မြန်မာနိုင်ငံရှိ လူထုအသိုက်အဝန်းများကို ပံ့ပိုးပေးနိုင်ဖို့ လူသားချင်းစာနာထောက်ထားရေး ဝန်ထမ်းများ ပိုမိုအားထုတ်ကြိုးပမ်း
“ကမ္ဘာကြီးက မြန်မာကို မမေ့ထားပါနဲ့”
*ဤဆောင်းပါးရှိ အမည်အားလုံးကို ကိုယ်ရေးလုံခြုံမှုရှိစေရန်အတွက် ပြောင်းလဲထားပါသည်။
“ကျွန်မတို့ကလေးတွေကို နာကျင်စရာကောင်းတဲ့ အနေအထားမျိုးနဲ့ တွေ့နေရလို့ ကျွန်မပိုပြီး ကြိုးကြိုးစားစားလုပ်ဖို့ တွန်းအားဖြစ်လာတယ်” လို့ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ထမ်းတစ်ဦးဖြစ်သူ မရှာမြာ*က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ကလေးငယ်ရာပေါင်းများစွာဟာ ပြန်ပေးဆွဲခံရတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လူသစ်စုဆောင်းခံရတာ၊ ဖမ်းဆီးခံရတာအပြင် မြေမြှုပ်မိုင်းတွေနဲ့ လက်နက်ကြီးတွေကြောင့် အသက်ဆုံးရှုံးတာတွေ ကြုံတွေ့နေကြရပါတယ်။ ကလေးသူငယ်အများစုက အခြေခံလူမှုဝန်ဆောင်မှုတွေ လက်လှမ်းမီမရရှိကြသလို သန်းပေါင်းများစွာသောကလေးငယ်တွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာအေဂျင်စီတွေက များစွာလိုအပ်နေကြတဲ့ အကူအညီများပေးနိုင်ဖို့အတွက် ပြည်တွင်းအဖွဲ့အစည်းတွေနဲ့လက်တွဲပြီး မြေပြင်မှာလက်တွေ့ပံ့ပိုးမှုများ ပေးနေကြပါတယ်။
မြန်မာနိုင်ငံကဖြစ်တဲ့ မရှာမြာရဲ့တာဝန်ကတော့ ကလေးသူငယ်တွေအပေါ် ဆိုးရွားပြင်းထန်တဲ့ ချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာပြီး သတင်းပေးပို့အစီရင်ခံဖို့အပြင် ကလေးသူငယ်တွေနဲ့ မိသားစုတွေကို တုံ့ပြန်ဖြေရှင်းရေး၊ ပံ့ပိုးရေးဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးရတာဖြစ်ပါတယ်။ သူက မကြာသေးမီကပဲ ပြန်ပေးဆွဲခံရတဲ့ ကလေးနှစ်ဦးလွတ်မြောက်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့အစည်းက အခြားသော ကလေးငယ်ထောင်ပေါင်းများစွာအတွက် လုပ်ဆောင်ပေးခဲ့ပြီး ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ၊ ငွေကြေးပံ့ပိုးမှုနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ခဲ့ရတဲ့ အခြားဖြစ်ရပ်တွေလည်း ရှိပါသေးတယ်။
ပြန်ပေးဆွဲခံခဲ့ရတဲ့ ယောက်ျားလေး လေးယောက်ကို မိလ္လာကျင်းထဲမှာ သေဆုံးလျက်တွေ့ခဲ့ရတဲ့အကြောင်း မရှာမြာက ပြောပြပါတယ်။ “ကျွန်မ ဘယ်လိုခံစားခဲ့ရလဲဆိုတာ ပြောပြဖို့စကားလုံးမရှိလောက်အောင် ဖြစ်ခဲ့ရတယ်” လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုက COVID-19 ကမ္ဘာ့ကပ်ဘေးရဲ့ ထိခိုက်ဖွယ်ရာ အကျိုးဆက်တွေထက် ပိုဆိုးရွားခဲ့ပြီး နိုင်ငံရဲ့ ဒေသအတော်များများမှာ ဖြစ်ပွားနေတဲ့ ကာလရှည်ပဋိပက္ခတွေကို ပိုပြင်းထန်လာစေခဲ့ပါတယ်။
ကုလသမဂ္ဂ အချက်အလက်တွေအရ အခုဆိုရင် လူဦးရေ ၅၅ သန်းခန့်ရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၁၄.၄ သန်းခန့်ဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေပါတယ်။ ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းအများစုမှာ မြေမြှုပ်မိုင်းပြဿနာတွေ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့်အထိခိုက်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာနေပါတယ်။
ကြံ့ကြံ့ခံရင်ဆိုင်နိုင်မယ့် နည်းလမ်းများရှာဖွေခြင်း
မြန်မာနိုင်ငံရှိ ကူညီပေးနေတဲ့ ဝန်ထမ်းအများစုဟာ သူတို့ကိုယ်တိုင်ကော ထိခိုက်နစ်နာမှုတွေ ခံစားနေရပါတယ်။
