လူမျိုးစုကြားကွဲပြားခြားနားမှုများအား ကြိုးပမ်းကူညီဆောင်ရွက်နေသော မြန်မာ့ရခိုင်ပြည်နယ်ရှိ လူငယ်များ
ရခိုင်နှင့်ရိုဟင်ဂျာအဖွဲ့ဝင်များပါဝင်သောလူငယ်အဖွဲ့များသည်လူမျိုးစုဆိုင်ရာကွဲပြားမှုရှိနေသည့်မြန်မာ့ရခိုင်ပြည်နယ်ရှိအခက်ခဲများကိုမျှဝေအဖြေရှာရန်ကြိုးပမ်းနေကြသည်။
မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းဒေသရှိ ရခိုင်ပြည်နယ်တွင် တိမ်ပြာပြာ ဆောင်းရာသီ နေ့ရက်တစ်ရက်၌ ကျေးရွာချင်း နီးစပ်လျက်ရှိသော ရခိုင်လူမျိုးအများစုနေထိုင်သောရွာ နှင့် ရိုဟင်ဂျာလူမျိုးအများစု နေထိုင်သော ရွာတို့မှ ရာနှင့်ချီ သောလူများသည် လယ်ကွင်းပြင်တစ်ခုဆီသို့ စုဝေးရောက်ရှိလာခဲ့ကြသည်။ လေပြေလေညင်းများကြောင့် ပတ်၀န်းကျင် တစ်ခုလုံးက နှစ်သက် ကြည်နူးဖွယ်ကောင်းပြီး ကြီးမားသော ယာယီ အားကစားကွင်းအတွင်း လူအများ စုဝေးနေသောကြောင့် ပွဲတော်တစ်ခုကဲ့သို့ စည်ကားလျက်ရှိပါသည်။
ရခိုင်နှင့်ရိုဟင်ဂျာလူမျိုးကစားသမားများ ပါဝင်ဖွဲ့စည်းထားသော ဘောလုံးပွဲစတင်အချိန်တွင် မြင့်ဆွေ သည် ဂုဏ်ယူ၀မ်းမြောက်လျက်ရှိသည်။ “ဒီပွဲကို ကျွန်တော်တို့ ဖြစ်မြောက်အောင်ဖွဲ့စည်း စီစဉ်ဆောင်ရွက်နေတာ ရက်သတ္တပတ်ပေါင်းများစွာ ကြာခဲ့ပါတယ်။” ဟု ရခိုင်ကျေးရွာဖြစ်သည့် ပျားလည်ချောင်းကျေးရွာ မှ အသက် ၃၂ နှစ်အရွယ် ၎င်းက ပြောသည်။
ရခိုင်ရွာမှခြေလျင်သွားလျှင် ၁၀ မိနစ်ခန့်သာဝေးသော ရိုဟင်ဂျာကျေးရွာဖြစ်သော ပြင်ရှည်ရွာ မှ အသက်နှစ်ဆယ်အရွယ် မောင်ကျော်မောင်သည်လည်း ဘေးကနေကြည့်ရှုလျက်ရှိသည်။ “ရွာနှစ်ရွာက လူငယ်တွေစုပေါင်းပြီး အခုလိုပွဲဖြစ်မြောက်လာအောင် ဆောင်ရွက်ခဲ့ကြတာ” ဟု ၎င်းက ပြောသည်။
ယင်းတို့သည် အဆိုပါပွဲဖြစ်မြောက်ရေးအတွက်ဆောင်ရွက်ကြသည့်လူငယ်ရှစ်ဦးအနက်မှနှစ်ဦးဖြစ်ကြသည်။ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဟုအမည်ပေးခေါ်ဆိုကြသည့်ထိုအဖွဲ့တွင် ကျေးရွာနှစ်ရွာမှလူငယ်လေးဦးစီ ပါ၀င်ပြီး၊ အဆိုပါလူငယ်များကိုလည်း သက်ဆိုင်ရာလူမှုအသိုက်အ၀န်းမှရွေးချယ်တင်မြှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုဘောလုံးပြိုင်ပွဲကဲ့သို့သောပူးတွဲလုပ်ရှားမှုများစီစဥ်ဆောင်ရွက်ရန်နှင့် လူမှုအခက်အခဲများကို အတူအကွ ပူးပေါင်း မျှဝေဖြေရှင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးနှင့်ဘာသာရေး ကွဲပြားမှုဖြစ်ရပ်များ ဖြစ်ပွားခဲ့ ၍ နှစ်ဘက်အသိုင်းအ၀ိုင်းများ အကြားလူမှုပေါင်းသင်းဆက်ဆံရေးပိုင်းတွင် အကျိုးသက်ရောက်မှုများရှိခဲ့ကာ ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်သော ဖြစ်ရပ်များ ရှားပါးလျက်ရှိသည်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ဒေသအချို့ တွင် ကြီးမားသောအကြမ်းဖက်မှု ပြဿနာရပ်များ ကြုံတွေ့ခံစားလျက်ရှိပြီး၊ ယခင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သမိုင်းဝင်ထိခိုက်ခံစားခဲ့ရသောဒဏ်ရာများကို အပြည့်အဝကုစားနိုင်ခြင်း မရှိသေးပေ။
