အန်နာရု (Anna Ruth)* သည်တစ်နှစ်မပြည့်မီအချိန်အတွင်းမှာပင် ဒုတိယအကြိမ်ထပ်မံဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် သူ့မိသားစု ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့ရပြီး သူမ၏ခင်ပွန်း သေဆုံးခဲ့ရသည့်နေ့ကိုလဲ အမှတ်ရလျက်ရှိသည်။
မြန်မာ့တပ်မတော်နှင့် အခြား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားမှုများသူမတို့ နေထိုင်ရာ ကျေးရွာအထိ ရောက်ရှိလာချိန်တွင် ရွာသားများသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၏ မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့အနီးသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး သူမနှင့် သူမမိသားစုဝင်များသည် အခြားသော ရွာသားများနှင့်အတူ အနီးနားရှိတောအုပ်အတွင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ သို့သော် သူမခင်ပွန်းနှင့် အချို့သောအိမ်နီးချင်းသည် အစားအစာများနှင့် အခြားမရှိမဖြစ် လိုအပ်သောပစ္စည်းများကို ယူဆောင်ရန် နေအိမ်သို့ပြန်ချင်ခဲ့ကြသည်။
“သူ့ကိုမသွားဖို့ ကျွန်မပြောခဲ့ပါသေးတယ်။ အဲ့မှာအရမ်းအန္တရာယ်များတယ်။ ဒါပေမယ့် သူနားမထောင်ခဲ့ဘူး။” ဟု သူမပြန်လည်ပြောပြသည်။ “ညနေကျတော့ အဖွဲ့တွေပြန်လာခဲ့ပေမယ့် သူတော့ မပါလာခဲ့ဘူး။ နောက်တော့ သူ့ကိုသေနတ်မှန်ပြီး ဆုံးသွားမှန်းတွေ့ခဲ့ရတယ်။ ကျွန်မတို့ပြောင်းရွှေ့နေနေတဲ့ ယောက္ခမအိမ်မှာ ပစ္စည်းတစ်ချို့ သွားယူရင်း အပစ်ခံခဲ့ရတာ” ဟု ဆိုသည်။
ကယားပြည်နယ်အတွင်းတွင် ၂၀၂၁ခုနှစ်မေလမှစ၍ တစ်ကျော့ပြန်လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့မှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိသည်။ ပြင်းထန်သည့်လက်နက်ကိုင် တိုက်ပွဲများကြောင့် ပြည်နယ်အတွင်းရှိမြို့နယ်၇မြို့နယ်အနက်မှ ၆မြို့နယ်၌ လက်ရှိကာလတွင် ထိခိုက်ခံစား နေရပြီး လူပေါင်း သောင်းနှင့်ချီ နေအိမ်များစွန့်ခွာ၍ ထွက်ပြေးနေကြရသည်။ အချို့မှာ ဘာသာရေး ဝတ်ပြု ကျောင်းများ၊ ရပ်ရွာလူထုစင်တာ စသော လုံခြုံသော နေရာများတွင် ပြောင်းရွှေ့နေထိုင်ပြီး အချို့မှာ တောအတွင်း၌ ပြောင်းရွှေ့ ပုန်းခိုနေထိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြားသော ပြည်တွင်း လက်နက်ကိုင် အဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလျက်ရှိပြီး၊ ယင်းအကျိုးဆက်ကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူအသစ်များ မြင့်တက်လျက် ရှိသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ကျေးရွာများအားမီးရှို့ ဖျက်ဆီးမှုများကြောင့် လူပေါင်း ၄၄၀,၀၀၀ခန့်သည် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး၊ ယင်းနေရပ်စွန့်ခွာနေရ သူများ၏ ထက်၀က်ကျော်ခန့်သည် မြန်မာနိုင်ငအရှေ့တောင်ပိုင်းဒေသရှိ ထိခိုက်နစ်နာမှုအဆိုးရွားဆုံး ခံစားခဲ့ရသည့် ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့မှဖြစ်ကြသည်။
