သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်     

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်။

မြန်မာနိုင်ငံရှိ အဓိကမြို့ကြီးများတွင် အင်အားသုံးဖြိုခွင်းမှုများ များပြားလာခြင်းနှင့် သံချပ်ကာကားများဖြန့်ကျက်နေရာယူထားသည့် သတင်းပေးပို့ချက်များအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သည် အလွန်အမင်းစိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံရှိ စစ်ဘက်ဆိုင်ရာနှင့် ရဲတပ်ဖွဲ့တို့အား ငြိမ်းချမ်းစွာ စုဝေးခွင့်/စီတန်းလှည့်လည်ခွင့်ကို အပြည့်အဝ လေးစားလိုက်နာကြရန်နှင့် ဆန္ဒပြသူ များအား တုံ့ပြန်ရန်ပြုအရေးယူခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းလိုက်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းပေးပို့မှုများ ရှိနေပြီး ၎င်းတို့သည် လက်သင့်မခံနိုင်သော လုပ်ရပ်များ ဖြစ်သည်။

နိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရအရာရှိများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ပါဝင်လုပ်ဆောင်သူများ နှင့် မီဒီယာသမားများအား ဆက်လက်ဖမ်းဆီးနေမှုများ၊ အင်တာနက်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအပေါ် ကန့်သတ်ချက်များသည် အလွန်အမင်း စိုးရိမ်ပူပန်စရာ ဖြစ်နေသည်။ သတင်းအချက်အလက်များ လက်လှမ်းမီ ရရှိခွင့်အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်စေရန်အတွက် ထိုဝန်ဆောင်မှုများသည် ပြတ်တောက်ခြင်း မရှိစေရပါ။   

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကုလမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား အတူစုပေါင်း၍ သာမက တစ်နိုင်ငံချင်းအလိုက်လည်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်ပေးကြရန်လည်း ထပ်လောင်း တိုက်တွန်းလိုက်သည်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာပြည်သူများ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုပမ်းဆောင်ရွက်မှုများကို ကုလသမဂ္ဂအဖွဲ့ အနေဖြင့် မယိမ်းမယိုင်၊ မဆုတ်မနစ် အားပေးကူညီပံ့ပိုးနေကြောင်း ထပ်လောင်း ပြောကြား

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား နှစ်ဖက်သဘောတူလက်ခံနိုင်မည့် အခြေအနေများနှင့်အညီ မြန်မာနိုင်ငံသို့ အမြန်ဆုံးလာရောက်၍ အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်လေ့လာခွင့်ပြုရန် စစ်ဘက်ဆိုင်ရာ အာဏာပိုင်များကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်သည်။  

ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၏ ဝက်ဆိုက် - http://www.un.org/sg/en/spokesperson

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