၁၉၉၀ ခုနှစ်အစောပိုင်းကာလမှစတင်၍ အကြမ်းဖက်မှုများနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်မှုများ စသည့် ပြဿနာရပ်များ ထပ်ဖန်တလဲလဲ ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လူမှုအသိုက်အ၀န်းအကြား ပဋိပက္ခဖြစ်စဉ်သည် အထင်ရှားဆုံးတစ်ခုဖြစ်ခဲ့ပြီး၊ နောင်ငါးနှစ်အကြာတွင်ဖြစ်ပွားခဲ့သည့်ပဋိပက္ခသည် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော်ကိုနယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့နေရပ်စွန့်ခွာထွက်ပြေးရန် ဖိအားပေးခဲ့ သည်။ စုစုပေါင်း ရိုဟင်ဂျာ ၁.၆ သန်းခန့်သည် ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် ဒုက္ခသည်များအဖြစ် နေထိုင်လျက်ရှိကြသည်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးသော ရိုဟင်ဂျာ ၆ သိန်းခန့်ရှိသည့်အနက် ၁၄၈, ၀၀၀ခန့် သည် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြသည်။
မိမိနေထိုင်ရာနေအိမ်သို့ နေရပ်ပြန်ရေးမျှော်လင့်ချက်အလားအလာများသည် လတ်တလောကာလတွင် အခြေအနေဝေဝါးလျက်ပဲရှိနေသေးသည်။ အဆိုပါ ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးလူမှုအသိုက်အ၀န်းနှစ်ရပ်လုံးအကြား ယုံကြည်မှု နည်းပါးသည့်အခြေအနေများဆက်လက်ဖြစ်ပေါ်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်သည် စီးပွားရေး အခွင့်အလမ်းကန့်သတ်ချက်များရှိနေသည့် ဒေသတစ်ခုလည်းဖြစ်သည်။
ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နှင့် ပညာရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု ကဲ့သို့သော အခြေခံဝန်ဆောင်မှုများ အပါအဝင် အခြေခံအခွင့်အရေးများကို ဆယ်စုနှစ်များစွာကတည်းက ရရှိခံစားပိုင်ခွင့် ဆုံးရှုံခံရလျက်ရှိပြီးနောက် အထူးသဖြင့် ၎င်းတို့သည်မရေရာသော ဘဝအခြေအနေများဖြင့် ရှင်သန် နေထိုင်လျက်ရှိကြသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း လူနေမှုဘဝအခြေအနေ မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ သော်လည်း ယင်းဒေသအတွင်း နိုင်ငံသားဖြစ်ခွင့်နှင့် သက်သေခံအထောက်အထားစာရွက်စာတမ်း ရရှိနိုင်ခွင့်တို့ တွင် သိသိသာသာတိုးတက်လာခြင်းမရှိသေးပေ။
အဆိုပါစိန်ခေါ်မှုများကိုဖြေရှင်းဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာအေဂျင်စီ UNHCR သည် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူပူးပေါင်း၍ လူမျိုးစုနှစ်ခုကြားတွင် လူမှု ကျွမ်း၀င်ရင်းနှီးပေါင်းစပ်မှုပိုမိုကောင်းမွန်လာစေရန် မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အနာဂတ်ကာလတွင် နှစ်ဘက် လူမှုအသိုက်အ၀န်းများအကြားတွင် လူမျိုးရေးပဋိပက္ခဖြစ်လာနိုင်ခြေများ လျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိ သည်။
ရခိုင်နှင့်ရိုဟင်ဂျာကျေးရွာများပါဝင်သော ယင်းအောင်မြင်သည့်အစီအစဥ်တစ်ခုဖြစ်ခဲ့သော အားကစားနေ့ ပွဲတော်သည် UNHCR ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာအစိုးရမဟုတ်သည့် လူမှုအဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်သည့် ACTED ၏ တစ်နှစ်တာ ကျေးလက်လူငယ်စွမ်းဆောင်ရည်မြှင့်တင်သော စီမံကိန်းတစ်ခု၏ ဝမ်းသာပီတိ ဖြစ်ဖွယ် အောင်မြင်မှုရရှိခဲ့သည့် အခိုက်အတန့်ဖြစ်စေခဲ့သည်။
