သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ပထမ နှစ်ဝက်ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင် ဆုံးရှုံး မှုများနှင့် အလွန်အမင်းကြုံတွေ့နေရကြောင်း အိုင်အယ်(လ်)အို၏ ခန့်မှန်း ချက် အသစ်များကဖော်ပြ

၂၀၂၂ ခုနှစ် ဩဂုတ်လ ၀၁ ရက်။

အလုပ်အကိုင်အရည်အသွေးများ ပိုမိုဆိုးရွားစွာ ကျဆင်းလာလျက်ရှိပြီး ကုန်ထုတ် စွမ်းအားများ ပိုမိုကျုံ့ဆင်းလာကာ၊ ၂၀၂၀ ခုနှစ် အချိန်ကာလ အလုပ်အကိုင်များထက် အဆင့်နိမ့်ကျလျက် ရှိနေဆဲဖြစ်သည်။

ဘန်ကောက်၊ ထိုင်း (အိုင်အယ်(လ်)အို သတင်း) - အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့  (ILO) က ထုတ်ပြန်သည့် ခန့်မှန်းချက်အသစ်များအရ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က              အာဏာလွှဲပြောင်းယူပြီးနောက် ၁၈ လ ကြာကာလ နှင့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တနှစ်ခွဲကြာ ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် အလွန်အမင်းကြုံတွေ့နေရလျက် ရှိပါသည်။

၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက၊ အမျိုးသမီးများ နှင့် အမျိုးသားများ၏ အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားကြောင်း အိုင်အယ်(လ်)အိုက ခန့်မှန်းထားပြီး၊ ယင်းက ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် အလုပ်အကိုင်အခြေအနေ အနည်းငယ်ပြန်လည်ကောင်းမွန်လာကြောင်း ညွှန်ပြနေပါသည်။ သို့ရာတွင်၊ အလုပ်အကိုင်အရည်အသွေးများ ပိုမိုဆိုးရွားလာလျက်ရှိပြီး၊ အလုပ်အကိုင်များသည် ၂၀၂၀ ခုနှစ် အချိန်ကာလထက် အဆင့်နိမ့်ကျလျက်ရှိနေဆဲဖြစ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် အဖက်ဖက်မှ ပိုမိုထိခိုက်ခံစားနေရလျက် ရှိပါသည်။

၂၀၂၁ ခုနှစ်တွင် လုပ်သားကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်း ကျုံ့ဆင်းသွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံကျုံ့ဆင်းသွားကာ၊ စစ်တပ်က အာဏာလွှဲပြောင်းယူမှု မတိုင်မီ နှစ်များကရရှိခဲ့သည့် ခိုင်မာသောအကျိုးအမြတ်များကို ပြောင်းပြန် ဖြစ်စေခဲ့ပါသည်။

အိုင်အယ်(လ်)အို၏ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာ ကော်မတီ၏ ဆုံးဖြတ်ချက်များ၊ အိုင်အယ်(လ်)အို အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၂၁ ခုနှစ်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၏ ဆုံးဖြတ်ချက်များတွင် ရည်ညွှန်းဖော်ပြထားသည့်အတိုင်း၊ အလုပ်သမားအခွင့်အရေးများ ဆိုးရွားစွာချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများစွာအဖို့ ဆိုးရွားလှသည့် အလုပ်အကိုင်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပါသည်။

ယင်းအခြေအနေသည် အဓိကကျသည့် လုပ်ငန်းကဏ္ဍများမှ လုပ်ငန်းများနှင့် အလုပ်သမားများကို ထိခိုက်နစ်နာစေခဲ့ပါသည်။ အထည်ချုပ်လုပ်ငန်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေက ကျပန်းအလုပ် လုပ်ကိုင်နေရခြင်း သို့မဟုတ် နေ့စားအလုပ်လုပ်ကိုင်နေရခြင်း၊ အလုပ်ချိန်များ ပုံမှန်မဟုတ်ခြင်းနှင့် အလုပ်သမားများအဖို့ နည်းပါးသည့် လုပ်အားခကိုသာ ရရှိနေသည့် အနေအထားများ ပိုမိုဖြစ်ပေါ် နေကြောင်း ဖော်ပြနေပါသည်။ အလုပ်သမားများ အလုပ်အကိုင်ရပ်စဲခံရသောအခါတွင် ပေးဆောင်ရမည့် အလုပ်ထုတ်နစ်နာကြေးကဲ့သို့သော အကျိုးခံစားခွင့်များ မပေးဆောင်သည့် အခြေအနေများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိကြောင်း အိုင်အယ်(လ်)အို၏ လေ့လာတွေ့ရှိချက်များက ဖော်ပြနေပါသည်။

မြန်မာနိုင်ငံရှိ အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်ကအာဏာလွှဲပြောင်းယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှုလက္ခဏာတွေ ရှိနေပေမယ့်၊ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ဆိုပါသည်။

သတင်းအချက်အလက် များကို အသေးစိတ် ပိုမိုသိရှိလိုပါက ဤနေရာတွင် တွင် ရှာဖွေတွေ့ရှိ နိုင်ပါသည်။

generic profile

စတိ(ဗ်) နီဒန်

ILO
အကြီးတန်း ဆက်သွယ်ရေးအရာရှိ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အိုင်အယ်(လ်)အိုရုံး။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