ဖတ်ရှုပါ: ပဋိပက္ခဖြစ်ပွားမှု ပြင်းထန်လာမှုကြောင့် UNHCR သည် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ရ သူများထံ ကူညီထောက်ပံ့ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း
ကယားပြည်နယ်ရှိ အန်နာရု နှင့် သူမမိသားစုကဲ့သို့ အခြားသူများသည်လည်း ကြိမ်ဖန်များစွာ နေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင် နေရသည်။ “ ၂၀၂၁ ခုနှစ် ဇွန်လကတည်းက ကျွန်မတို့ပြေးလွှားနေရတာ” ဟု သူမ ရှင်းပြပြောဆိုသည်။ “ပထမတုန်းက ကျွန်မတို့ရွာ ဒီမောဆိုးမြို့နယ်ကနေ ယောက္ခမတွေနေတဲ့ လွိုင်ကော် မြို့နယ်ထဲ ပြောင်းရွှေ့ခဲ့ရတယ်။ နောက်အဲဒီကနေ တောထဲကို ထပ်ပြောင်းပြီး လနဲ့ချီအဲ့မှာ နေထိုင်ခဲ့ရတယ်” ဟု ဆိုသည်။ သူမသည် မုဆိုးမဘဝဖြင့် ကလေးငယ်လေးဦးကျန်ရစ်ခဲ့ကာ ပြီးခဲ့သည့်လ ကယားပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုပြင်းထန်ခဲ့၍ လွိုင်ကော်မြို့နယ်ရှိ အခြားဘေးကင်း လုံခြုံရာကျေးရွာသို့ နောက်ဆုံးတွင် ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ဘေးကင်းလုံခြုံရာနေရာကိုကြံရာမရဖြစ်ပြီး မည်သည့်နေရာသို့ ထပ်မံပြောင်းရွှေ့ရမည် မသိတော့၍ အခြားသောနေရပ်စွန့်ခွာ မိသားစုများနှင့်အတူလိုက်ပါလာခဲ့ပြီး အနီးဝန်းကျင်ဒေသဖြစ်သော ရှမ်းပြည်နယ်ဘက်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“ကလေးတွေကလွဲပြီး ကျန်တာအားလုံး ဆုံးရှုံးခဲ့ရပြီးပြီ”
“ဒီလိုဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမတွေးမိခဲ့ဘူး။ အရင်က ကျွန်မတို့မိသားစုတွေ ကိုယ့်ရွာမှာပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြရတယ်။ အခုတော့ ကျွန်မကလေးတွေကလွဲပြီး အရာအားလုံး ဆုံးရှုံးခဲ့ရပြီးပြီ” ဟု သူမက ပြောသည်။
လက်ရှိတွင် ၎င်းတို့သည်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေထိုင်လျက်ရှိပြီး ယင်းကဲ့သို့သောမြင်ကွင်းမျိုးသည် မြန်မာနိုင်ငံအတွင်း ထပ်တလဲလဲဖြစ်ပေါ်လျက်ရှိရာ ဒေသခံလူထုအသိုင်းအဝန်းနှင့် ဒေသခံပရဟိတလုပ်ငန်း ဆောင်ရွက်သူတို့သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုများကို ဦးဆောင်လုပ်ကိုင်လျက်ရှိပြီး စည်းလုံးညီညွှတ်မှုကို ပြသလျက်ရှိသည်။ ယင်းတို့အနေဖြင့် အကောင်းဆုံး လုပ်ကိုင်ကူညီဆောင်ရွက်လျက် ရှိသော်လည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ပိုမိုရောက်ရှိလာသောကြောင့် ဒေသခံရင်းမြစ်များကို တိုးချဲ့၍ကျယ်ပြန့်စွာဆောင်ရွက်လျက် ရှိသည်။
