သတင်းထုတ်ပြန်ချက်

လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်။

"လုံခြုံရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အမှတ် SC/14430 ကို ပြန်လည်ကိုးကား၍ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်ဘက်မှ အရေးပေါ်အခြေအ‌နေ ကြေညာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် အခြားသူများအား တရားလက်လွတ် ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် များစွာ စိုရိမ်ပူပန်ကြောင်း ထပ်မံပြောကြားပါသည်။ ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန်လည်း လုံခြုံရေး ကောင်စီမှ ထပ်မံတိုက်တွန်းလိုက်ပါသည်။

“အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးများအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများအပေါ် အကြမ်းဖက်နေခြင်းကို လုံခြုံရေးကောင်စီမှ ပြင်းထန်စွာ ရှုတ်ချပါသည်။ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ သတင်းစာဆရာများနှင့် မီဒီယာသမားများအပေါ် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေခြင်းအပေါ်လည်းများစွာ စိုးရိမ်ပူပန် လျက်ရှိပြီး ဥပဒေမဲ့ထိန်းသိမ်းထားသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန် လုံခြုံရေးကောင်စီမှ တောင်းဆိုပါသည်။ စစ်တပ်အနေဖြင့် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ရန် တိုက်တွန်းလိုက်ပြီး လုံခြုံရေးကောင်စီသည် အခြေအနေကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိကြောင်း အလေးအနက်အသိပေးလိုက်သည်။  

“လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမှုအား ဆက်လက်ထောက်ခံအားပေးနေပြီး ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုမှ ရှောင်ကြဉ်ခြင်း၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အဝလေးစားခြင်းနှင့် တရားဥပဒေစိုးမိုးရေးအား ထိန်းသိမ်းခြင်းတို့ လိုအပ်ကြောင်း အလေးအနက်ပြောကြားပါသည်။ မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ရင်ကြားစေ့မှုတို့ကို လုပ်ဆောင်ရန် တိုက်တွန်းအားပေးလိုက်သည်။

“လုံခြုံရေးကောင်စီသည် ဒေသတွင်းအဖွဲ့အစည်းများ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) နှင့် ၎င်း၏ မြန်မာနိုင်ငံအတွက် အပြုသဘော ဆောင်၍ ငြိမ်းချမ်းစွာ ကူညီပံ့ပိုးပေးရန် အသင့်ရှိမှုအား အခိုင်အမာ အားပေးထောက်ခံကြောင်း ထပ်မံပြောကြားပါသည်။ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးနှင့် ဆက်သွယ်ညှိနှိုင်းဆွေးနွေးရန် အာဆီယံ၏ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်နေမှုများကို ချီးကျူးပါသည်။ မကြာသေးမီကာလ မတ်လ ၂ ရက်နေ့တွင် အလွတ်သဘော ကျင်းပခဲ့သော အာဆီယံဝန်ကြီး အစည်းအဝေးကို လည်းကောင်း၊ နှင့် မတ်လ ၂ ရက်နေ့နှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဆီယံဥက္ကဋ္ဌမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များကိုလည်းကောင်း လုံခြုံရေး ကောင်စီမှ ကြိုဆိုပါသည်။ ထိုလုပ်ဆောင်ချက်များသည် အာဆီယံပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက် များနှင့် အခြေခံစည်းမျဉ်းများ၊ အထူးသဖြင့် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး လေးစားလိုက်နာ ထိန်းသိမ်းမှု၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို လေးစားရေးတို့ကို အခြေခံလျက် သက်ဆိုင်သူများအားလုံးအား အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများအတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် လက်တွေ့ကျသော ပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့မှုတို့မှတစ်ဆင့် ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားပါသည်။

“လုံခြုံရေးကောင်စီအနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်၏ ဆက်ဆံရေးရုံးကို ထောက်ခံအားပေးလျက်ရှိကြောင်း၊ သူမ၏ ပြန်ကြားဆက်သွယ်မှု များကို ဆက်လက်လုပ်ဆောင်ဖို့ အားပေးကြောင်း၊ မြန်မာနိုင်ငံရှိ သင့်လျော်သူအားလုံး နှင့် နှံ့နှံ့စပ်စပ် ချိတ်ဆက် ဆက်သွယ်ဖို့နှင့် မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်နိုင်ဖို့ သူမ၏ကြိုးပမ်း အားထုတ်မှုအားလုံးကို ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းပါသည်။

“လုံခြုံရေးကောင်စီက လိုအပ်လျက်ရှိသူအားလုံးဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိ ဘေးကင်းစွာ ရောက်ရှိနိုင်ဖို့ဆက်လက်တောင်းဆိုလိုက်သည်။ လက်ရှိ အခြေအနေသည် ရခိုင်ပြည်နယ်နှင့် အခြားဒေသများတွင်လက်ငင်းရှိနေသည့် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေနိုင်သည့်အလားအလာရှိကြောင်းကို အလေးအနက်ထား ပြောကြားသည်။ လုံခြုံရေး ကောင်စီက မကြာသေးမီက ဖြစ်ပေါ်ခဲ့သောအကြောင်းအရာများသည် ရိုဟင်ဂျာဒုက္ခသည်များ မိမိတို့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိနှင့် ရေရှည်တည်တံ့သော နေရပ်ပြန်ရေးအတွက် အထူး စိုးရိမ်စရာစိန်ခေါ်မှုများကို ဖြစ်ပေါ်နိုင်ကြောင်း စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားပါသည်။ လူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အဝ အကာအကွယ်ပေးဖို့ အရေးကြီးပါသည်။

“လုံခြုံရေးကောင်စီသည် မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာပိုင်ဆိုင်မှု၊ နိုင်ငံရေးသီးခြားလွတ်လပ်မှု၊ နယ်မြေတည်တံ့မှုနှင့် ပေါင်းစည်းညီညွတ်မှုတို့အတွက် ရပ်တည် ပံ့ပိုးပေးရန်  ခိုင်မာသော သန္နိဌာန်အား ထပ်လောင်းအတည်ပြုသည်။

“လုံခြုံရေးကောင်စီသည် ဤကိစ္စအပေါ် အလေးထားဆက်လက် စောင့်ကြည့်လျက်ရှိပါသည်။”

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