ပြည်တွင်းလှည့်လည်ခြင်း- မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရပ်ရွာလူထုများအတွက်အသစ်စတင်မှု
ကချင်ပြည်နယ်တွင် ကာလကြာရှည်နေရပ်စွန့်ခွာနေထိုင်နေရသောရပ်ရွာလူထုများသည် ၎င်းတို့၏ဘဝပြန်လည် စတင်နိုင်ရန် အခွင့်အလမ်းများကို ရရှိနေကြပြီဖြစ်သည်။
ဦးအင်ဒေါင်လရော်(၄၆နှစ်)သည် သစ်နှင့်အိမ်အမိုးသွပ်ပြားတို့အသုံးပြု၍ဆောက်လုပ်ထားသော ၄င်း၏ အိမ်အသစ်ကိုလည်ပတ်ကြည့်ရှုနေရင်း ပြုံးပျော်မှုတွေအပြည့်နှင့်ဖြစ်နေခဲ့သည်။
“ကျွန်တော် ဘယ်လောက်ပျော်နေတယ်ဆိုတာ စကားလုံးတွေနဲ့ ဘယ်လိုဖော်ပြရမလဲကိုမသိတော့ဘူး။ အခုချိန်က စပြီး ကျွန်တော်နဲ့ကျွန်တော့်ကလေးတွေအတွက် ဘဝကပိုအဆင်ပြေလာတော့မှာပါ” လို့ ပြောပြပါသည်။
ဦးအင်ဒေါင်လရော်တို့မိသားစုသည် ၎င်းတို့၏ နေအိမ်အသစ်သို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွှေ့နေထိုင်ခဲ့ ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းကချင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်သူများတည်ထောင်ထားသည့် ဝိုင်းမော်မြို့နယ်ရှိရွာသစ်တစ်ရွာဖြစ်သည့် မိုင်းနားဆွတ်ကြိုင်သို့ ပထမဆုံး ပြောင်းရွှေ့လာသူများထဲတွင်ပါဝင်ခဲ့သည်။ အများစုမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ တပ်မတော်(MAF)တို့အကြားဖြစ်ပွားခဲ့သည့်လက်နက်ကိုင်ပဋိပက္ခကြောင့် ၂၀၁၂ ခုနှစ်မှစတင်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့်ဖြစ်စဥ်အတွင်းကျရောက်နေရသူများဖြစ်သည်။ “ဆွတ်ကြိုင်” ဆိုသည်မှာ ဒေသသုံး ကချင်ဘာသာစကားဖြင့် သာယာဝပြောရေးဟုအဓိပ္ပါယ်ရပြီး အနီးနားရှိစခန်းတွင် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ပြီးနောက် ပိုမိုကောင်းမွန်သော အနာဂတ်ဘ၀မျှော်လင့်ချက်အတွက်ရည်ရွယ်၍ စခန်းတွင်းနေထိုင်သူများမှ ရွေးချယ်ထားသောအမည်နာမဖြစ်သည်။၂၀၁၈ခုနှစ်တွင် ယင်းဒေသရှိမြေပိုင်ရှင်တစ်ဦးမှ ၎င်းပိုင်မြေများကို ရောင်းချရန်စခန်းတွင်းနေထိုင်သူများအားကမ်းလှမ်းလာသောအခါတွင်၎င်းတို့၏ဘဝသစ်ကိုပြန်လည်စတင်နိုင်ရန် ထိုအခွင့်အရေးကိုအရယူခဲ့သည်။ နေရပ်စွန့်ခွာမိသားစုပေါင်းများစွာက ကိုယ်ပိုင်စုငွေနှင့်သော်လည်းကောင်း၊ ဆွေမျိုးများထံမှချေးငွေများဖြင့်သော်လည်းကောင်းအသီးသီးမြေကွက်များ၀ယ်ယူပြီးနောက် မိုင်းနားဆွတ်ကြိုင် စတင်မွေးဖွားလာခဲ့သည်။
