လှိုင်းဘွဲ့မြို့ကနေထွက်ပြီး ဆယ့်လေးမိုင်ခန့်အလွန် ကျဉ်းမြောင်းပြီး ရွှံ့နွံထူတဲ့ ကျေးရွာချင်းဆက်လမ်းလေးကနေ လေးမိုင်လောက် ဆက်သွားလိုက်ရင်တော့ မဲပရာအထက်ပိုင်း ရွာလေးကို ရောက်ရှိမှာဖြစ်ပါတယ်။
တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုနံဘေးက လယ်ကွင်းတွေနဲ့ တောင်တန်းတွေဝန်းရံပြီး တည်ရှိနေတဲ့ ဒီရွာလေးမှာ အိမ်ခြေ ၂၁၉ လုံးရှိပြီး လူဦးရေ ၁၂၀၀ ခန့် နေထိုင်ကြပါတယ်။ နေထိုင်သူအများစုကတော့ ကရင်လူမျိုးတွေဖြစ်ပြီးတော့ မိသားစုပုံမှန်ဝင်ငွေအနေနဲ့တော့ စပါးစိုက်ပျိုးထုတ်လုပ်တာကနေ အဓိကဝင်ငွေ ရရှိကြပါတယ်။
မဲပရာအထက်ပိုင်းရွာလေးဟာ အစဉ်အဆက်ကတည်းက ကရင်အမျိုးသားအစည်းအရုံးရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့တာပါ။ ဒီရွာလေးဟာ အသွင်အပြင်အရငြိမ်းချမ်းပြီးလှပတဲ့ သဘာဝပတ်ဝန်းကျင်အနေအထားကို ပိုင်ဆိုင်ထားရသော်လည်း ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံ တပ်ရင်းတို့နဲ့ မြန်မာစစ်တပ်တို့အကြား ထိပ်တိုက်ထိတွေ့မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ကျေးရွာနေပြည်သူတွေကတော့ လက်နက်ကိုင်ပဋိပက္ခတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း နေ့စဉ်ဘဝကို ကြိုးစားဖြတ်သန်းနေကြပါတယ်။
ကျေးရွာနေပြည်သူတွေက လက်နက်ကိုင်ပဋိပက္ခဒဏ်တွေအပြင် ဒုတိယအခက်အခဲတစ်ခုကိုလည်း ရင်ဆိုင်ကြရပါတယ်။ ဒါကတော့ အခြောက်သွေ့ဆုံးကာလတွေဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ သောက်သုံးရေ ပြတ်လပ်မှုကို နှစ်စဉ်နှစ်တိုင်းကို ဆိုးဆိုးရွားရွား ကြုံတွေ့ရတာပဲဖြစ်ပါတယ်။ အရင်က ရွာသူရွာသားတွေဟာ ရေတွင်းငယ်တွေနဲ့ လက်ယက်တွင်း တိမ်တိမ်လေးတွေကို အားထားခဲ့ရပါတယ်။ ဒီရေတွင်းတွေကလည်း နွေရာသီအပူချိန်ပြင်းထန်လွန်းချိန်မှာ မြေအောက်ရေလွှာက တဖြည်းဖြည်းနိမ့်သွားတာမို့ ခန်းခြောက်ကုန်ကြပါတယ်။ နောက်ထပ်တစ်ခုတည်းသော အားထားရာက ရွာကလေးနဘေးမှာ ပတ်ပြီးစီးဆင်းနေတဲ့စမ်းချောင်းကရေပါ။ ဒါပေမဲ့ ဒီစမ်းချောင်းရေကလည်း လယ်ကွင်းတွေကနေ စီးဝင်တဲ့ရေတွေကြောင့် မသန့်ရှင်းတော့ဘူးဆိုတဲ့အကြောင်း ကျေးရွာရေကော်မတီအဖွဲ့ခေါင်းဆောင် ဦးဘအေးက ရှင်းပြပါတယ်။ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေနဲ့ တောင်သူတွေအသုံးပြုလိုက်တဲ့ ပိုးသတ်ဆေးတွေ ပါဝင်တဲ့ရေတွေဖြစ်တာကြောင့် သောက်သုံးရန်မသင့်တော်တာဖြစ်ပါတယ်။
