သတင်းထုတ်ပြန်ချက်

ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့အခါသမယ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာရာမနသန် ဘလာခရစ်ရှ်နန်၏ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်။

ရန်ကုန် - ယနေ့ကျရောက်သည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့အခါသမယ၌ နေ့စဉ်နေ့တိုင်း အကူအညီလိုအပ်သူများအား အရေးပါသည့်အကူအညီများပေးအပ်ရန် ၎င်းတို့၏အသက်အန္တရာယ်ကိုပင် ပဓာနမထားဘဲ စိတ်ရောကိုယ်ပါနှစ်၍ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် မြန်မာနိုင်ငံရှိ အကူအညီပေးရေးလုပ်သားများကို ဦးညွှတ်ဂုဏ်ပြုလိုကြောင်းနှင့်၊ ထိုသို့ဆောင်ရွက်ကြစဉ်အတွင်း ထိခိုက်တိမ်းပါး သွားကြသူများကိုလည်း အမှတ်တရရှိနေပါကြောင်း ကျွန်ုပ်ပြောကြားလိုပါသည်။

အရပ်သားပြည်သူများအား ခြိမ်းခြောက်လျက်ရှိသည့် မရပ်မနားဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်၊ ရဲဝံ့သောလူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုများကို လိုအပ်စေသည့်အကျိုးဆက်များကို အဆုံးသတ်ကြပါရန် ဤအခါသမယကို အသုံးချ၍ ကျွန်ုပ်တောင်းဆိုလိုက်ပါသည်။ အပြည်ပြည်ဆိုင်ရာဥပဒေအရ ၎င်းတို့ ရသင့်ရထိုက်သည့်အကာအကွယ်များအားလုံးနှင့်အညီ အရပ်သားပြည်သူများကို မည်သည့်အခါမျှ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုအပ်သလိုပင်၊ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်နေကြ သူများကိုလည်း ၎င်းတို့လုပ်ငန်းများအား အကန့်အသတ်နှင့် အနှောက်အယှက်မရှိ ဆောင်ရွက်ခွင့်ပေးရမည် ဖြစ်သည်။

အကျပ်အတည်းဖြစ်နေသည့် ရပ်ရွာအသိုက်အဝန်းတစ်ခုအား အကူအညီပေးရန် “လူသားချင်းစာနာမှုဆိုင်ရာ ရပ်ရွာအစုအဖွဲ့” တစ်ခု လိုအပ်ပါသည်။ ကုလသမဂ္ဂအဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကြက်ခြေနီ အဖွဲ့အစည်းများသည် ၎င်းတို့၏ ရပ်ရွာအသိုက်အဝန်းများအား အကူအညီပေးရန် တိုးမြှင့်တုံ့ပြန်ဆောင်ရွက် ကြကာ မြန်မာနိုင်ငံဌာနေတုံ့ပြန်ဆောင်ရွက်ရေး၏ ကျောရိုး ပင်မထောက်တိုင်များဖြစ်ကြသည့် သက်ဆိုင်ရာ ဒေသခံများ၏ ကြီးထွားလာသောကွန်ရက်နှင့်အတူ ရပ်တည်ပါသည်။ နေ့စဉ်မနှစ်မြို့ဖွယ်ရာများကိုရင်ဆိုင်လျက် ဘေးဒုက္ခဒဏ်ခံစားရသည်များကို လျော့ပါးသက်သာစေရေးအတွက် နည်းလမ်းများကြံဆရာ၌ ၎င်းတို့၏ မမောနိုင်မပန်းနိုင် အားထုတ်ဆောင်ရွက်ကြသည်များကို ကျွန်ုပ်ချီးမွမ်းဂုဏ်ပြုလိုက်ပါသည်။

ဖြစ်ပွားနေသည့်ပဋိပက္ခကြောင့် ယခုအခါ လူပေါင်း ၁ ဒသမ ၂ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရခြင်း၊  ဆင်းရဲနွမ်းပါးမှုနှင့် ငွေကြေးဖောင်းပွမှုများ မြင့်တက်လာခြင်းများနှင့်အတူ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများမှာ အရေးတကြီးဆောင်ရွက်ကြရဦးမည်ဖြစ်ပါသည်။ ဘေးဒုက္ခဒဏ်ခံရသူဦးရေ ၆ သန်းကျော်ကို ယခုနှစ်မကုန်မီ အကူအညီပေးသွားရန် တနိုင်ငံလုံးအတိုင်းအတာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ၊ ဤတစ်နှစ်တာ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် သွားရောက်အကူအညီပေးခွင့်ဆိုင်ရာ အဟန့်အတားများကြီးမားလွန်းသည့်တိုင် မိမိတို့ ခရီးတဝက်ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။

လူသားချင်းစာနာမှုဆိုင်ရာ အစုအဖွဲ့အသိုက်အဝန်းသည် မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို ပုံမှန်ထက်ပိုမို ထူးကဲသည့်အတိုင်းအတာဖြင့် တိုးချဲ့လုပ်ဆောင်သွားရန် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ တည်ရှိပြီး လက်တွဲဆောင်ရွက်လာခဲ့ပါသည်။ အလှူရှင်နိုင်ငံနှင့် အဖွဲ့အစည်းများ၏ စာနာရက်ရောသည့်အလှူငွေရန်ပုံငွေဖြင့် ဒေသခံ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း လူ ၃ သန်းကျော်ကို ကူညီပေးခဲ့ပြီးဖြစ်သော်လည်း ဆက်လက်လုပ်ဆောင်စရာများစွာရှိနေပါသေးသည်။

