သတင်းထုတ်ပြန်ချက်

အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်။

[Unofficial translation]

 

ဖေဖော်ဝါရီ (၁) ရက်သည် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားသော အရပ်သား အစိုးရအဖွဲ့ဝင်များကို မြန်မာစစ်တပ်မှ ဖြုတ်ချပြီး မိမိတို့၏သဘောဆန္ဒ အလျောက် ဖမ်းဆီးခဲ့သည့် (၂) နှစ်ပြည့်သောနေ့ ဖြစ်ပါသည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံရှိ ပြည်သူများနှင့် တစ်သားတည်း ဆက်လက် ရပ်တည်လျက်ရှိပြီး ၎င်းတို့၏ ဒီမိုကရေစီမျှော်မှန်းချက်ဖြစ်သော အားလုံးပါဝင်သည့် ငြိမ်းချမ်းပြီး တရားမျှတသော လူ့ဘောင် အဖွဲ့အစည်းနှင့် ရိုဟင်ဂျာအပါအဝင် လူမှုအသိုက်အဝန်း အားလုံးကို အကာအကွယ်ပေးရေး တို့အတွက် ဆက်လက် ပံ့ပိုးလျက်ရှိပါသည်။ အထွေထွေ အတွင်းရေးမှူးချုပ်က မည်သို့သော အကြမ်းဖက်မှုမျိုးကိုမဆို ရှုတ်ချပြီး ဖြစ်ပေါ် နေသော  ဘက်ပေါင်းစုံမှ အကျပ်အတည်းများသည် ပိုမိုဆိုးရွားလျက်ရှိရာ ဒေသတွင်း ပြင်းထန်သည့်  သက်ရောက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။

အထွေထွေအတွင်းရေးမှူးချုပ်သည်  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်ချမှတ်ခဲ့သည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂)အား အရေးကြီးသည့် ခြေလှမ်းတစ်ရပ်အဖြစ် ကြိုဆိုပြီး၊ နိုင်ငံတကာစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာရန် အရေးတကြီးလိုအပ်ကြောင်း အလေးပေး ပြောကြားပါသည်။ လုံခြုံရေးကောင်စီက တောင်းဆိုထားသည့်အတိုင်း အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်သည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ်နှင့် ပူးပေါင်း၍ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် ထိတွေ့ဆက်ဆံပြီး အကြမ်းဖက်မှုများ  အဆုံးသတ်ရန်နှင့် ဒီမိုကရေစီ နိုင်ငံတော်ဆီ ပြန်လည်ရောက်ရှိရေးအတွက် ပံ့ပိုးကူညီပေးမည်။

နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းထောက်များကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းတို့နှင့်အတူ ပိုမိုပြင်းထန်လာနေသော လေကြောင်းမှ ဗုံးကြဲမှုများ နှင့် အရပ်သားနေအိမ်များကို မီးရှို့မှုများဖြစ်ပေါ်နေသည့်ကြားမှ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမည့် ရည်ရွယ်ချက်အပေါ်  အထွေထွေအတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်လျက်ရှိသည်။ မြန်မာပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံရေးအခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးနိုင် သည့်အခြေအနေများမရှိလျှင် အဆိုပြုထားသော ရွေးကောက်ပွဲများသည် မတည်ငြိမ်မှုကို ပိုမို ဆိုးရွားစေနိုင်ပါသည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံအတွင်း ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ စတင်ခဲ့သည့် စစ်တပ်၏လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသည့် မြောက်များစွာသော ထိခိုက်နစ်နာမှုများကို ဖြေရှင်းမည်ဖြစ်ကြောင်း ကတိပြုပါသည်။ ဤသို့ ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန်အတွက် ထိခိုက်ခံရသည့်နေရာများ အားလုံးဆီသို့ အဟန့်အတားမရှိ သွားရောက်နိုင်ရန် လိုအပ်သည့်အပြင် ကုလသမဂ္ဂအဖွဲ့အစည်များ နှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးလုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။ မြန်မာပြည်သူပြည်သားများ၏ ဆန္ဒ၊ လိုအပ်ချက်များနှင့် ဒီမိုကရေစီ စံနှုန်းများကို လေးစားလိုက်နာ သင့်ကြောင်းကို စစ်တပ် ခေါင်းဆောင်ပိုင်းအား တိုက်တွန်း‌ပေးရန်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် အခြားသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အထွေထွေ အတွင်းရေးမှူးချုပ်က နှိုးဆော်လိုက်ပါသည်။

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