သတင်းထုတ်ပြန်ချက်

ကျွမ်းကျင်မှု - မရှိမဖြစ်ဆိုသော်လည်း တန်ဖိုးထားခြင်းမခံရပေ။ အိမ်အကူအလုပ်အကိုင်၏ ဝိရောဓိကို ဖြေရှင်းရန် အချိန်ကျပေပြီ

၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်။

အိမ်အကူအလုပ်သမားများသည် အိမ်တွင်း၌ ကျွမ်းကျင်မှုအရည်အချင်းဖြင့် လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင် နေရသော်လည်း ၄င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် လုပ်ခလစာနှင့် လုပ်ငန်းခွင်အခြေအနေများနှင့်ပတ်သက်၍ အမြဲတမ်း အသိအမှတ်ပြုမှုကို မရရှိကြပေ။ ၂၀၂၃ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ကျရောက်မည့် အိမ်အကူအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ILO- TRIANGLE in ASEAN စီမံချက်၏ နည်းပညာအကြံပေးအရာရှိချုပ် Anna Engblom က မည်သည့်အတွက်ကြောင့် အပြောင်းအလဲပြုလုပ်ရန် လိုအပ်သည်ကို ရှင်းပြထားပါသည်။

ခေါင်းစဉ်-ဖိလစ်ပိုင်ရှိ အိမ်အကူအလုပ်သမားများအတွက် သင့်လျော်သောအလုပ်။
ဓာတ်ပုံ - © ILO/J. Aliling 2015

အိမ်တွင်အချိန်ပေး၍ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ကလေးထိန်းခြင်း၊ ဥယျာဥ်ခြံ ပြုစုခြင်း၊ အဝတ်လျှော်ခြင်း၊ အိမ်ထိန်းသိမ်းခြင်း သို့မဟုတ် သက်ကြီးရွယ်အို သို့မဟုတ် မသန်စွမ်းသူများကို ပြုစုစောင့်ရှောက်ခြင်းများကို ပြုလုပ်ရသူ အများစုဖြစ်သည့် အမျိုးသမီးများက ဒီအလုပ်များသည် လူပင်ပန်းပြီး စိတ်ပိုင်းဆိုင်ရာနွမ်းနယ်မှုကို ဖြစ်စေသည့် အလုပ်တွေဖြစ်သည်ဟု သင့်ကို ပြောပြကြပါလိမ့်မည်။

၄င်းတို့က ဒီအလုပ်များသည် ကျွမ်းကျင်မှုရှိရန် လိုအပ်သော အလုပ်တွေဖြစ်ကြောင်းကိုလည်း ပြောပြကြပါလိမ့်မယ်။ အာဟာရ အမျိုးမျိုးလိုအပ်သည့် လူခြောက်ယောက်စာအတွက် ချက်ပြုတ်ရခြင်း၊ ကလေးငယ်တစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ရခြင်း ဒါမှမဟုတ် သက်ကြီးရွယ်အို မိဘတွေကို ပြုစုစောင့်ရှောက်ခြင်းတွေ ပြုလုပ်ရမည်ကို စဉ်းစားကြည့်ပါ။

အိမ်အကူအလုပ်သည် “အစဉ်အလာ” အရ လုပ်ခလစာမပေးရသောဝန်ဆောင်မှုတစ်ခုနှင့် ကိုဗစ်အလွန်တွင် ရေပန်းစား လာသည့် မရှိမဖြစ်လိုအပ်သော ပြုစုစောင့်ရှောက်ရေး လုပ်ငန်းကဏ္ဍ တစ်ရပ်အကြားတွင် ဖြစ်ပေါ်လျက်ရှိသည်။  ဤအညိုရောင်နယ်မြေတွင် အိမ်တွင်း ပြုစုစောင့်ရှောက်ခြင်း အပါအဝင် အိမ်အကူအလုပ်ကို လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သော ကျွမ်းကျင်မှုအရည်အသွေးများသည် အများအားဖြင့် ငြင်းပယ်ခံရလျက်ရှိပြီး အစဉ်အမြဲ တန်ဖိုးထားခြင်း မခံရပေ။  

