မြန်မာနိုင်ငံရှိ ဝေးလံခေါင်သီသောဒေသများမှနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ကူညီခြင်းအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းအား ဂုဏ်ပြုချီးကျူးခဲ့ခြင်း
ပဋိပက္ခကြောင့်နေရပ်စွန့်ခွာရသူများကိုကူညီပေးခြင်းနှင့်စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့အတွက်မိတ်ဆွေမြန်မာသည်၂၀၂၂နန်ဆန်ဆု၏အာရှ-ပစိဖိတ်ဒေသဆိုင်ရာဆုကိုရရှိခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သည့် လားရှိုးမြို့ရှိ ခုခံအားကျဆင်းသည့်ရောဂါကူးစက်ခံထား ရသူများနေထိုင်ရာ မေတ္တာမေမေဂေဟာသို့ရောက်ရှိလာသည့် နော်ဘွေခူ(၅၄)နှစ်ကို ပျော်ရွှင်မှုအတိဖြင့် ပြည့်စုံသည့်အပြုံးများဖြင့်ကြိုဆိုနှုတ်ဆက်ကြသည်။ ဤငြိမ်းချမ်းသောခိုလှုံရာနေရာကို ကူညီစောင့်ရှောက် ပေးနေသည့်အဖွဲ့အစည်းကိုဦးဆောင်သူနှင့်တည်ထောင်သူဖြစ်သည့်သူမကို ထိုနေရာတွင်နေထိုင်ကြသည့် အမျိုးသမီးများနှင့်ကလေးသူငယ်များကနော်စနိုး (စနိုးသည် ဘွေဟူသည့်အမည်အား အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားခြင်းဖြစ်) အနေဖြင့်သိရှိကြသည်။
နွေးထွေးဖော်ရွေသည့်အမူအရာဖြင့်ပြုမူပြောဆိုလေ့ရှိသည့် သူနာပြုသင်တန်းဆင်းတစ်ဦးဖြစ်သည့်သူမသည် “လူသားတိုင်းအတွက်မိတ်ဆွေ”ဟူသည့်အဓိပ္ပါယ်ကိုဖော်ဆောင်သည့် မိတ်ဆွေမြန်မာဟူသောချစ်စနိုးအမည်ကို အဖွဲ့စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်နှစ်ခန့်ကရရှိပိုင်ဆိုင်ခဲ့ပြီး၊ သူမ၏ကနဦးရည်ရွယ်ချက်မှာ ခုခံအားကျဆင်းမှုရောဂါကူးစက်ခံထားရသည့်အမျိုးသမီးများနှင့် ကလေးသူငယ်များအား ARTကုထုံးဖြင့်ကုသပေး ခြင်းဖြင့် လူတိုင်းသက်တမ်းစေ့နေနိုင်ရန်ကူညီစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ခိုလှုံနေထိုင်ရာနေရာပံ့ပိုးကူညီ ပေးနိုင်ရန်အတွက်ဖြစ်သည်။
အိမ်တွင်းအကြမ်းဖက်မှုကို နှစ်ပေါင်းများစွာကြံ့ကြံ့ခံခဲ့ရပြီးနောက် နော်ဘွေခူသည် အလားတူအခြေအနေမျိုး ရင်ဆိုင်ကြုံတွေ့နေရသည့်အမျိုးသမီးများကို ကူညီပံ့ပိုးပေးချင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ခင်ပွန်းဖြစ်သူကွယ်လွန် ပြီးနောက် မိတ်ဆွေမြန်မာစတင်မတည်ထောင်မီခင်ကာလအတွင်း သူမသည် ခုခံအားကျဆင်းမှုရောဂါကူးစက်ခံ ထားရသည့်ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်ပေးသည့် INGO တစ်ခုတွင် နှစ်နှစ်ကြာအလုပ်လုပ်ခဲ့သည်။ ကနဦး၌ လားရှိုးမြို့တွင်ဂေဟာမတည်ထောင်ခင်အချိန်က အမျိုးသမီးများအား သူမ၏ကိုယ်ပိုင်နေအိမ်တွင် ခေါ်ယူစောင့်ရှောက်ထားခဲ့ပြီး နောင်တွင်ဂေဟာအဖြစ်သို့ပြောင်းလဲခဲ့သည်။