မရှာမြာက သူ့ရဲ့မွေးရပ်မြေ ကယားပြည်နယ်က နေအိမ်မှာ ခဏတာနေချိန်လေးအတွင်းမှာတောင် မိသားစုနဲ့အတူ ထွက်ပြေးခဲ့ရပါတယ်။ အခု သူက ရန်ကုန်မြို့က တိုက်ခန်းကျဉ်းလေးတစ်ခုထဲမှာ ဆွေမျိုး ခုနစ်ယောက်နဲ့အတူ နေထိုင်နေရပါတယ်။ ကယားပြည်နယ်က သူ့ရဲ့မိသားစုအိမ်လေးဟာ မီးလောင်ပြာကျသွားခဲ့ကြောင်း မကြာသေးမှီကပဲ သူသိလိုက်ရပါတယ်။
ရှမ်းပြည်နယ်က အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ ကျော်မိုး*တစ်ယောက် ရုတ်တရက် စစ်တပ်အာဏာသိမ်းလိုက်ပြီဆိုတဲ့ သတင်းကြားလိုက်ရချိန်မှာ ရုံးခန်းထဲမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် အတိတ်ကိုအမှတ်ရသွားခဲ့တယ်” “ ကျွန်တော့် တိုင်းပြည်အတွက် ထိတ်လန့်ခဲ့ရတယ်။ စိတ်ဆင်းရဲလွန်းလို့ သတင်းကြားလိုက်တဲ့ တစ်ပတ်လုံးလုံး အိပ်ရာထဲကနေတောင် မထနိုင်ခဲ့ဘူး” လို့ သူကဆိုပါတယ်။
အခြားလူသားချင်းစာနာထောက်ထားရေး ဝန်ထမ်းတစ်ဦးဖြစ်သူ အောင်ထွန်း*က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးတွေ၊ မိသားစုတွေနဲ့ စကားပြောရတာ စိန်ခေါ်မှုတွေများလာတယ်လို့ ဆိုပါတယ်။
“စိတ်ဒဏ်ရာရစရာတွေပါပဲ။ ကျွန်တော်အိပ်လို့တောင်မပျော်ဘူး” “ဒါပေမဲ့ ကျွန်တော် စိတ်ဓာတ်ခိုင်မာနေမှဖြစ်မယ်” လို့ ဆိုပါတယ်။
အောင်ထွန်းက သူ တရားထိုင်ကြောင်းနဲ့ စိတ်ကျန်းမာရေးအတွက် အကူအညီတွေရှာလေ့မရှိကြတဲ့ သူ့ရဲ့ သူငယ်ချင်းတွေ အထူးသဖြင့် ယောင်္ကျားလေးတွေကို အကူအညီတွေ ရယူကြဖို့ တိုက်တွန်းအားပေးနေပါတယ်။
လုပ်ငန်းလည်ပတ်ပုံနည်းလမ်းသစ်များ
ထောက်ပံ့ကူညီရေးနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း အများစုက ထိခိုက်ခံစားရသူတွေကို လျင်လျင်မြန်မြန် ကူညီပေးနိုင်ဖို့ မတူ ဆန်းသစ်တဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့ကြရပါတယ်။
ကျော်မိုးက အရင်က အစိုးရဌာနတွေနဲ့ပူးပေါင်းပြီး အလုပ်လုပ်ခဲ့ရပါတာပါ။ အခုတော့ သူ့လုပ်ငန်းအများစုက လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို စီမံခန့်ခွဲဖို့နဲ့ ဥပဒေရေးရာ အကူအညီ ပံ့ပိုးမှုတွေကို စီစဉ်တာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ဖြစ်လာပါတယ်။
လုံခြုံရေးအရ စိန်ခေါ်မှုတွေနဲ့ လက်လှမ်းမီမှုကန့်သတ်ချက်တွေက လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးနိုင်ဖို့ရာ အဟန့်အတားတွေဖြစ်စေပါတယ်။
သို့သော်လည်း ဒီနှစ်မှာတော့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ခွင့်ပြုချက်တချို့ကို ခွင့်ပြုပေးထားပါတယ်။ အထူးသဖြင့် မြို့ပေါ်ဒေသတွေမှာနေထိုင်တဲ့ ကလေးသူငယ်နဲ့ မိသားစုတွေအတွက် ထောက်ပံ့ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။
အောင်ထွန်းက မကြာသေးမီက တရုတ်နိုင်ငံနယ်စပ်ဖြစ်တဲ့ ကချင်ပြည်နယ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီကလူငယ်တွေမှာ အများစုက ကျောင်း၊ တက္ကသိုလ် ထွက်ထားကြရသူတွေဖြစ်ပြီး အခုအခါမှာ သူတို့ဟာ လုပ်ငန်းခွင်သင်တန်းတက်ရောက်တာအပါအဝင် တခြားသောလှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်နေကြပါတယ်။
အောင်ထွန်းက လူငယ်တွေအတွက် ဒီအစီအစဥ်တွေရဲ့ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရတယ်ဆိုပေမဲ့လည်း လူငယ်တွေ တွေ့ကြုံခဲ့ရတဲ့ နာကျင်မှုတွေကိုလည်း ခံစားမိခဲ့ပါတယ်။ “သူတို့က ကျွန်တော်ထက် နှစ်နှစ် သုံးနှစ်လောက်ပဲ ငယ်ကြတာပါ” “သူတို့တွေက သူတို့ရဲ့ အနာဂတ်ပျောက်သွားသလို ခံစားနေကြရတယ်။ ဒါတွေကို သူတို့မျက်လုံးတွေထဲမှာ ကျွန်တော် တွေ့နေရတယ်” လို့ အောင်ထွန်းက ပြောပြပါတယ်။
လူသားချင်းစာနာထောက်ထားမှု ဝန်ထမ်းအားလုံးရဲ့ကိုယ်စား အောင်ထွန်းက “ကမ္ဘာကြီးက မြန်မာကို မမေ့ထားပါနဲ့” လို့ ပြောပါတယ်။