ကယားပြည်နယ်မှ ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်နေသော လူဦးရေ ၃ သောင်းခန့်အား ကူညီထောက်ပံ့ပေး နေရသည့် အခက်အခဲအချို့လျော့ကျစေရန် နှင့် အခြေခံလူထုများထံ အကူအညီများ ထောက်ပံ့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR သည် ယခုနှစ်အစောပိုင်းကာလများမှစတင်၍ ဒေသခံမိတ်ဖက်အဖွဲ့များ နှင့် ဒေသခံလူထု အသိုင်းအဝန်း တို့နှင့်အတူပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။ ကျွန်ုပ်တို့အဖွဲ့အနေဖြင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေရာတွင် ညှိနှိုင်းကူညီဆောင်ရွက်ရန်နှင့် အခြေခံအိမ်သုံး ပစ္စည်းများနှင့် အ၀တ်အထည်များ လုံလောက်စွာမရရှိမှုတို့ကို ဖြေရှင်းကူညီပေးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်သော တောင်ကြီးမြို့တွင် ယာယီအခြေစိုက်စခန်းတစ်ခု ဖွဲ့စည်းထားပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ခန့်က ကယားပြည်နယ်မှ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ သောင်းခန့် သည် ရှမ်းပြည်နယ်ရှိမြို့နယ်အနှံအပြားသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး ယင်းနေရပ်စွန့်ခွာပြည်သူတို့သည် စောင်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ခြင်ထောင်များ၊ ရေသိုလှောင်ပုံးများ၊ ရေပုံးများ၊ ဖျာများ၊ တာပေါ်လင်များ နှင့် ဆောင်းရာသီသုံးပစ္စည်းများအစရှိသည့် အကူအညီများကို လက်ခံရရှိခဲ့ကြသည်။ ထို့အပြင် ဒေသခံ စေတနာရှင်များ မှလည်း သွားတိုက်ပွတ်တံများ၊ ဆပ်ပြာများ၊ ခေါင်းလျော်ရည်များ စသော ပစ္စည်းများကိုလည်း ကူညီပံ့ပိုးခဲ့ကြသည်။
ပိုင်ဆိုင်မှုအနည်းကိုသာယူဆောင်လာနိုင့်ခဲ့သည့်အန်နာရု သည် ယင်းကဲ့သို့သော အကူအညီများ လက်ခံရရှိသောအခါ ဝမ်းသာကျေးဇူးတင်လျက်ရှိသည်။ “ပထမကတော့ ကျွန်မတို့က ခရစ်ယန်ဘာသာဝင် ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့ နေထိုင်ဖို့ကိုက တွေဝေ ခဲ့သေးတယ်။” ဟု သူမက ရှင်းလင်း ပြောပြသည်။ “ဒါပေမယ့် ဘုန်းတော်ကြီးများက နွေးထွေးစွာ ကြိုဆိုတယ်။ အခုဆိုရင် အခြား နေရပ် ပြောင်းရွှေ့နေထိုင်သူတွေနဲ့ အားလုံးအတူ ညီညီညွတ်ညွတ် နေထိုင်လျက်ရှိပါတယ်။ ကျွန်မ ကလေးငယ်လေးတွေရဲ့ အဝတ်အစားတချို့ပဲ ယူလာနိုင်ခဲ့တဲ့ အတွက် စောင်တွေ၊ ရေပုံးတွေ၊ ဖျာတွေ၊ အဝတ်စားတွေ ထောက်ပံ့ပေးတာ အရမ်း အထောက်အကူ ဖြစ်စေ ပါတယ်။” ဟု ဆိုသည်။
ကယားပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများသည် လျော့နည်းသွားသည့် အခြေအနေ မရှိသေး၍ လာမည့်ရက်သတ္တပတ် နှင့် လများအတွင်း ရှမ်းပြည်နယ်ဘက်သို့ နေရပ်စွန့်ခွာမှုများ ထပ်မံ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပြောင်းရွှေ့နေထိုင်စရာနေရာတစ်ခု ရှာဖွေတွေ့ရှိခဲ့၍စိတ်သက်သာရာရရှိခဲ့သော်လည်း အန်နာရုထ် သည် သူမရဲ့ဇာတိ ကယားပြည်နယ်သို့သာ ပြန်လည်နေထိုင် ချင်စိတ်ဖြစ်ပေါ်လျက်ရှိသည်။ “ကျွန်မကလေးတွေက ဘယ်တော့အိမ်ပြန်မလဲလို့ပဲ မေးမေးနေကြတယ်။ ကျွန်မတို့တွေ မကြာခင် ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
*ကာကွယ်စောင့်ရှောက်မှုဆိုင်ရာအခြေအနေကြောင့် အမည်နာမအား လွှဲပြောင်းဖော်ပြထားပါသည်။