မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမှုများနှင့် ဘေးဒုက္ခများ ဆက်လက်ဖြစ်ပွားမည့် အခြေအနေ ရှိနေဟု Bachelet မှ ပြင်းထန်သော သတိပေးချက်တစ်ရပ် ထုတ်ပြန်
၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်။
ဂျီနီဗာ – မြန်မာနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုများ ဆက်လက် တိုးမြင့်ဖြစ်ပွားလာတော့မည်ဖြစ်ပြီး အသက်ဆုံးရှုံးမှုများ ပိုမိုများပြားလာမှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေ ပြင်းထန်ဆိုးရွားလာမှုတို့ကို တားဆီးနိုင်ရန်အတွက် အဆိုပါအကြမ်းဖက်မှုများအား ရပ်တန့်ရန် လိုအပ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က သောကြာနေ့တွင် သတိပေးပြောကြားလိုက်ပါသည်။ သတင်းပေးပို့ချက်များအရ စစ်တပ်အင်အားတိုးချဲ့မှုများပြုလုပ်လျက်ရှိကြောင်း အထူးသဖြင့် နိုင်ငံ၏ အရှေ့ပိုင်းရှိ ကယားပြည်နယ်နှင့် အနောက်ပိုင်းရှိ ချင်းပြည်နယ်တို့တွင် အရှိန်မြှင့်လျက်ရှိကြောင်း ဖော်ပြနေပါသည်။
“မိမိ စိုးရိမ်ခဲ့သည့်အတိုင်း ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အပါအဝင် မြန်မာ နိုင်ငံရှိ နေရာဒေသအများအပြားတွင် လက်နက်ကိုင်ပဋိပက္ခနှင့် အခြားသော အကြမ်းဖက်မှုများ အရှိန်မြင့်လာနေကြောင်း၊ အဓိကအားဖြင့် တိုင်းရင်းသားလူနည်းစုများနှင့် ဘာသာရေးလူနည်းစုများ နေထိုင်ကြသည့် ဒေသများတွင် အခြေအနေ ပို၍ဆိုးရွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များသည် လက်နက်ကိုင်အဖွဲ့များ၊ အရပ်သားများနှင့် ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ လက်နက်ကြီးများ အသုံးပြု၍ ဆက်လက်တိုက်ခိုက်နေကြကြောင်း” Bachelet က ဆိုပါသည်။
“အကြမ်းဖက်မှုများ ရပ်တန့်ပါမည်ဟု အာဆီယံအဖွဲ့ကြီးထံ ကတိကဝတ်ပြုထားမှုများနှင့် ဆန့်ကျင် ကွဲလွဲစွာ စစ်တပ်သည် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ လျော့ကျသွားစေရန် ကြိုးပမ်းအားထုတ် နေသည့်လက္ခဏာ မတွေ့ရဘဲ အဓိကကျသည့် ဒေသများတွင် စစ်အင်အားကို တိုးမြှင့်ချထားလျက် ကြောင်း” လည်း ၎င်းက ဆိုပါသည်။
ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရ လုံခြုံရေးတပ်ဖွဲ့များသည် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဖယ်ခုံနှင့် ဒီမောဆိုတို့တွင် အရပ်သားများအား လူသားဒိုင်းများအဖြစ် အသုံးပြုခြင်း၊ အရပ်သားများ၏ နေအိမ်များနှင့် ဘုရားကျောင်းများကို ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ သွားရောက်ပေးအပ်နိုင်ခြင်း မရှိအောင် ပိတ်ဆို့တားဆီး လျက်ရှိရာ လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်သူများကို တိုက်ခိုက်ခြင်းများလည်း ပြု လုပ်နေပါသည်။
“ကယားပြည်နယ်တွင် လွန်ခဲ့သော သုံးပတ်ကာလအတွင်းမှာပင် လူပေါင်း ၁၀၈,၀၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ လူအများအပြားသည် စားနပ်ရိက္ခာ၊ ရေ၊ သန့်ရှင်းရေး သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု အနည်းအကျဉ်းမျှသာ ရရှိနိုင်သော သို့မဟုတ် လုံးဝ မရရှိသော သစ်တောများအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ထိုသူများသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီး လိုအပ်နေကြကြောင်း” Bachelet က ပြောကြားပါသည်။
“မြန်မာစစ်တပ် (တပ်မတော်) သည် အရပ်သားများကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိ ကြောင်း၊ တပ်မတော်သည် အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာပစ္စည်း၊ အဆောက်အအုံများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ လက်သင့်ခံနိုင်စရာ မရှိသဖြင့် ထိုသို့ တိုက် ခိုက်နေခြင်းကို ရပ်တန့်ရန်နှင့် စစ်ဘက်နှင့် အရပ်ဘက် ခွဲခြားရေးဆိုင်ရာ အခြေခံမူကို လေးစား လိုက်နာရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တညီတညွတ်တည်း တောင်းဆိုကြဖို့ လိုအပ်ကြောင်း၊ အသစ်ဖွဲ့စည်းပေါ်ပေါက်လာသော “ပြည်သူ့ကာကွယ်ရေးအဖွဲ့များ” နှင့် အခြားလက်နက်ကိုင်အဖွဲ့များ သည်လည်း ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် အရပ်သားများကို ကာကွယ် စောင့်ရှောက်ပေးကြရမည် ဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောကြားပါသည်။
