သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်များ

၂၀၂၁ ခုနှစ် ဧပြီလ ၀၁ ရက်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပါသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတွင် လျှင်မြန်စွာ ယိုယွင်းပျက်ပြားလာသော အခြေအနေကို များစွာ စိုးရိမ်ပူပန်နေပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအပေါ် အကြမ်းဖက်မှု နှင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် အရပ်သားများ ရာနှင့်ချီ၍ သေဆုံးရမှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက မြန်မာစစ်တပ်အား အဆုံးစွန်အထိ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ရန် ထပ်လောင်းတိုက်တွန်းလိုက်ပါသည်။ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားရန် နှင့် မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ၊ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုလျက် တွေ့ဆုံဆွေးနွေးမှုနှင့် ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုတို့ ပြုလုပ်ရန် လိုအပ်ကြောင်းကို ထပ်လောင်း ပြောဆိုပါသည်။ သက်ဆိုင်သူအားလုံးမှ အကြမ်းဖက်မှုကို ရှောင်ရှားကြရန် တိုက်တွန်းပါသည်။ ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် ထပ်မံတိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက် တွင် ပါရှိသော နိုင်ငံတကာအသိုင်းအဝိုင်းမှ တညီတညွတ်တည်း ပြတ်သားခိုင်မာစွာ တုံ့ပြန် ဆောင်ရွက်ကြရန် တိုက်တွန်းထားချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များမှ အလေးထားပါသည်။ အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်ပြီး ဤကိစ္စကို အလေးဂရုပြုဆောင်ရွက်သွားရန် အလေးအနက် ပြောကြား ပါသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကြိုးပမ်းလုပ်ဆောင်နေမှုများကို အပြည့်အဝထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားပြီး အရှေ့တောင်အာရှသို့ သူမ သွားရောက်ရန်ရှိသည့် ခရီးစဉ်ကို ကြိုဆို သည့်အပြင် သူမအနေဖြင့် မြန်မာနိုင်ငံသို့ တတ်နိုင်သမျှအမြန်ဆုံး သွားရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် အာဆီယံအဖွဲ့၏ ကြိုးပမ်း ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံအားပေးပါသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူများ အားလုံးထံသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ၊ အတားအဆီးမရှိ သွားရောက်ကူညီပေးနိုင်ရေး တောင်းဆို ပါသည်။ ထို့ပြင် မကြာမီကာလအတွင်းက ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် ရိုဟင်ဂျာနှင့် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းသူများ၏ သဘောဆန္ဒအလျှောက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာ ရှိစွာ ရေရှည်တည်တံ့သော နည်းလမ်းဖြင့် နေရပ်ပြန်နိုင်ရေးအပေါ် အလွန်ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လာခြင်းကို စိုးရိမ်ပူပန်ကြောင်းလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထုတ်ဖော် ပြောကြားခဲ့ပါသည်။ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ် စောင့်ရှောက်ပေးရန် အလွန်တရာအရေးကြီးကြောင်းကိုလည်း ၎င်းတို့က အလေးအနက် ပြောကြားပါသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေး သီးခြား လွတ်လပ်မှု၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် ပေါင်းစည်းညီညွတ်မှုတို့အတွက် ရပ်တည်ပံ့ပိုးပေးရန် ခိုင်မာသော သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