သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေရှ့်နိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်သည့်ရိုဟင်ဂျာများနေရပ်ပြန်ရေးဆိုင်ရာရှေ့ပြေး စီမံကိန်းနှင့်စပ်လျဥ်း၍ UNHCR ၏ ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်။

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြားပူးပေါင်းဆောင်ရွက်သော နေရပ်ပြန်ကိစ္စများ ဖြစ်ပေါ်လာနိုင် သည့် ရှေ့ပြေးစီမံကိန်းနှင့်ပတ်သက်၍ ဒုက္ခသည်တစ်စုနှင့်တွေ့ဆုံရန် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCRမှ သိရှိထားပါသည်။ UNHCR အနေဖြင့် အဆိုပါဆွေးနွေးပွဲများတွင်ပါ၀င်ပတ်သက်ခြင်းမရှိပါ။

ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံသို့ နေရပ်ပြန်ခြင်းကိစ္စနှင့်စပ်လျဥ်း၍ UNHCR ၏ သဘောထား ရပ်တည်ချက် သည် ပြောင်းလဲခြင်းမရှိပါ။ UNHCR ၏ဆန်းစစ်လေ့လာချက်အရ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ အခြေအနေများသည် လက်ရှိကာလတွင်ရိုဟင်ဂျာဒုက္ခသည်များအတွက် ရေရှည် တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေးဖြစ်ပေါ်စေနိုင်ခြင်းမရှိသေးပေ။ တစ်ချိန်တည်းမှာပင်၊ ဒုက္ခသည်တိုင်းသည် မိမိတို့ကောင်းစွာ သိရှိနားလည်သည့်ရွေးချယ်မှုအပေါ်အခြေခံ၍ မိမိတို့နေထိုင်ရာနိုင်ငံသို့ပြန်နိုင်ခွင့်ရှိသည်၊ သို့သော် အဆိုပါ ရွေးချယ်မှုအပေါ် မည်သည့်ဒုက္ခသည်ကိုမျှ အတင်းအကြပ်ဖိအားပေးခြင်းမပြုသင့်ကြောင်း ကျွန်ုပ်တို့ ထပ်လောင်းပြောကြားလိုပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိအကျပ်အတည်းအစပိုင်း ကာလမှပင် ရေရှည်တည်တံ့ပြီး၊ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရေး ဆိုင်ရာကတိကဝတ်ကို တစိုက်မတ်မတ် ထပ်လောင်းအတည်ပြုခဲ့သည်။

နေရပ်ပြန်ပိုင်ခွင့်နှင့်ပတ်သက်၍ သတိပြုနားလည်စွာဖြင့်ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူ ပြုသည့်အနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အခြေအနေများနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် များနှင့်အတူ ဘက်ပေါင်းစုံမှပါ၀င်သည့်တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းသည် ဒုက္ခသည်များ အနေဖြင့် ကောင်းမွန်စွာသိရှိနားလည်သည့်ရွေးချယ်မှုကို ပြုလုပ်စေနိုင်မည့်အပြင် အသိုင်းအ၀ိုင်းများအကြား ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက်လည်းအရေးပါသည်ဟု UNHCR မှထင်မြင်ယူဆပါသည်။ ဒုက္ခသည်များအနေဖြင့် မိမိတို့သည် မြန်မာနိုင်ငံသို့ပြန်လည်နေထိုင်နိုင်သည့် အခြေအနေများ ပေါ်ပေါက်လာပါက နေရပ်ပြန်ရန် မျှော်လင့်ထားကြောင်း ထပ်တလဲလဲပြောဆိုထားသည့်အတွက် ယင်းကိစ္စသည်လွန်စွာမှပင်အရေးကြီးပါသည်။

၂၀၁၇ခုနှစ် သြဂုတ်လ ဖြစ်ရပ်များဖြစ်ပွားပြီးနောက်၊ ဒုက္ခသည်များနေရပ်ပြန်ရန် ဆုံးဖြတ်သည့်အခါတွင် စီမံခန့်ခွဲရေးဆိုင်ရာအခက်အခဲများလျော့နည်းစေရန်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များ၏ မြန်မာနိုင်ငံရှိယခင်နေရပ်များကိုဆောလျင်စွာစိစစ်ရန် UNHCR မှ မြန်မာနိုင်ငံအစိုးရအား တစိုက်မတ်မတ်တိုက်တွန်းပြောဆိုလျက်ရှိသည်။

ထို့ကြောင့် UNHCR အနေဖြင့် ဒုက္ခသည်များအားလုံးကိုစိစစ်ဆန်းစစ်ခြင်းနှင့် နေရပ်ပြန်ခြင်းဖြစ်ပေါ်လာစေ နိုင်သည့် ကြိုးပမ်းဆောင်ရွက်မှုများအား ပံ့ပိုးကူညီပေးပါသည်။ မကြာသေးမီက လုပ်ထုံးလုပ်နည်းဆိုင်ရာ စိစစ်ရေးလုပ်ငန်းစဥ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် အဖွဲ့၀င်များအား ပို့ဆောင်ရေးဆိုင်ရာပံ့ပိုးကူညီပေးခြင်းသည်လည်းအပါအ၀င်ဖြစ်သည်။

ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့်ကောင်းမွန်စွာသိရှိနားလည်ပြီး မိမိသဘောဆန္ဒအလျောက်ဆုံးဖြတ်ချက် အပေါ်အခြေခံ၍ နေရပ်ပြန်ရန်ရွေးချယ်ဆုံးဖြတ်သောအခါ ယင်းတို့၏နေရပ်ပြန်ပိုင်ခွင့်အပေါ် ကောင်းမွန် သေချာစွာဖြစ်ပေါ်လာစေရေးအတွက် UNHCRသည် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ UNHCR အနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ဒုက္ခသည်များ ရေရှည်တည်တံ့ခိုင်မြဲစွာနေရပ်ပြန်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် အခြေအနေများ ဖန်တီးရန်ကြိုးပမ်းမှုများကိုလည်း ပံ့ပိုးကူညီပေးမည်ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း UNHCRသည် ဒုက္ခသည်များအတွက်နေရပ်ပြန်ခြင်းနှင့် ရေရှည်တည်တံ့သော ပြန်လည်ပေါင်းစည်းမှုကိုအထောက်အကူဖြစ်စေမည့် ကျွမ်းကျင်မှုနှင့်စွမ်းဆောင်ရည်တည်ဆောက်မှုဆိုင်ရာ ပံ့ပိုးကူညီမှုများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းအတွက် ၂၀၂၃ ပူးတွဲတုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်ကိုမကြာသေးမီက စတင်ခဲ့ပြီး၊  UNHCR မှ လောလောဆယ် ရန်ပုံငွေ၁၀ရာခိုင်နှုန်းရရှိနေသည့် အဆိုပါလုပ်ငန်းစဥ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ ခိုင်မာသောပံ့ပိုးကူညီမှုများရရှိရန် ဆက်လက် တောင်းဆိုထားပါသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNHCR
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