နိုင်ငံတစ်ဝှမ်းလုံးတွင် ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအရ ဝတ်ပြုဆုတောင်းရာ နေရာများကို ကာကွယ်စောင့်ရှောက်ပေးကြရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်း ဆိုပန်ကြားလိုက်ပါသည်။ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများ အတွင်း တပ်မတော်မှ ဝင်ရောက်တပ်စွဲခြင်း၊ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုများအတွင်း အဆိုပါနေရာများအား ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်ရပ်အချို့အား ယုံကြည်စိတ်ချရသည့် သတင်းပေးပို့ အစီရင်ခံမှုများကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ လက်ခံရရှိထားပါသည်။
စာသင်ကျောင်းများအတွင်း သို့မဟုတ် အနီးတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများသည် မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများကို စာသင်နှစ်အသစ်အတွက် ကျောင်းအပ်နှံလိုစိတ် ပပျောက်စေသကဲ့ ဖြစ်စေသည်။ ထောင်သောင်းချီသော ဆရာ၊ ဆရာမများသည် အလုပ်ခွင် သို့ ပြန်လည်ဝင်ရောက်ရန် ငြင်းဆန်ထားပါသည်။ အချို့မှာမူ စစ်ဘက်ဆိုင်ရာ အာဏာပိုင်များက အလုပ်မှ ရပ်နားခြင်းကို ခံထားရပါသည်။ ရလဒ်အနေဖြင့် ကလေးအများစုသည် ၎င်းတို့၏ ပညာ သင်ကြားပိုင်ခွင့်ဟူသည့် အခွင့်အရေးကို လက်လှမ်းမီ ရရှိနိုင်လိမ့်မည် မဟုတ်ပါ။
ယုံကြည်စိတ်ချရသော သတင်းများအရ ဖေဖေါ်ဝါရီလ (၁) ရက်နေ့နောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့များကြောင့် သေဆုံးခဲ့ရသူပေါင်း အနည်းဆုံး ၈၆၀ ဦး ရှိနေပြီး အများစုသည် ဆန္ဒပြပွဲများ အတွင်း သေဆုံးရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ထိုအချိန်အတောအတွင်းတွင် တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် အတိုက်အခံများ အား ဖမ်းဆီးထိန်းသိမ်းမှု အများအပြားသည်လည်း နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပွားနေပြီး ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရ အနည်းဆုံး လူပေါင်း ၄,၈၀၄ ဦးသည် တရား ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများအား နှိပ်စက်ညှင်းပန်းခြင်း၊ တက်ကြွလှုပ်ရှားသူများ၏ မိသားစုဝင်များကိုပါ သိမ်းကျုံးအပြစ်ပေးခြင်း (မေလ ၂၈ ရက်နေ့တွင် တက်ကြွလှုပ်ရှားသူတစ်ဦး၏ မိခင်ကို သူမ၏ သားကိုယ်စား ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်) ဖြစ်ရပ်များကို ကြားသိရသဖြင့် များစွာ စိုးရိမ်ပူပန်မိကြောင်း မဟာမင်းကြီးက ပြောကြားခဲ့ပါသည်။
“စစ်တပ်သည် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရမည့်အစား ၎င်းကို ဆန့်ကျင်ကန့်ကွက်သူများအား ‘အကြမ်းဖက်သမားများ’ အဖြစ် အမည်တပ်ပြီး ဒီမိုကရေစီခေါင်းဆောင်များကိုလည်း နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် စွဲချက်များ တင်ထားကြောင်း” Bachelet က ဆိုပါသည်။
လက်ရှိ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုတိုက်တွန်းရန်အတွက် အာဆီယံနှင့် အခြားသော ဩဇာရှိသည့် နိုင်ငံများမှ အပါအဝင် ဒေသတွင်း သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရန် မဟာမင်းကြီးက တိုက်တွန်းထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့်လည်းကောင်း၊ အရပ် ဘက်လူမှုအဖွဲ့အစည်းမှ ဆက်စပ်သက်ဆိုင်သူများနှင့်လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အရေးတကြီး လိုအပ်လျက်ရှိနေပါသည်။
“လေးလကျော်မျှသာ ကြာမြင့်သည့် ကာလအတွင်းမှာပင် မြန်မာနိုင်ငံသည် နုနယ်အခြေမခိုင်သေးသည့် ဒီမိုကရေစီစနစ်မှ လူ့အခွင့်ရေးဆိုင်ရာ ကပ်ဘေးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း၊ အသက်များ ဆုံးရှုံးကြရသည့်အပြင် ပြည်သူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့် အရေးများမှာလည်း ပြင်းထန်စွာ ထိခိုက်ခဲ့ရကြောင်း၊ ဤအကျပ်အတည်းအတွက် တာဝန်ရှိ သည်မှာ စစ်ဘက်ခေါင်းဆောင်များသာလျှင် ဖြစ်ပြီး တာဝန်ခံမှုရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း” Bachelet ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသည် ဇူလိုင်လ (၇) ရက်တွင် မြန်မာနိုင်ငံ၏ အခြေ အနေများနှင့် စပ်လျဉ်း၍ နောက်ဆုံးရအချက်အလက်များကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ သို့ တင်ပြသွားမည်ဖြစ်ပါသည်။
ပြီး။