ရလဒ်အားဖြင့် အာဆီယံဒေသတစ်ဝှမ်းရှိ အိမ်အကူအလုပ်သမား အများစုဖြစ်သော အမျိုးသမီးများနှင့် ရွှေ့ပြောင်း အလုပ်သမားများကို ကျွမ်းကျင်မှုနည်းပါးသည့် အလုပ်သမားများအဖြစ် သတ်မှတ်ထားကြသည်။ ရွှေ့ပြောင်းသွားလာခြင်း စနစ်များနှင့် ထိုလုပ်ငန်းကဏ္ဍအတွင်းရှိ လုပ်ငန်းခွင်အခြေအနေများက ထိုအရာများကို ထင်ဟပ်လျက်ရှိသည်။ ထို့ကြောင့် အိမ်အကူအလုပ်သမားအဖြစ် အလုပ်လုပ်ရန် ရောက်ရှိလာသူများသည် နည်းပါးသော လုပ်ခလစာနှင့် အကျိုးခံစားခွင့်များ ကိုသာ ရရှိကြပေသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ လတ်တလော လေ့လာမှုတစ်ရပ်သည် ရွှေ့ပြောင်းအိမ်အကူ အလုပ်သမားများ၏ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းခွင်အခြေအနေများကို အထူးပြု လေ့လာထားသည်။ အရှေ့တောင် အာရှတွင် အိမ်အကူအလုပ်သမားများ၏ ကျွမ်းကျင်မှုများကို မှတ်တမ်းယူခြင်းများ မည်သည့်အခါကမျှ ပြုလုပ်ခဲ့ခြင်း မရှိပေ။ ဤလေ့လာမှုက အိမ်များတွင် အိမ်အကူအလုပ်သမားများ လုပ်ဆောင်ရသည့် အရာများကို အပြည်ပြည်ဆိုင်ရာ အလုပ်အကိုင် အမျိုးအစားစံသတ်မှတ်ချက် (ISCO)နှင့် နှိုင်းယှဉ်မှု ပြုလုပ်ခဲ့ပြီး အိမ်အကူအလုပ်သမား အားလုံး နီးပါးသည် ကျွမ်းကျင်မှုနည်းပါးသောအဆင့်ထက် ပိုမိုကျော်လွန်သည့် ကျွမ်းကျင်မှုအလယ်အလတ်အဆင့်တွင် လုပ်ဆောင်နေကြသူ များ ဖြစ်ကြောင်းကို တွေ့ရှိရသည်။

ထို့အပြင် ရွှေ့ပြောင်းအိမ်အကူအလုပ်သမားများသည် အိမ်အကူအလုပ်အကိုင် သို့မဟုတ် ပြုစု စောင့်ရှောက်ခြင်းလုပ်ငန်း အတွက်သာမက လုပ်ငန်းခွင်အမျိုးမျိုး၌ အသုံးချနိုင်သည့် ဒေသန္တရ ဘာသာစကားပြောဆိုနိုင်ခြင်း၊ ရှင်းလင်းစွာ ဆက်သွယ်နိုင်ခြင်းနှင့် ၄င်းတို့ကိုယ်တိုင် သို့မဟုတ် အခြားသူများ၏ စိတ်ခံစားမှုများကို စီမံနိုင်ခြင်းများ အပါအဝင် အဓိကကျသော လွှဲပြောင်းအသုံးပြုနိုင်သည့် စွမ်းရည်များကိုလည်း အသုံးချလျက် ရှိသည်ကို လေ့လာတွေ့ရှိရသည်။