မဲပရာအထက်ပိုင်းကျေးရွာသားတွေက ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် တောင်ကြောတစ်လျောက်ကနေ ပိုက်လိုင်းတွေနဲ့သွယ်တန်းပြီး စိမ့်စမ်းရေသွယ်စနစ်ကို တည်ဆောက်ခဲ့ကြပါတယ်။ ရေသိုလှောင်ဖို့အတွက်လည်း ရေလှောင်ကန်တွေကို ကိုယ်ထူကိုယ်ထ ဆောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ တတ်သလောက် မှတ်သလောက် နည်းပညာကိုသုံးပြီး ရွာကလူတွေနဲ့ပဲသွယ်တန်းထားရတာမို့ ကျေးရွာတစ်ခုလုံးအတွက် လုံလောက်အောင် ရေမပေးဝေနိုင်ခဲ့ပါဘူး။
၂၀၂၂ ခုနှစ် အစောပိုင်းမှာ ယူနီဆက်နဲ့ အာဒရာမြန်မာ Adventist Development and Relief Agency (ADRA Myanmar) အဖွဲ့များက ဒီနယ်မြေအတွင်းမှာရှိတဲ့ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး လိုအပ်ချက်တွေကို အသေးစိတ်လေ့လာပြီး လိုအပ်ချက်များကို ဖော်ထုတ်ခဲ့ကြပါတယ် ။ လိုအပ်ချက်များကိုသာ အခြေခံသည့် တွေ့ရှိချက်များအရ ရေပေးဝေရေးစနစ်ကို အဆင့်မြှင့်ပေးဖို့အတွက် မဲပရာအထက်ပိုင်းရွာကို ရွေးချယ်ခဲ့ကြပါတယ်။
“အခု ကျွန်တော်တို့ရွာက မိသားစုတွေ အချိန်မရွေး ရေသုံးလို့ရပြီ။ “ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရော ကလေးတွေပါ ရေသွားခပ်ဖို့မလိုတော့ဘူး။ သူတို့ရေလိုတဲ့အချိန် ဘုံပိုင်ဖွင့်လိုက်ရုံပဲ။ ယူနီဆက်နဲ့ အာဒရာမြန်မာ က သွယ်ပေးတဲ့ ရေပိုက်လိုင်းတွေက ရေအထွက်ကောင်းတော့ တစ်နှစ်ပါတ်လုံး ရေအလုံအလောက်သုံးလို့ရနေပြီ” လို့ ဦးဘအေးက ပြောပြပါတယ်။
ဒေသခံမိသားစုတွေကလည်း အသစ်မြှင့်တင်သွယ်တန်းထားတဲ့ ရေပေးဝေရေးစနစ်ကို သဘောကျနေကြပါတယ်။ “ကျွန်မတို့အရင်ကဆို အလုပ်လုပ်ပြီးပြန်လာတဲ့အချိန်မှာ စမ်းချောင်းကရေကို ခပ်လာခဲ့ကြရတယ်။ ဒါပေမဲ့ ဒါကအရင်တုန်းကပါ။ အခုတော့ ကျွန်မတို့အိမ်ကို သွယ်ပေးထားတဲ့ ရေပိုက်လိုင်းကနေ ရေရနေပြီ” လို့ အသက် ၆၇ နှစ်အရွယ် ဒေါ်ဒါမူဘူက ဆိုပါတယ်။
ယူနီဆက်နဲ့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေက လှိုင်းဘွဲ့မြို့ရှိ ကျေးရွာရှစ်ရွာမှ ကလေးငယ် ၂,၅၀၀ ဦးအပါအဝင် လူဦးရေ ၆,၁၀၀ နီးပါးခန့်ကို သန့်ရှင်းတဲ့ သောက်သုံးရေပေးဝေနိုင်ဖို့အတွက် စိတ်ချရတဲ့ ရေပေးစနစ်များကို တည်ဆောက်ပေးခဲ့ပါတယ်။
နော်ဖေနော်က အခုဆိုရင် အဝေးကြီးကို လမ်းလျှောက်ပြီး ရေသွားခပ်စရာမလိုတော့ဘဲ မိမိအိမ်အနီးအနားမှာရှိတဲ့ ပိုက်လိုင်းကရေကိုပဲ သားငယ်ဖြစ်သူကို ရေချိုးပေးနိုင်ပြီဖြစ်တဲ့အတွက် ဝမ်းသာနေပါတယ်။ “အရင်ကဆို ရွာထဲကရေတွင်းတွေကနေ ရေခပ်ဖို့ အချိန်အကြာကြီး ပေးရတယ်။ အခုဆို ကျွန်မတို့အိမ်မှာ ရေပိုက်လိုင်းသွယ်ပြီးပြီဆိုတော့ ရေသွားခပ်စရာမလိုတော့ဘူး။ ဒီတော့ ကျွန်မကလေးတွေနဲ့ မိသားစုကို စောင့်ရှောက်ဖို့ အချိန်ပိုရသွားတာပေါ့” လို့ သူကပြောပါပါတယ်။