များမကြာမီပင် အိမ်ဆောက်လုပ်သည့်လုပ်ငန်းများကို ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (UNHCR)၏ ဒေသတွင်း မိတ်ဖက်အဖွဲ့တစ်ဖွဲ့ဖြစ်သော ကရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်း(KMSS)နှင့်အတူစတင်ခဲ့ပြီး ပြောင်းရွှေ့ ခဲ့သည့်မိသားစုတိုင်းအတွက် အိမ်များစတင်ဆောက်လုပ်ခဲ့ပါသည်။ လက်ရှိတွင် လက်ဦးပြောင်းရွှေ့ခဲ့သည့် နေရပ် စွန့်ခွာမိသားစုများသည်ကျေးရွာတွင်းသို့ပြောင်းရွှေ့နေထိုင်လျက်ရှိကြပြီး မကြာမီကာလအတွင်း စခန်းတွင်းရှိ နောက်ထပ်မိသားစု၆၅စုသည်လည်းအဆိုပါကျေးရွာသို့ပြောင်းရွှေ့နေထိုင်နိုင်ရန်မျှော်မှန်းလျက်ရှိသည်။
“အရင်တုန်းကတော့ တခြားမိသားစု၁၀စုနဲ့အတူအိမ်တန်းရှည်ကြီးတစ်လုံးမှာအတူနေခဲ့ရတယ်။ အကုန်လုံး အဲဒီမှာ အတူတူစား၊အတူတူနေပဲ။ အဲဒီမှာနေခဲ့ရတာပူပြင်း၊ ဆူညံပြီးကျဥ်းကျပ်နေတယ်။ ပုဂ္ဂလိကလုံခြုံမှုရဖို့ခက်တယ်”ဟု ဦးအင်ဒေါင်လရော်ကဆိုသည်။
ယနေ့တွင် သူ့မိသားစုသည် စတုရန်းပေ ၆၀၀၀ ကျယ်ဝန်းသော မြေကွက်ကျယ်နှစ်ကွက်ပေါ်တွင် သီးခြား အဆောက်အဦသုံးလုံးဖြင့် နေထိုင်ကြသည်။ ပင်မအဆောက်အအုံသည် သူတို့မိသားစုနေထိုင်ရာနေရာအဖြစ် အသုံးပြုသည်။ ကျန်အဆောက်အဦအသေးနှစ်လုံးအား သီးခြားမီးဖိုချောင်နှင့် သူ့ဇနီး၏ကုန်စုံရောင်းချသည့် ဆိုင်အဖြစ်အသုံးပြုသည်။ “ဆိုင်ကကျွန်တော့်အကြိုက်ဆုံးနေရာပဲ။ ဆိုင်ကရွာအ၀င်၀ကိုမျက်နှာမူထားတာ ဆိုတော့ အရင်ကျွန်တော်တို့နဲ့စခန်းထဲမှာအတူနေခဲ့သူတွေ၊ အခုတော့အိမ်နီးနားချင်းအသစ်ဖြစ်လာသူတွေနဲ့ အမြဲ တွေ့ရဆုံရတဲ့နေရာပေါ့” ဟုဦးအင်ဒေါင်လရော်ကပြောသည်။
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး လုံခြုံမှုမရှိသေးသည့်အခြေအနေကြောင့် နေရပ်စွန့်ခွာရသူများ၏ မူလ နေရပ်ရွာများသို့ပြန်လည်ရောက်ရှိရန်အလားအလာမှာ မှေးမှိန်လျက်ရှိသေးသည်။ မည်သို့ပင်ဖြစ်စေ နေရပ်စွန့်ခွာ ပြည်သူများအနေဖြင့် စခန်းများမှထွက်ခွာနိုင်သည့်အခွင့်အလမ်းများရှာဖွေလာခြင်းနှင့် ပိုမိုကောင်းမွန်သည့် ပေါင်းစည်းနေထိုင်မှုမျိုးရရှိနိုင်သည့် မိုင်းနားဆွတ်ကြိုင်ကဲ့သို့သောနေရာများသို့ ပြောင်းရွှေ့နေထိုင် လာခြင်းသည် ကချင်ပြည်နယ်အတွင်းပိုမိုဖြစ်ပေါ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ၁ရက်နေ့ တပ်မတော်အာဏာသိမ်းယူ ပြီးနောက် မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခများပြင်းထန်လာခဲ့သော်လည်း နေရပ်စွန့်ခွာသူပေါင်း ၉၅,၀၀၀ ရှိသည့်အနက် ကချင်နေရပ်စွန့်ခွာပြည်သူပေါင်း ၂,၃၀၀ ကျော်သည် ပြီးခဲ့သည့်နှစ်အတွင်း နေရာ ၁၉ နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် ယင်းတို့၏ဘ၀ပြန်လည်ထူထောင်ရေး အတွက် ကြိုးပမ်းခဲ့ကြသည်။