သို့သော်လည်း ဒေသတဝှမ်း၌ အိမ်အကူအလုပ်သမားများအတွက် ကျွမ်းကျင်မှုသင်တန်းများကို အစဉ်တစိုက် သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်းများ မရှိပေ။ ထိုလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင်၏ အဆင့်တိုင်းအတွက် အမှန်တကယ်ရှိနှင့်ပြီးသော ကျွမ်းကျင်မှုများ၊ ရှိရန်မျှော်လင့်ထားသော ကျွမ်းကျင်မှုများနှင့် လိုအပ်နေသော ကျွမ်းကျင်မှု များ၏ ကွဲပြားမှုအမျိုးမျိုးကို အသိအမှတ်ပြုမှု နည်းပါးလျက်ရှိသည်။ အလုပ်ရှင် အနည်းငယ်ကသာ ထိုအရာကို လိုအပ်ချက်တစ်ရပ်အဖြစ် မှတ်ယူထားကြသော်လည်း အိမ်အကူအလုပ်သမား အများအပြားကို အလုပ်အကိုင်အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများမရှိဘဲ ဆက်လက် အလုပ်ခန့်ထားလျက် ရှိကြသည်။ တချိန်တည်းတွင် အခြားကျွမ်းကျင်မှု ရှိသည့် အိမ်အကူအလုပ်သမားများ၏ ကျွမ်းကျင်မှုများကို အသိအမှတ် မပြုကြသည့်အတွက် ၄င်းတို့အတွက် ဖူလုံသော လုပ်ခလစာလည်း မရရှိကြပေ။

အိမ်အကူအလုပ်သမားများအတွက် ကျွမ်းကျင်မှုသတ်မှတ်ခြင်း အခွင့်အလမ်းများကို ထည့်သွင်းစဉ်းစားရာတွင် လုပ်သက် နှင့် လွှဲပြောင်းအသုံးပြုနိုင်သည့် အရည်အချင်းများကိုလည်း ထည့်သွင်း စဉ်းစားခြင်းဖြင့် ထိုသို့သော အသိအမှတ်ပြုမှုသည် လုပ်ခလစာနှင့် အလုပ်အကိုင် အခြေအနေများပေါ် သက်ရောက်မှုရှိစေမည်ဖြစ်သည်။ လက်လှမ်းမှီ၍ လွယ်ကူသော ရွှေ့ပြောင်းသွားလာခြင်း လမ်းကြောင်းများကလည်း ရေရှည်တွင် အိမ်အကူအလုပ်အကိုင်အတွက် အန္တရာယ်ဖြစ်စေ နိုင်ခြင်းကို လျော့ကျစေ၍ အလုပ်သမားများကို ပိုမိုဆွဲဆောင်နိုင်စေမည် ဖြစ်သည်။ ထိုသို့ပြုလုပ်ပါက ဒေသတဝှမ်းရှိ သန်းနှင့်ချီသော အလုပ်သမားများ၏ ဘဝများနှင့် အသက်မွေး ဝမ်းကြောင်းမှုများအတွက် ကြီးမားသော ခြားနားချက် တစ်ရပ်ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

အပြောင်းအလဲမှာ အမှန်အကယ်ပင် လိုအပ်လျက်ရှိသည်။ ဤသုတေသနတွင် စိတ်မကောင်းစရာ ဖြစ်ရသည့်အချက်မှာ အိမ်အကူအလုပ်သမားများ ရေရှည်ခံစားနေရသော လုပ်ခလစာ လျော့နည်းမှုနှင့် အဓမ္မအလုပ်ခိုင်းစေမှု အပါအဝင် အချို့သော အဆိုးရွားဆုံးလုပ်ငန်းခွင် အခြေအနေများကို ခံစားနေရဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ရွှေ့ပြောင်း အလုပ်သမားများအကြား အဓမ္မအလုပ်ခိုင်းစေခံရသည့်နှုန်းမှာ မလေးရှားနိုင်ငံတွင် ၂၉ ရာခိုင်နှုန်း၊ စင်္ကာပူနိုင်ငံတွင် ၇ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၄ ရာခိုင်နှုန်း ရှိသည်ဟု ခန့်မှန်းထားသည်။

ထို့ကြောင့် ဤအရာသည် ဝိရောဓိဖြစ်သည်။ အိမ်အကူအလုပ်အကိုင်သည် လူ့အဖွဲ့အစည်း လည်ပတ်စေရန် အထောက် အကူဖြစ်စေသော်လည်း အခြားအလုပ်ကိုင်များကဲ့သို့ တူညီသည့် ကာကွယ်စောင့်ရှောက်မှုများနှင့် မထိုက်တန်သည့် အလုပ်ဟု ယူဆနေဆဲဖြစ်သည်။ အိမ်အကူ အလုပ်အကိုင်သည် မရှိမဖြစ်အလုပ်အကိုင်ဖြစ်သော်လည်း အလုပ်၏ခက်ခဲ နက်နဲမှုမှာ ထင်သာမြင်သာ ရှိမနေသေးပေ။ အိမ်အကူအလုပ်သည် အခြားအလုပ်သမားများကို လွတ်လပ်စွာ အလုပ်သွား ရောက်လုပ်ကိုင်နိုင်စေသည့် အလုပ်အကိုင်ဖြစ်သော်လည်း အိမ်အကူ အလုပ်သမားများ၏ ကျွမ်းကျင်မှုများကိုမူ အသိအမှတ်ပြုမှုမှာ အနည်းငယ်သာ ရှိနေပေသေးသည်။

