ယူနီဆက်နှင့်မိတ်ဖက်အဖွဲ့များက ကလေးများနှင့်လူငယ်များအတွက်စိတ်ကျန်းမာရေးဝန်ဆောင်မှုများတိုးချဲ့ပံ့ပိုး
“ပစ်တိုင်းထောင်လေးများ” အစီအစဉ်
အသက် ၆ နှစ်အရွယ် လျှံထက်ဟာ ဒီရက်ပိုင်းတွေမှာ အမေဖြစ်သူအနီးမှာပဲနေပြီး ဝေးဝေးလံလံကို မသွားရဲပါဘူး။ “သားမှာသူငယ်ချင်းတွေရှိတယ်၊ ဒါပေမဲ့ သားအချစ်ဆုံးသူငယ်ချင်းက အောက်ထပ်ကခွေးလေးပေါ့။ သားတို့က ညနေတိုင်း အတူတူကစားကြတယ်” လို့ လျှံထက်ကပြောပြပါတယ်။
လျှံထက်ရဲ့ အပြစ်ကင်းစင်တဲ့ ချစ်စရာမျက်နှာလေးက တောက်ပနေဆဲဖြစ်ပေမယ့် မိခင်ဖြစ်သူ မနှင်းနှင်းကတော့ လွန်ခဲ့တဲ့နှစ်နှစ်က အဖြစ်အပျက်တွေဟာ ကလေးကို ထိခိုက်စေခဲ့တယ်လို့ ပြောပြပါတယ်။ “ကျွန်မ အိမ်ထောင်ရေးအဆင်မပြေခဲ့ဘူး၊ နောက်ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်တယ်၊ နောက်တော့ အခုလက်ရှိပဋိပက္ခတွေဖြစ်လာတယ်၊ တစ်ခုပြီးတစ်ခုပါပဲ။”
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါက လျှံထက်ရဲ့ အစောပိုင်းကလေးဘဝပညာရေးနဲ့ လူမှုဆက်ဆံရေးတွေကို ပြတ်တောက်စေခဲ့ပါတယ်။ စစချင်း “မေမေက သားကို အိမ်မှာသင်ပေးတယ်” လို့ လျှံထက်ကပြောပြတယ်။ ကံကောင်းတာကတော့ လျှံထက်က အင်တာနက်သုံးခွင့်ရပါတယ်။ သူက Zoom ကတစ်ဆင့် အွန်လိုင်းကသင်ပေးတဲ့ သင်ခန်းစာတွေကြောင့် စိတ်လှုပ်ရှားပျော်ရွှင်နေဆဲပဲဖြစ်ပါတယ်။
“သားက ပန်းချီဆွဲရတာလည်း သဘောကျတယ်” လို့ လျှံထက်က ဆိုပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ် က စိတ်ညစ်စရာကောင်းတဲ့ အဖြစ်အပျက်တွေက လျှံထက်အပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုတွေရှိနေခဲ့ပါတယ်။ “ကျွန်မသားလေးက စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ခက်ခဲလာတယ်။ ကျွန်မပေါ်မှာ လွန်လွန်ကဲကဲ တွယ်တာလာပြီး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ကပ်လာတယ်။ မနက်ဆို အိပ်ရာထဲမှာတစ်ယောက်ထဲ ကျန်ခဲ့မှာစိုးလို့ ကျွန်မအိပ်ရာထတာနဲ့ လိုက်ထတယ်။ ကျွန်မဘုရားရှိခိုးရင်တောင် သူက ကျွန်မဘေးမှာ ကျွန်မနဲ့အတူထိုင်နေတတ်တယ်” လို့ မနှင်းနှင်းက ပြန်ပြောပြတယ်။ဒီလိုအခြေအနေတွေမှာ ကြောက်ရွံ့စိတ်ဖြစ်နေတာ လျှံထက်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ကြောင့် ကလေးငယ် ၁၂ သန်းခန့်ဟာ တစ်နှစ်နီးပါး ကျောင်းမတက်ရောက်နိုင်ကြဘဲ လက်ရှိအကျပ်အတည်းကလည်း ကလေးတွေရဲ့ လွတ်လပ်ပျော်ရွှင်မှုနဲ့ ကောင်းကျိုးချမ်းသာကို ထပ်ပြီးလျော့ပါးစေပြန်ပါတယ်။ အများစုက အကြမ်းဖက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို မြင်တွေ့ခဲ့ကြရတယ်။ အချို့က ထိခိုက်နစ်နာသူတွေဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာမဟုတ်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိခဲ့ကြသူတွေဖြစ်ပါတယ်။