“လူငယ်တွေရဲ့အခန်းကဏ္ဍဟာ လူမှုအသိုင်းအ၀ိုင်းများအကြားအပြန်အလှန်ဆက်ဆံရေး ပုံဖော်ဖန်တီးရာမှာ အဓိကနေရာမှာ ပါဝင်ပါတယ်။” ဟု ACTED မှ စီမံကိန်းမန်နေဂျာ ထင်ကျော်မင်း က ပြောသည်။ "သူတို့တွေဟာ တွေ့ဆုံေဆွးနွေးညှိနှိုင်းမှုတွေ၊ ဆုံးဖြတ်ချက်ချမှုတွေနဲ့ ပဋိပက္ခဖြေရှင်းဆောင်ရွက်ရာမှာ သူတို့အချင်းချင်း ကြားမှာသာမက သူတို့ရဲ့ရပ်ရွာလူထုကြားမှာလည်း ပြုပြင်ပြောင်းလဲမှုတွေကို စွမ်းဆောင်နိုင်သူတွေဖြစ်ပါတယ်”
မောင်ကျော်မောင်နှင့် မြင့်ဆွေတို့ ပါဝင်သည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ACTED မှ အကောင်အထည် ဖော်ဆောင်ရွက်သော စီမံကိန်းခြောက်ခုအနက် တစ်ခုဖြစ်သည်။ အဖွဲ့တစ်ဖွဲ့ချင်းစီ၏ အဖွဲ့ဝင်များကို ခေါင်းဆောင်မှုစွမ်းရည်၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုပညာရပ်များနှင့် ရှေးဦးသူနာပြုသင်တန်းများ စသည်တို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ထို့နောက် ယင်းတို့သည်နှစ်ဘက်ရပ်ရွာလူထုများအား အကျိုးရလဒ်ကောင်း များ ဖြစ်ထွန်းလာစေမည့်ပူးတွဲအဖြေရှာဆောင်ရွက်မှုများလုပ်ဆောင်ခြင်းနှင့် လိုအပ်ချက်များ ခွဲခြမ်းလေ့လာခြင်း တို့ကို ရပ်မိရပ်ဖများ၊အုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါသင်တန်းသည် ရပ်ရွာလူထုနှစ်ဖက်စလုံးအား ဝင်ငွေရရှိစေသည့် လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့်လည်း ပံ့ပိုးကူညီပြုလျက်ရှိသည်။ “ဒီလို အားကစားနေ့လိုမျိုး ရပ်ရွာလူထုပွဲတွေမှာ စားပွဲ၊ထိုင်ခုံတွေ အသုံးပြုလို့ရအောင် ဝယ်ယူထားဖို့ အခုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကပဲ အကြံပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို နောက်အခြားရွာတွေမှာ ပြန်အသုံးပြုငှားရမ်းတဲ့အခါ ဝင်ငွေလဲရရှိမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အခုလိုစီစဉ်တာဖြစ်ပါတယ်” ဟု မြင့်ဆွေက ပြောသည်။ “ကျွန်တော်တို့ရွာနှစ်ရွာကို ဆက်သွယ်တဲ့ လမ်းဖောက်တာ ပြီးစီးဖို့ ဒီကရလာတဲ့ဝင်ငွေကို အသုံးပြုချင်ပါတယ်။”
ရခိုင်နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းနှစ်ခုလုံးတွင် လူမှုရေးရာပေါင်းစည်းမှုနှင့် စီးပွားရေးဆိုင်ရာ စွမ်းဆောင်နိုင်မှု အခြေအနေ ပိုမိုမြှင့်တင်လာစေခြင်းဖြင့် ယင်းလူငယ်စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်းသည် ရိုဟင်ဂျာများ၏ အခြေခံကျသောအခွင့်အရေးများ ပြန်လည်ရရှိစေရန် နှင့် ၎င်းတို့အား ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးတို့ကို အထောက်အကူပြုဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။
“ကျွန်တော်တို့မှာ တူညီတာတွေ အများကြီးရှိပါတယ်” ဟု မြင့်ဆွေကပြောသည်။ ထို့အပြင်ရွာနှစ်ရွာလုံးတွင် ပညာရေးကဏ္ဍ အားနည်းလျက်ရှိပြီး အထူးသဖြင့် ရိုဟင်ဂျာရွာများတွင် ပို၍အားနည်းကြောင်း ၎င်းက ဆိုသည်။ “တစ်ဦးနဲ့တစ်ဦး အရည်အချင်းတွေ ပိုရှိလာစေဖို့အစွမ်းကုန် ကြိုးစားနေပါတယ်။ အသိပညာဗဟုသုတဟာ အလွန် အရေးကြီးပြီး ငြိမ်းချမ်းရေးထိန်းသိမ်းဖော်ဆောင်တဲ့ အပိုင်းမှာ အထောက်အကူဖြစ်စေပါတယ်” ဟု ဆိုသည်။
“အရင်တုန်းကဆိုရင် ကျွန်တော်တို့ရွာနှစ်ရွာကြားက အပြန်အလှန်ထိတွေ့ဆက်ဆံမှု နည်းခဲ့တယ်။”ဟု မောင်ကျော်မောင်က ပြောသည်။ ဆက်လက်၍ "အခုဆိုရင် ကျွန်ုပ်တို့ဟာ တစ်ဦးနှင့်တစ်ဦး ပိုခင်မင်ရင်းနှီးမှု ရှိလာပါတယ်။”