၂၀၁၁ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ILO က ပြဌာန်းခဲ့သော အိမ်အကူအလုပ်သမား ပြဌာန်းချက် (အမှတ် - ၁၈၉) သည် အိမ်အကူအလုပ်အကိုင်ကို အခြားအလုပ်အကိုင် အမျိုးအစားများနှင့် တန်းတူ ကာကွယ်စောင့်ရှောက် ပေးသင့်သည်ဟု သတ်မှတ်ပြီး နိုင်ငံတကာဥပဒေဖြင့် အသိအမှတ်ပြုခဲ့သည်။ အဓိပ္ပါယ်မှာ အနိမ့်ဆုံးလုပ်ခလစာ၊ အများဆုံးအလုပ်ချိန်၊ အချိန်ပိုလုပ်ခ၊ အားလပ်ရက်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် အခြားအရာများ လက်လှမ်းမှီရရှိရေးတို့ကို ဆိုလိုခြင်း ဖြစ်သည်။

အိမ်အကူအလုပ်သည် စွမ်းရည်မြှင့်တင်ခြင်းနှင့် ဂုဏ်သိက္ခာတို့အတွက် အရင်းအမြစ်တစ်ရပ် ဖြစ်သင့်သည်။ ဤအိမ်အကူ အလုပ်သမားများနေ့တွင် ILO သည် အလုပ်ရှင်များနှင့် အစိုးရများကို အိမ်အကူအလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် မိသားစုများနှင့် စီးပွားရေးများ ရှင်သန်မှုများအတွက် ၄င်းတို့၏ ပါဝင်ပံ့ပိုးပေးနေမှုများကို အသိအမှတ်ပြုရန် တောင်းဆို လိုက်သည်။ အိမ်အကူအလုပ်သမားများသည် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်သူများဖြစ်ပြီး ယခုအချိန်တွင် တဖန်ပြန်၍ ၄င်းတို့အတွက် အစဉ်အမြဲ ရရှိရန် ထိုက်တန်သည့် အသိအမှတ်ပြုမှုများနှင့် လိုအပ်သည့် ပံ့ပိုးမှုများ ပြန်လည် ရရှိမည့် အချိန်ဖြစ်ပါသည်။

ILO TRIANGLE in ASEAN စီမံချက်သည် သြစတြေးလျနိုင်ငံခြားရေးနှင့်ကုန်သွယ်မှုဌာန (DFAT)၊ ကနေဒါနိုင်ငံခြားရေးဌာန (GAC)နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)တို့အကြား မိတ်ဖက်ပြု ဆောင်ရွက်လျက်ရှိသော စီမံချက်တစ်ခုဖြစ်သည်။ TRIANGLE in ASEAN စီမံချက်သည် အာဆီယံအတွင်း သာတူညီမျှ အားလုံးအကျုံးဝင်သည့် တည်ငြိမ်သောတိုးတက်မှု ဖြစ်ထွန်းစေရန် လုပ်သားရွှေ့ပြောင်းသွားလာခြင်း၏ ပါဝင်ပံ့ပိုးမှုကို အမြှင့်ဆုံးမြှင့်တင် ဆောင်ရွက်ရန် ရည်မှန်း၍ နည်းပညာ ပံ့ပိုးကူညီပေးနေသည့် စီမံချက်ဖြစ်သည်။

generic profile

စတိ(ဗ်) နီဒန်

ILO
အကြီးတန်း ဆက်သွယ်ရေးအရာရှိ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အိုင်အယ်(လ်)အိုရုံး။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