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဒီပြဿနာကို တုံ့ပြန်ဖြေရှင်းဖို့အတွက် ကလေးငယ်တွေနဲ့ လူငယ်တွေအတွက် စိတ်၊ လူမှုရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို တိုးချဲ့ပံ့ပိုးပေးနေပါတယ်။ ဒီပံ့ပိုးမှုတွေထဲမှာ တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးမှု၊ ဆယ်ကျော်သက်နဲ့ လူငယ်တွေအတွက် အချင်းချင်းကူညီပေးနိုင်ဖို့ အဖွဲ့ လိုက်ဆွေးနွေးခြင်းများ စိတ်ခံစားချက်များကိုမျှဝေပြီး အကောင်းဆုံးကျော်ဖြတ်နိုင်မဲ့နည်းလမ်းများကိုဆွေးနွေးခြင်းများအပြင် တိုင်းရင်းသားဘာသာစကားများဖြင့် ရရှိနိုင်တဲ့ ကလေးတွေနဲ့ ပြုစုစောင့်ရှောက်သူမိဘများ အတွက် တနိုင်ငံလုံး လွှမ်းခြုံသည့် စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုရေးပိုင်းဆိုင်ရာ အကြံပေးဖုန်းလိုင်းတို့ ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ လျှံထက်က အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ ပစ်တိုင်းထောင်လေးများအမည်ရှိ စိတ်လူမှုရေးပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတစ်ခုမှာ စပြီးပါဝင်ခဲ့ပါတယ်။ ပစ်လိုက်တဲ့အခါတိုင်း အမြဲတန်း ထောင်နေတတ်တဲ့ အရောင်တောက်တောက်ပပနဲ့ ဘဲဥပုံ မြန်မာ့ရိုးရာကစားစရာ ပစ်တိုင်းထောင်ရုပ်ကို တင်စားပြီး အမည်ပေးထားတာဖြစ်ပါတယ်။
မနှင်းနှင်းက ဒီဝန်ဆောင်မှုကို ရန်ကုန်မြို့ရှိ စိတ်ကျန်းမာရေးဝန်ဆောင်မှုနဲ့ ၊ ရင်းမြစ်စင်တာတစ်ခုဖြစ်တဲ့ Metanoia ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တွေ့ရှိခဲ့ပါတယ်။ Metanoia ဟာ ယူနီဆက်ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ်။ Metanoia ရဲ့ ဝန်ထမ်းတစ်ဦးက လုပ်ငန်းစဉ်ကို ရှင်းပြပါတယ်။ အရင်ဆုံး အွန်လိုင်းကူညီပေးရေးဖုန်းလိုင်း အော်ပရေတာတွေက အစီအစဥ်မှာ ပါဝင်သူတွေကို အမည်စာရင်းသွင်းပေးပြီး ပံ့ပိုးပေးမယ့် အစီအစဥ်တွေကို ရှင်းပြပါတယ်။ အသက် ၇ နှစ်အထက်ကလေးတွေက အကြိုအကဲဖြတ်ချက်နဲ့ နှောင်းပိုင်းအကဲဖြတ်ချက်ပုံစံတွေကို ဖြည့်ရပါတယ်၊ အသက် ၇ နှစ်အောက်ကလေးဆိုရင် အုပ်ထိန်းသူက ကလေးကိုယ်စား ပုံစံတွေကိုဖြည့်ပေးရတယ်။ ၃ ရက်ကြာအစီအစဉ်ကို ၄-၁၂ နှစ်၊ ၁၃-၁၇ နှစ် နဲ့ ၁၈-၂၉ နှစ်ဆိုပြီး အသက်အရွယ် အုပ်စုသုံးစု ခွဲပေးထားတယ်။ ပိုငယ်တဲ့ကလေးတွေက “အနုပညာနဲ့ လက်မှုလှုပ်ရှားဆောင်ရွက်မှုတွေလုပ်ရင်း စိတ်ခံစားချက်တွေနဲ့ စာနာစိတ်၊ လေးစားသမှုနဲ့ အကန့်အသတ်ဘောင်တွေအပြင် ကိုယ်ပိုင်လက္ခဏာတွေကို နားလည်အောင်လေ့လာကြတယ်” လို့ Metanoia ဝန်ထမ်းက ရှင်းပြပါတယ်။ အသက်ပိုကြီးတဲ့အုပ်စုတွေက “အကျပ်အတည်းတွေအပေါ် တုံ့ပြန်ပုံတွေကို နားလည်ဖို့၊ တည်ငြိမ်အောင်ပြုလုပ်နိုင်မယ့် နည်းစနစ်တွေကို လေ့ကျင့်ဖို့၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ဆိုင်တဲ့ အသိကို အားပေးမြှင့်တင်ဖို့၊ မျှော်လင့်ချက်ထားရှိဖို့၊ အဆက်အသွယ်မပြတ်အောင်နေဖို့နဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် အရည်အသွေးများ ခိုင်မာစေဖို့အပေါ်မှာ အလေးပေးလေ့လာကြတာ ဖြစ်ပါတယ်။”
အုပ်စုလိုက်အစီအစဉ်ပြီးတဲ့အခါ အများအားဖြင့် ပါဝင်သူတွေကို နှစ်သိမ့်ဆွေးနွေးပေးပါတယ်။ Metanoia ဝန်ထမ်းတစ်ယောက်က “နှစ်သိမ့်ဆွေးနွေးတဲ့အချိန်အတွင်းမှာ မိဘတွေအနေနဲ့ သူတို့ကို [သူတို့သားသမီးတွေကို] ကိုယ်ပိုင်အချိန်ပေးဖို့၊ ဝင်ရောက်ဆွေးနွေးခြင်းမပြုဖို့ တောင်းဆိုထားပါတယ်။ အဲဒီနောက်မှာမိဘတွေနဲ့ စကားပြောဖြစ်တယ်။ တစ်ခါတလေ ကုထုံးလိုအပ်နေတာက သားသမီးတွေမဟုတ်ဘဲ မိဘတွေဖြစ်နေတာကို တွေ့ရတတ်တယ်” လို့ ပြောပြပါတယ်။
မနှင်းနှင်းက “ဒီအစီအစဉ်က တကယ်ကောင်းမွန်ပြီး ဒီအစီအစဉ်မှာပါဝင်ကြဖို့ အားလုံးကို ကျွန်မအကြံပေးချင်ပါတယ်” လို့ ဆိုပါတယ်။ သူမလို တစ်ကိုယ်တော်မိဘတွေဟာ ဒီအကျပ်အတည်းလို ကာလမျိုးမှာ ကလေးတွေကို ပျိုးထောင်ရတာ ခက်ခဲပါတယ်လို့ ပြောပြတယ်။
“ဒီစီမံချက်က မိဘတွေကိုကော၊ သားသမီးတွေကိုကောပါ တကယ့်ကို ကူညီပေးနိုင်ခဲ့ပါတယ်။”
လျှံထက်နဲ့ သူ့မိခင်နှစ်ဦးစလုံး ကတော့ နှစ်သိမ့်ဆွေးနွေးအကြံပေးသူတစ်ဦးထံကနေ သီးခြားကုထုံးတွေကို ရယူခဲ့ကြပါတယ်။ “ သား က အကြံပေးအမျိုးသမီးနဲ့ ရင်းနှီးလာတယ်” လို့ မိခင်ကပြောပြတယ်။ “ သား က အကြံပေးအမျိုးသမီးအကြောင်း အိပ်မက်မက်လို့ သူ့အကြောင်းကိုတောင် ကျွန်မကိုမေးလာတယ်။” အစီအစဉ်အချိန်တချို့ပြီးသွားချိန်မှာ သူက (သူ့စိတ်ခံစားချက်တွေကို) ပိုပြီးထိန်းချုပ်လာနိုင်တယ်။ ကျွန်မကို မျက်စိအောက်က အပျောက်မခံတာကလွဲရင်ပေါ့” လို့ မနှင်းနှင်းက ပြောပြပါတယ်။
ဤဆောင်းပါးကို မြန်မာနိုင်ငံရှိ UNICEF မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သည်။ ဆောင်းပါးကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။