“သူတို့ရဲ့အခက်အခဲစိန်ခေါ်မှုတွေမပါပဲ၊ ဒီရပ်ရွာဦးဆောင်တဲ့လုပ်ဆောင်ချက်တွေဟာဆယ်စုနှစ်တစ်ခုကြာ နေရပ်စွန့်ခွာနေထိုင်ခဲ့ကြရပြီးပြီးနောက် သူတို့ကိုယ်သူတို့ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်နိုင်စေဖို့ အတွက် အရေးကြီးတဲ့ပထမခြေလှမ်းဖြစ်ပါတယ်”ဟု မြစ်ကြီးနားမြို့ရှိ UNHCR ရုံးအကြီးအကဲ Andrew Mok က ပြောပါသည်။
မိုင်းနားဆွတ်ကြိုင်တွင် အမှန်တကယ်ပင်အနာဂတ်ဘ၀လုံခြုံစိတ်ချရမှုရရှိစေနိုင်ရန်အတွက် ဒေသခံများသည် အဓိကကျသောအခြေခံအဆောက်အဦအတွက် အားတက်သရောဆောင်ရွက်လျက်ရှိကြသည်။ ရေကောင်းရေသန့် ရရှိရန် လက်နှိပ်ရေတွင်းများ ကိုယ်တိုင်တည်ဆောက်ခြင်းအပြင် ရပ်ရွာလူထုသည် ယင်လုံအိမ်သာများ ဆောက်လုပ်နိုင်ရန်အတွက် KMSS နှင့် UNHCR တို့၏ပံ့ပိုးကူညီမှုကို တောင်းခံခဲ့သည်။ အဆိုပါကျေးရွာသည် လျှပ်စစ်ဓာတ်အားလိုင်းနှင့်ချိတ်ဆက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်တိုင်များနှင့် လိုင်းများကိုလည်း ဖြည်းဖြည်းချင်း တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
ဦးအင်ဒေါင်လရော်သည် သူ့အနာဂတ်အတွက် မျှော်လင့်ချက်ထားရှိနေဆဲဖြစ်သည်။ လက်သမားအတတ်ပညာကို ကိုယ်ဘာသာကိုယ်သင်ကြားနေပြီး ပရိဘောဂလုပ်သည့်လုပ်ငန်းကိုထူထောင်နိုင်ရန် မျှော်လင့်ထားသည်။ “လောလောဆယ်စခန်းထဲမှာအလုပ်ရုံရှိတယ်။ မိုင်းနားဆွတ်ကြိုင်မှာလျှပ်စစ်မီးရပြီဆိုတာနဲ့ ကိုယ့်မြေပေါ်မှာကိုယ် အလုပ်ရုံအသစ်တစ်ခုဆောက်ပြီး အဲဒီကနေ လုပ်ငန်းကို တိုးပွားလာအောင်လုပ်မယ်။”
ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မြစ်ကြီးနားမြို့နှင့် နယ်မြေချင်းထိစပ်နေသည့်မိုင်းနားဆွတ်ကြိုင်သည် အခြေချ နေထိုင်ရန်ဆွဲဆောင်မှုရှိသည့်နေရာတစ်ခုဖြစ်သည်။ ယင်းမြို့သည် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက်ဒေသတွင်းအချက်အချာကျသည့်နေရာတစ်နေရာဖြစ်သည်။
“ကျွန်တော်တို့နေရပ်စွန့်ခွာလာခဲ့ရတုန်းကကျွန်တော့်ကလေးသုံးယောက်ကငယ်သေးတယ်။ အခု ကျွန်တော့် ကလေးနှစ်ယောက်ကမြစ်ကြီးနားတက္ကသိုလ်မှာတက်နေတယ်။ ကျွန်တော့်ကလေးတွေအတွက် အကောင်းဆုံး အနာဂတ်ကိုပေးစွမ်းနိုင်ဖို့မျှော်လင့်ပါတယ်။ ဒါမှသူတို့ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်ယုံသာမက ကျွန်တော်နဲ့ ကျွန်တော့်မိန်းမအသက်ကြီးလာတဲ့အခါမှာလည်းစောင့်ရှောက်နိုင်မှာ” ဟု၄င်းကဆိုသည်။