သတင်းထုတ်ပြန်ချက်

မုန်တိုင်းသင့် ရခိုင်ပြည်နယ်၌ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခွင့် ဆိုင်းငံ့ခံရ

၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

 မြန်မာ - မြန်မာနိုင်ငံ အနောက်ဘက်ကို အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်တိုက်ခဲ့ပြီး တစ်လအကြာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများသွားလာပေးခွင့်ကို ဆိုင်းငံ့လိုက်သည့်အတွက် မုန်တိုင်းသင့်ပြည်သူများထံ လူမှုကယ်ဆယ်ရေး အကူအညီဖြန့်ဝေပေးမှုများ လွန်စွာ ထိခိုက်လျက်ရှိပါသည်။

“ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ ဆောင်ရွက်ခဲ့တာ သီတင်း ၄ ပတ်ထဲ ဝင်လာပြီဖြစ်သလို မုတ်သုံရာသီ ဝင်ရောက်လာတဲ့အချိန်မှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးဖို့ သွားလာခွင့် ပိတ်ပင်ခံရတာကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်” လို့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)  ရာမာနသန် ဘလာခရှစ်နန် က ပြောပါတယ်။

မေလ ၁၄ ရက်နေ့ မုန်တိုင်းဝင်ခဲ့ပြီးချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း ကာလကြာမြင့်စွာကပင် လုပ်ငန်းဆောင်ရွက် လျက်ရှိသော အဖွဲ့အစည်းများက အကန့်သတ်ဖြင့်ရရှိထားသည့် ခရီးသွားလာခွင့်များဖြင့် ပိုမိုများပြားလာသည့် လူသားချင်းစာနာသော အကူအညီလိုအပ်သူများထံ အကူအညီများ ပေးပို့လျက်ရှိပါသည်။

မုန်တိုင်းဒဏ်သင့် ဒေသများရှိ လူဦးရေ ၁၁ဝ,ဝဝဝ ကျော်သည် အမိုးအကာများနှင့် တခြားကယ်ဆယ်ရေးပစ္စည်းများ လက်ခံရရှိထားပြီး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တစ်ခုတည်း၌ပင် လူပေါင်း ၃ဝဝ,ဝဝဝ နီးပါးထံ စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ခရီးသွားလာခွင့်ဆိုင်ရာ ဤဆုံးဖြတ်ချက်အသစ်သည် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ထိခိုက်နစ်နာစေပြီး အကူအညီပေးနေမှုများကို ဆိုင်းငံ့စေပါသည်။

“ဒီဆုံးဖြတ်ချက်ဟာ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက လာမယ့် သီတင်းပတ်တွေ၊ လတွေအတွင်း လူပေါင်း တစ်သန်းကျော်အတွက် လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ ပို့ပေးနိုင်ဖို့ စီစဥ်ထားချက်တွေကို ကြီးမားသောအဟန့်အတား ဖြစ်စေပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ အကူအညီတွေကို အလိုအပ်ဆုံးအချိန်မှာမှ ကျွန်တော်တို့ဟာ အစားအစာ၊ သောက်သုံးရေနဲ့ အမိုးအကာတွေ ဖြန့်ဖြူးပေးနေတာတွေကို ရပ်တန့်ခံခဲ့ရတာပါ” လို့ မစ္စတာ ဘလာခရှစ်နန်က  ဆိုပါတယ်။

မုန်တိုင်းဝင်ပြီးချိန်မှစ၍ ရခိုင်ပြည်နယ်နှင့် မုန်တိုင်းဒဏ်သင့် တခြားဒေသများသို့ အကူအညီများ ပိုမို ပေးအပ်နိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့များသည် ဆွေးနွေးညှိနှိုင်းမှုအများအပြား လုပ်ဆောင်ခဲ့ပါသည်။ နေပြည်တော်နှင့် ပြည်နယ်အဆင့် နှစ်ရပ်လုံး၌ အရေးပါသည့် ထိတွေ့ဆက်ဆံမှုများပြုအပြီး သယ်ယူပို့ဆောင်ရေး အစီအစဥ်များနှင့် ဖြန့်ဖြူးရေးတွေအတွက် ကနဦး ခွင့်ပြုမိန့်အပါအဝင် ယခုဇွန်လအတွင်း ပိုမိုကျယ်ပြန်သည့် ဖြန့်ဝေပို့ဆောင်မှုများအတွက် ထပ်ဆောင်းခရီးသွားလာခွင့်ပြုမိန့်များ ရရှိခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့ သွားလာခွင့်ပယ်ဖျက်ခံရပြီးနောက် ခွင့်ပြုချက်များထပ်မံရရှိဖို့ စောင့်ဆိုင်းနေရပြန်ပါသည်။ ချင်းပြည်နယ်၌ အလားတူ အကူအညီများ ဖြန့်ဝေရေးနှင့် သယ်ယူပို့ဆောင်ရေးများအတွက် ခွင့်ပြုမိန့်စောင့်ဆိုင်းနေရဆဲ ဖြစ်ပါသည်။

“သွားရောက်ကူညီခွင့် ပိတ်ပင်ခံရတာဟာ အမိုးအကာမရှိ၊  စားသောက်စရာမရှိသူတွေရဲ့ ဒုက္ခဆင်းရဲကို မလိုအပ်ပဲ ပိုမို ရှည်ကြာစေပါတယ်။ ဒါဟာ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အန္တရာယ်နဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားနိုင်မယ့် အန္တရာယ်ကိုပါ တိုးပွားစေတယ်” လို့ မစ္စတာ ဘလာခရှစ်နန်က ပြောပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အရေးတကြီး ပြန်လည် သုံးသပ်ပြီး၊ အကူအညီတွေ ဖြန့်ဝေပေးမှုတွေအတွက် ခွင့်ပြုထားတဲ့ ကနဦး ခွင့်ပြုချက်ကို ပြန်လည် ပြဌာန်းပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေကိုယ်စား ကျွန်တော် တိုက်တွန်းပါတယ်။ ဒါမှသာ အဆင်သင့်ပြင်ဆင်ထားရှိပြီး အကူအညီတွေကို အလွန်အမင်း လိုအပ်နေပြီး စောင့်ဆိုင်းနေရတဲ့ပြည်သူတွေဆီကို ရောက်ရှိအောင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်အား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် မိတ်ဖက် အဖွဲ့အစည်းများသည် မေလ ၂၃ ရက်နေ့၌ အရေးပေါ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်း တောင်းခံထားရာ ယနေ့အထိ ဒေါ်လာ ၁၀ ဒသမ ၃ သန်းသာ ရရှိထားပါသည်။

Lesly Lotha

လက်စ်လီ လိုသာ

RCO
ဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်သူ
Suhad Sakalla

Suhad Sakalla

OCHA
Humanitarian Affairs Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