ဤကြိုးပမ်းဆောင်ရွက်မှုအတွက် အကူအညီလိုအပ်သူများထံ သွားရောက်ကူညီခွင့် ပိုမိုရရှိရန်၊ ရှုပ်ထွေးကြန့်ကြာလွန်းသည့် ရုံးလုပ်ငန်းဆိုင်ရာအကန့်အသတ်များ လျော့ပါးသက်သာရန်နှင့် အလှူရှင်များ၏သိသိသာသာတိုးမြှင့်ပံ့ပိုးမှုများ လိုအပ်ပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ သွားရောက်ကူညီခွင့်၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့်သည့် ဒေသများသို့ သွားရောက်အကူအညီပေးခွင့် ကျယ်ကျယ်ပြန့်ပြန့်ရရှိရေးသည် အလွန်အရေးပါကာ၊ ဤသို့ သွားရောက်ကူညီခွင့်ရရှိစေရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခြင်းကို နိုင်ငံရေးအတွက်အသုံးချခြင်း သို့မဟုတ် အပေးအယူ ပြုလုပ်ခြင်းမျိုးမရှိအပ်ပေ။ 

၂၀၂၂ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် သည် ယခုနှစ်၏ ၈ လအတွင်းရောက်ရှိခဲ့ ပြီဖြစ်သည့်တိုင် ၁၇ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိပါသေးသည်။ မိမိတို့၏ လူမှုဘဝကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်နှင့် မကူညီနိုင်တော့မည့်သူများကို စိတ်မကောင်းခြင်းကြီးစွာချန်လှပ်ထားဖို့ဆုံးဖြတ်ရ မည့်ကိစ္စရပ်များကိုရှောင်ရှားနိုင်ရန် မိမိတို့အတွက် အရင်းအမြစ်များစွာ မဖြစ်မနေလိုအပ်လျက်ရှိပါသည်။

လူမှုဘဝများကိုကယ်တင်ရန်နှင့် ဘေးဒုက္ခခံစားရသည်များကို လျော့ပါးသက်သာစေရန် နိုင်ငံ၏ “လူသားချင်း စာနာမှုဆိုင်ရာ ရပ်ရွာအစုအဖွဲ့” အားပံ့ပိုးကူညီ၍ ခက်ခဲသည့်ဤကာလများ၌ တိုးမြှင့်လုပ်ဆောင်ကြရန်နှင့် မြန်မာပြည်သူများနှင့်အတူ ရက်ရောစွာရပ်တည်ကြပါရန် နိုင်ငံတကာအလှူရှင်အသိုက်အဝန်းအား  လူသားချင်း စာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့၌ မိမိတို့ပန်ကြားလိုပါသည်။

အထိမ်းအမှတ်နေ့နောက်ခံအကြောင်းအရာ

‌၂၀၀၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ကနဲလ်ဟိုတယ်ကို ဗုံးခွဲတိုက်ခိုက်ခံရစဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အီရတ်နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဆာဂျီယိုဗီအဲရာဒေမဲလိုအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်း ၂၂ ဦး သေဆုံးခဲ့ကြပါသည်။ ငါးနှစ်အကြာ၌ ကုလသမဂ္ဂအထွေထွေညီလာခံ က ဩဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ရန် ဆုံးဖြတ် သတ်မှတ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့သည် ဘေးအန္တရာယ် အကျပ်အတည်းများကြောင့် ထိခိုက်ခံရသူများ၏ အသက်ရှင်ရပ်တည်ရေး၊ ကျန်းမာသန်စွမ်းရေးနှင့် သိက္ခာရှိရှိနေထိုင်နိုင်ရေးများနှင့်အတူ လူသားချင်းစာနာမှုဆိုင်ရာလုပ်သားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် တိုက်တွန်းအားပေးလှုံ့ဆော်ရန် လူသားချင်းစာနာမှုဆိုင်ရာ အသိုက်အဝန်းမှ မိတ်ဖက် အဖွဲ့အစည်းများကို အတူတကွစုစည်းကာ ပဓာနအခြင်းအရာတစ်ခုကို အဓိကထား၍ ကျင်းပလေ့ရှိပါသည်။ ယခုနှစ်၏ လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့၏ ပဓာနအခြင်းအရာမှာ သန်းပေါင်းများစွာသောလူသား များကို နေ့စဉ်ကာကွယ်စောင့်ရှောက်ရန်နှင့် အကူအညီပေးကြရန် ဒေသခံစေတနာလုပ်အားရှင်းများမှအစပြု၍ ကုလသမဂ္ဂအေဂျင်စီများအထိ လူသားချင်းစာနာမှုဆိုင်ရာ ရပ်ရွာအစုအဖွဲ့တစ်ခုလုံး၏ ကမ္ဘာလုံးဆိုင်ရာစုစည်း အားထုတ်မှုကို အလေးထားသည့် “ရပ်ရွာအစုအဖွဲ့ လိုအပ်ပါတယ်” ဟူ၍ပင်ဖြစ်ပါသည်။

Suhad Sakalla

Suhad Sakalla

OCHA
Humanitarian Affairs Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