“ကျွန်မအရင်လိုနေခဲ့ရတဲ့ဘဝကနေကင်းလွတ်ခဲ့ပြီးနောက် ခုခံအားကျဆင်းမှုရောဂါကူးစက်ခံထားရတဲ့ အမျိုးသမီးတွေကိုကူညီပေးချင်ခဲ့ပါတယ်”ဟု သူမကပြန်ပြောင်းပြောဆိုခဲ့သည်။ “သူတို့ကို ကျွန်မအိမ်ကို မကြာခဏခေါ်လာတယ်၊ လက်ခံတယ်၊ ကျွန်မစားတဲ့အထဲက သူတို့မျှဝေပေးတယ်။ ကျွန်မသူတို့ကို အသက်ရှည်ရှည် နေစေချင်တယ်၊ သူတို့ရဲ့အိပ်မက်တွေကိုဖြည့်ဆည်းပေးချင်တယ်။”
ဤအဖွဲ့အစည်းအနေဖြင့် ကျေးရွာနှင့်သီးခြားလူမှုအသိုက်အ၀န်းများတွင် လူနာဦးရေတိုးပွားလာမှုကို ကူညီ စောင့်ရှောက်ရန်စတင်ခဲ့သော်လည်း၊ ကျေးရွာအများအပြားတွင် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့သော အခြေခံဝန်ဆောင်မှုများ လက်လှမ်းမမီနိုင်သည်ကို နော်ဘွေခူး သတိပြုမိခဲ့သည်။ သူမအနေဖြင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု၊ ပညာရေးနှင့်၀င်ငွေရလုပ်ငန်းများကို ပံ့ပိုးကူညီပေးနိုင်ရန်အတွက် မိတ်ဆွေမြန်မာ၏လုပ်ငန်းအစီအစဉ်များကို တဖြည်းဖြည်း ချဲ့ထွင်လုပ်ဆောင်ခဲ့သည်။
“မိတ်ဆွေမြန်မာရဲ့အလုပ်ကလိုအပ်ချက်တွေကိုကူညီဖြေရှင်းဖို့အတွက်ပါပဲဟု၎င်းကရှင်းပြသည်။"ကျွန်မတို့တွေ့ရှိလာတဲ့လိုအပ်ချက်များအပေါ်မူတည်ပြီး ကျွန်မတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်နိုင်မဲ့နယ်မြေ အနေအထား တွေကို တစ်ဆင့်ပြီးတစ်ဆင့် ချဲ့ထွင်ဆောင်ရွက်ပါတယ်။"
၂၀၁၅ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဆယ်စုနှစ်များစွာကြာညောင်းခဲ့သည့်လက်နက်ကိုင်ပဋိပက္ခများ သိသိသာသာပြင်းထန်လာခဲ့ပြီး လူထောင်ပေါင်းများစွာနေရပ်စွန့်ခွာခဲ့ကြရသည်။ ပြည်တွင်းနေရပ်စွန့်ခွာသူများ နေထိုင်ရာစခန်းများရှိရာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရောက်ရှိနေချိန်တွင် ကျေးရွာများ၌သာ ဘေးကင်းလုံခြုံမှုကိုရှာဖွေနေရသည့်သူများသည် အကူအညီအနည်းငယ်မျှသာရရှိခြင်း သို့မဟုတ် လုံး၀မရရှိခြင်းတို့ကိုတွေ့ကြုံနေရကြောင်းနော်ဘွေခူသတိပြုမိခဲ့သည်။ “လက်ခံကူညီပေးတဲ့ ကျေးရွာတွေမှာနေထိုင်နေရသူတွေက အမေ့လျော့ခံခဲ့ရတယ်”ဟု သူမကဆိုသည်။
ပံ့ပိုးကူညီမှုများအရှိန်မြှင့်တင်ဆောင်ရွက်လာရသဖြင့် မိတ်ဆွေမြန်မာသည် ၎င်း၏ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုများ၊ သူငယ်ချင်းများနှင့် ဆွေမျိုးများထံမှစုစည်းထားသော စုပေါင်းပါ၀င်ထားသည့် ရံပုံငွေများကို အသုံးပြု၍ အရေးပေါ်တုံ့ပြန်ကူညီရေးနှင့် ကျေးရွာများတွင်ခိုလှုံနေထိုင်နေသည့်နေရပ်စွန့်ခွာသူများအတွက် အစားအသောက်နှင့်အခြေခံအိမ်သုံးပစ္စည်းများဖြန့်ဝေပေးခဲ့သည်။နော်ဘွေခူးသည်နေရပ်စွန့်ခွာနေထိုင်ရသူများကို ကူညီပံ့ပိုးပေးနေသည့် လူမှုအသိုက်အဝန်းများအတွက် နိုင်ငံတကာအကူအညီများ ပိုမိုခွဲဝေချထား ပေးရန် လည်း တိုက်တွန်းလှုံ့ဆော်ခဲ့သည်။
ယနေ့ မိတ်ဆွေမြန်မာသည် အရှေ့တောင်ဘက်တွင်ကရင်ပြည်နယ်နှင့် မြောက်ဘက်တွင် ရှမ်းပြည်နယ်မှ အနောက်ဘက်တွင်ရခိုင်ပြည်နယ်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိ နေရာပေါင်း၃၀၀နီးပါးတွင် ပြည်တွင်းနေရပ်စွန့်ခွာရသူများ၊ ၎င်းတို့အားလက်ခံကူညီပေးသည့် လူမှုအသိုက်အ၀န်းများနှင့်အခြားသော ထိခိုက်လွယ်သည့်အုပ်စုများအားပံ့ပိုးကူညီရန်အတွက် လုပ်ငန်းပေါင်းများစွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်ရသူများအားကူညီပံ့ပိုးရန်အတွက် ဝေးလံခေါင်ဖျားဒေသများ၌သို့ပင် ရောက်ရှိ နိုင်အောင် ပြင်းပြသည့်စိတ်ဆန္ဒဖြင့်မဆုတ်မနစ်အားထုတ်လုပ်ဆောင်မှုများကြောင့်၊ အတင်းအကျပ်နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူများနှင့် နိုင်ငံမဲ့နေသူများအားကူညီစောင့်ရောက်ရန်ရွပ်ရွပ်ချွံချွံကြိုးပမ်းအားထုတ် လုပ်ဆောင်နေသူများအား ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအေဂျင်စီ UNHCR မှ နှစ်စဥ်ဂုဏ်ပြုချီးမြှင့်သည့် UNHCR Nansen Refugee Award 2022 ၏ အာရှပစိဖိတ်ဒေသဆိုင်ရာဆုရှင်အဖြစ် မိတ်ဆွေမြန်မာအား ရွေးချယ် ချီးမြှင့်ခြင်းခံခဲ့ရသည်။
နောက်ခံအခြေအနေမျိုးစုံနှင့် တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့ပါ၀င်သည့် ဝန်ထမ်းပေါင်း ၇၇ဦးဖြင့် ဖွဲ့စည်း ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မိတ်ဆွေမြန်မာ၏လုပ်ငန်းဆောင်ရွက်မှုများသည် ၂၀၂၁ခုနှစ်အတွင်း လူပေါင်း ၂၅,၀၀၀ခန့်ကိုတိုက်ရိုက်အကျိုးပြုနိုင်ခဲ့သည်။ ယင်းလုပ်ဆောင်မှုများသည် COVID-19 ကပ်ရောဂါနှင့် ထိုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့်အာဏာသိမ်းမှုတို့ကြောင့် ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ္ဍာရေးနှင့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်ကြားမှပင်လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့ရဲ့ဝန်ထမ်းများအားလုံးက ခွဲခြားဖယ်ကြဥ်ခံရသူများအားကူညီထောက်ပံ့မှုများပေးရန်၊ လူမျိုးနှင့် ဘာသာအားလုံးကိုလေးစားရန်၊ အားလုံးကိုတန်းတူရည်တူဆက်ဆံရန်နှင့် ကလေးများနှင့် အမျိုးသမီးများ၏လိုအပ်ချက်များကို ဦးစားပေးလုပ်ဆောင်ရန်စတဲ့အခြေခံစည်းမျည်းလေးချက်အတိုင်း လိုက်နာ ဆောင်ရွက်ကြရတယ်” ဟု နော်ဘွေခူက ဆိုသည်။
သူမသည် သူမ၏ဝန်ထမ်းများမှ အခြားအကူအညီများ မရောက်ရှိနိုင်သည့် ကျေးရွာများသို့အကူအညီများ ပေးပို့နိုင်ရန် စွမ်းဆောင်နိုင်ခဲ့သည့် မိတ်ဆွေမြန်မာ၏အောင်မြင်မှုကို အလေးထားအသိအမှတ်ပြုပါသည်။ “ကျွန်မတို့က နှလုံးသားနဲ့ပဲအလုပ်လုပ်ပါတယ်”ဟု သူမကဆိုပါသည်။ “ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ ဘယ်လိုစိန်ခေါ်မှုတွေပဲ ရှိရှိ ရပ်ရွာရဲ့ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုကိုရရှိထားပြီးဖြစ်လို့ ကျွန်မတို့လုပ်နိုင်မှာပါ”
မိတ်ဆွေမြန်မာ၏အောင်မြင်မှုများသည် အလုပ်အပေါ်စူးစိုက်နှစ်မြှုပ်လုပ်ကိုင်နေသည့်၄င်း၏၀န်ထမ်းများအပြင် နေရပ်စွန့်ခွာနှင့်ပဋိပက္ခဒဏ်ခံလူမှုအသိုက်အ၀န်းများအား နောင်တစ်ချိန်တွင်ယင်းတို့ကိုယ်တိုင်မိမိကိုယ်မိမိကူညီ စောင့်ရှောက်နိုင်စွမ်းရှိစေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်ပေးခဲ့သည့် နော်ဘွေခူ၏ပြင်းပြသည့် ဇွဲသတ္တိကြောင့်ပင်ဖြစ်သည်။
“ကျွန်မတို့ သူတို့ကို အမြဲတစေကူညီထောက်ပံ့ပေးဖို့ဆိုတာမဖြစ်နိုင်ဘူး” ဟု သူမက ဆိုသည်။ "ဒါကြောင့် လည်း ကျွန်မတို့က နည်းပညာပိုင်းဆိုင်ရာအထောက်အကူတွေကိုလဲ ကူညီပံ့ပိုးပေးတဲ့အတွက် သူတို့ဟာ သူတို့ဘာသာ သူတို့ ကောင်းကောင်းမွန်မွန်ကြံ့ခိုင်သန်စွမ်းနိုင်မှာဖြစ်တယ်။"
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် နမ္မဘောဒကျေးရွာမှ နေရပ်စွန့်ခွာနေထိုင်သူ အမျိုးသမီး ၁၀ ဦးနှင့် ဒေသခံရွာသား ၁၁ ဦးတို့ တက်ရောက်ခဲ့သည့်စက်ချုပ်သင်တန်းစီမံကိန်းသည် မိတ်ဆွေမြန်မာမှပံ့ပိုးကူညီပေးသည့်လုပ်ငန်းများ အနက် တစ်စိတ်တစ်ဒေသဖြစ်ပြီး သင်တန်းသားများအနေဖြင့် ၎င်းတို့၏မိသားစုများ အတွက် ဝင်ငွေရ လုပ်ငန်း တစ်ခု အနေဖြင့်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သင်တန်းသူအမျိုးသမီးများမှ ယင်းတို့ချုပ်လုပ်လျက်ရှိသည့် အထည်များကို နော်ဘွေခူအားစိတ်အားထက်သန်စွာဖြင့်ပြသလျက်ရှိသည်။
“ဒီလိုမျိုး မိတ်ဆွေမြန်မာရဲ့အထောက်အပံ့ရတာ အရမ်းကောင်းတယ်လို့ထင်ပါတယ်”ဟု ရွာတွင်နေထိုင်သော နေရပ်စွန့်ခွာအမျိုးသမီးတစ်ဦးဖြစ်သည့် နိုးလာရှေက ပြောသည်။ “အရင်ကဆို ကျွန်မတို့ အခုလို အတွေ့အကြုံမျိုး လုံး၀မရဖူးဘူး။”
မိတ်ဆွေမြန်မာ၏စွမ်းဆောင်ရည်မြှင့်တင်ပေးသည့်ဆောင်ရွက်မှုများသည် အခက်အခဲကျရောက်သည့် အချိန် ကာလများတွင် ကနဦးတုံ့ပြန်ကူညီမှုဆောင်ရွက်ပေးလေ့ရှိကြသည့် ဒေသခံရပ်ရွာလူထုအခြေပြုနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများထံသို့လည်းဖြန့်ကျက်ကူညီပံ့ပိုးပေးခဲ့သည်။
ရပ်ရွာလူထု၏လိုအပ်ချက်ကိုအသိအမှတ်ပြုသည့်အနေဖြင့် နေရပ်စွန့်ခွာပြည်သူများရောက်ရှိလာပါက လျင်မြန်စွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် အဖွဲ့အစည်းအနေဖြင့် အခြေခံလူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ တုံ့ပြန်ကူညီမှုများကိုမည်သို့လုပ်ဆောင်ရမည်ကိုလေ့ကျင့်သင်ကြားပေးပါသည်။ ထို့အပြင် အဖွဲ့အနေဖြင့် အရေးတကြီးလိုအပ်သည့်အရင်းအမြစ်များကိုပံ့ပိုးကူညီပေးနိုင်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒေသခံ အဖွဲ့အစည်းများအကြားတွင်လည်း ပေါင်းကူးတံတားတစ်စင်းအနေဖြင့် ဆက်သွယ်ဆောင်ရွက်ပေးပါသည်။
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင်လုပ်ငန်းလုပ်ဆောင်နေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် အိုမ်တမာဝ်းအသင်းအတွက် မိတ်ဆွေမြန်မာ၏သင်တန်းတွေများသည် တန်ဖိုးမဖြတ်နိုင်ပေ။ ကုန်းမြင့်ဒေသမှ ပြည်သူများအတွက်ကျန်းမာရေးဆိုင်ရာအကူအညီများပံ့ပိုးကူညီပေးနိုင်ရန်ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ သော်လည်း၊ ယခုအခါတွင် အိုမ်တမာဝ်းအသင်းအနေဖြင့် ပဋိပက္ခကြောင့်နေရပ်စွန့်ခွာလာခဲ့ရသူများအား အရေးပေါ်အကူအညီများ ပံ့ပိုးကူညီပေးနိုင်ရန်တိုးချဲ့လုပ်ကိုင်လာခဲ့သည်။
“သစ်တစ်ပင်ကောင်းရင်ငှက်တစ်သောင်းနားနိုင်တယ်”ဆိုတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ မိတ်ဆွေမြန်မာ ဆိုတာ အရိပ်ရသစ်ပင်ကြီးတစ်ပင်လိုပါပဲ၊ ကျွန်တော်တို့လို အသင်းအဖွဲ့တွေကို ယုံကြည်ချက်ရှိရှိ စွမ်းဆောင်ရည် အပြည့်နဲ့ဆောင်ရွက်နိုင်တဲ့စွမ်းရည်ရှိအောင်ပံ့ပိုးပေးနေပါတယ်ဟု အိုမ်တမာဝ်းအသင်း အထွေထွေအတွင်းရေးမှူး မိုင်းရဲဝင်းအောင်က ပြောသည်။
နော်ဘွေခူသည် လူမှုအသိုက်အဝန်းများကို ပိုမိုကူညီနိုင်စေရန် မိတ်ဆွေမြန်မာ၏လုပ်ဆောင်နိုင်မှုကို ဆက်လက်တိုးချဲ့သွားရန် သန္နိဋ္ဌာန်ချထားပါသည်။ “လူသားတိုင်းရသင့်ရထိုက်တဲ့အခွင့်အရေးတွေရရှိဖို့ ကျွန်မတို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု သူမကဆိုသည်။ “မိတ်ဆွေမြန်မာရဲ့လိုဂိုမှာ ချိုးငှက်နဲ့လှေငယ်တစ်စင်းကို ပြသထားတယ်။ အဲဒီလှေလေးပေါ်မှာလူတွေကိုတတ်နိုင်သလောက် ကူညီပေးဖို့ရည်ရွယ်ထားပါတယ်။ သူတို့ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်အောင် ကူညီပေးမယ်။”
ဓာတ်ပုံနှင့် ဗီဒီယို အပါအဝင် နောက်ထပ် Nansen ဇာတ်လမ်းများအတွက် ဤနေရာတွင် ကျေးဇူးပြု၍ ဝင်ရောက်ကြည့်ရှုပါ။