သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့၊ ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ရာတွင် လူမှုတရားမျှတမှုကို မြှင့်တင်ဆောင်ရွက်ရန် အိုင်အယ်လ်အို(မြန်မာ)က တိုက်တွန်း

၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် ကလေး (၁) သန်းကျော်အား အကူအညီပေးရန်အတွက် အရေးတကြီးဆောင်ရွက်မှု လိုအပ်သည်။ 

ခေါင်းစဉ်-ကလေးအလုပ်သမားပပျောက်ရေး အားလုံးအတွက်လူမှုတရားမျှတမှု ဖော်ဆောင်ပေး

ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘက်ပေါင်းစုံမှပါဝင်ပတ်သက်သူများအားလုံးမှ ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် အလုပ်လုပ်ကိုင်နေသည့်ကလေးများနှင့် ၎င်းတို့၏ မိသားစုများ လူမှုတရားမျှတမှုကို အသေအချာရရှိရေး တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ရန် အိုင်အယ်လ်အို (မြန်မာ)က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံတွင် အသက် (၅)နှစ်နှင့် (၁၇)နှစ်ကြားရှိ ကလေး (၁)သန်းကျော်သည် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရပြီး၊ ၎င်းတို့အနက် ထက်ဝက်ကျော်ခန့်သည် မိမိတို့၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများကို တိုက်ရိုက်ထိခိုက်နစ်နာစေနိုင်သော ဘေးအန္တရာယ်ရှိသည့်အလုပ်များကို လုပ်ကိုင်နေရသည်။

ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများသည် ကလေးများကို လုပ်ငန်းခွင်သို့ တွန်းပို့သည့် အဓိက အကြောင်းတရားများ ဖြစ်ပြီး၊ သင့်တော်ကောင်းမွန်သည့်အလုပ်အကိုင်နှင့် လူမှုတရားမျှတမှုက သာလျှင် ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းတရားများကို ကူညီဖြေရှင်းပေးနိုင်ကာ ကလေးများကို အလုပ်လုပ်ကိုင်ရခြင်းမှ ကင်းဝေးစေရန် ပံပိုးဆောင်ရွက်ပေးနိုင်သည်။

“လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေက အိမ်ထောင်မိသားစုတွေရဲ့ ထိခိုက်လွယ်တဲ့အခြေအနေကို ပိုမိုဆိုးရွားလာစေပြီး ကလေးအလုပ်သမားကို အားကိုးအားထားပြုရတဲ့အခြေအနေကို ဆိုက်ရောက်စေပါတယ်။ အထူးသဖြင့် အဆင်းရဲဆုံး မိသားစုတွေမှာရှိတဲ့ ကလေးတွေအပေါ် သက်ရောက်မှုက အဆိုးရွားဆုံးဖြစ်ပါတယ်။ ယခုအချိန်မှာ ကလေးတွေကို ပိုမိုကာကွယ်ပေးဖို့နဲ့ လူမှုတရားမျှတမှုကို မြှင့်တင်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အားလုံး ဒီထက်ပိုပြီး အတူတူ ကြိုးပမ်းအားစိုက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”  ဟု အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ဌာနေကိုယ်စားလှယ် Mr Donglin Li က ပြောကြားသည်။

ကလေးအလုပ်သမားပပျောက်ရေးသည် လူမှုတရားမျှတမှုရရှိရေး ရည်မှန်းချက်၏ အုတ်မြစ်ဖြစ်ကာ၊ ယင်းမှတဆင့် အလုပ်သမားတိုင်းသည် တူညီသည့်အခွင့်အလမ်းနှင့် ပြုမှုဆက်ဆံမှုအပေါ်အခြေခံ၍ မိမိတို့ အားထုတ်လုပ်ကိုင် ထောက်ပံ့ပေးခြင်းအားဖြင့် ဖြစ်ထွန်းလာသည့် ကြွယ်ဝဖွံ့ဖြိုးမှုများမှ သင့်တင့်မျှတသည့် ဝေစုကို လွတ်လပ်စွာ ရယူခံစားနိုင်သည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ရာတွင် အလုပ်သမားအားလုံးအတွက် သင့်တော်ကောင်းမွန်သောအလုပ်အကိုင်ရရှိရေးနှင့် အားလုံးအတွက် လူမှုတရားမျှတမှုရရှိရေး မြှင့်တင်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားခြင်းကို ထပ်လောင်းအတည်ပြုသည့် အနေဖြင့် အိုင်အယ်လ်အို (မြန်မာ)သည် ကလေးအလုပ်သမားဆိုင်ရာစီမံချက်များကို ဆောင်ရွက် လုပ်ကိုင်နေပါသည်။ ထိုစီမံချက်များအနေဖြင့်  ရပ်ရွာလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တက်ကြွ လှုပ်ရှားသူများနှင့် မိတ်ဖက်ဖွဲ့ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ရပ်ရွာအခြေပြုကလေးအလုပ်သမား လေ့လာစောင့်ကြည့်ရေးစနစ်တစ်ရပ်ကို ထူထောင်နိုင်ရန် ကူညီထောက်ပံ့ပေးလျှက်ရှိပြီး အလုပ်လုပ်ကိုင်လျက်ရှိသည့် သို့မဟုတ် ကလေးအလုပ်သမားဖြစ်နိုင်ချေ များသည့် ကလေးများနှင့် ၎င်းတို့၏မိသားစုများကို တိုက်ရိုက်ကူညီထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ လှုပ်ရှားဆောင်ရွက်မှုများ

ယခုနှစ်တွင်ကျရောက်သည့် ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ကလေးအလုပ်သမားပပျောက်ရေး အားလုံးအတွက်လူမှုတရားမျှတမှု ဖော်ဆောင်ပေး” ဆိုသည်နှင့်အညီ အိုင်အယ်လ်အို (မြန်မာ)သည် လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ သင်တန်းများနှင့် အသိပညာပေးမြှင့်တင်သည့် လှုပ်ရှား ဆောင်ရွက်မှုများကို မြန်မာနိုင်ငံအဝှမ်းတွင် ဩဂုတ်လအထိ လုပ်ဆောင်သွားမည်ဖြစ်သည်။

‘ဘောက်သမားလေး’ အမည်ရှိ ဓါတ်ပုံပြပွဲအား ဇွန်လ ၁၃ ရက်မှ ၁၇ ရက်အထိ Goethe-Institut Myanmar တွင် ခင်းကျင်းပြသသွားမည်ဖြစ်ပြီး၊ ‘တိမ်မြုပ်နေသော အိပ်မက်များနှင့် အသံများ’ အွန်လိုင်း စာစီစာကုံးပြိုင်ပွဲနှင့် ရပ်ရွာအခြေပြုအခမ်းအနားအစီအစဥ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တို့တွင် လာမည့်လများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အသေးစိတ်အစီအစဥ်များကို အိုင်အယ်လ်အိုမြန်မာ ဖေ့စ်ဘွတ်စာမျက်နှာ မှတစ်ဆင့် အသိပေးသွားမည်ဖြစ်သည်။

generic profile

စီလင်းဗနဲစာ

ILO
နည်းပညာအကြံပေးအရာရှိချုပ်၊ အိုင်အယ်လ်အို မြန်မာရုံး

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