ် သတိပေးပါသည်။

မြန်မာနိုင်ငံသားများ ကြေကွဲဖွယ်အခြေအနေမှ လွတ်မြောက်ရေးအတွက် နည်းလမ်းရှာဖွေရန်နှင့် လွတ်လပ်စွာ၊ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရန် လိုအပ်သည့် အခြေအနေအားလုံးကို ပြန်လည်ထူထောင်ရန် အရေးတကြီး လိုအပ်နေပါသည်။

ကျေးဇူးတင်ပါသည်။

 

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

OHCHR
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