သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင် နောက်ထပ်လူသန်းပေါင်းများစွာ ဆာလောင်မွတ်သိပ်မည့်အရေး ရင်ဆိုင်နေရချိန် ကိုရီးယားသမ္မတနိုင်ငံက စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အကူအညီများ တိုးမြှင့်ပံ့ပိုး

၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်။

‎ 

ရန်ကုန်မြို့ – မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အကူအညီများကို ပေးအပ်နိုင်ရန်အတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သို့ ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ (၅) သန်း ထပ်မံပံ့ပိုးလိုက်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။ ကိုရီးယားသမ္မတနိုင်ငံ၏ ပံ့ပိုးကူညီမှုသည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသောအချိန်တွင် ရောက်ရှိလာခြင်းဖြစ်ပါသည်။ လက်ရှိမြင့်မားနေသော စားနပ်ရိက္ခာနှင့် စက်သုံးဆီဈေးနှုန်းများ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေပါက ထပ်တိုး လူဦးရေ (၅) သန်းအထိ လတ်တလောစားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်ရနိုင်ကြောင်း WFP ၏ လေ့လာသုံးသပ်ချက်များက သတိပေးထားသည်။ 

ဤရန်ပုံငွေကို အသုံးပြုကာ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံရှိ WFP တို့၏ ပူးပေါင်းအစီအစဉ်တစ်ခုဖြစ်သော "ပဋိပက္ခဒဏ်ခံစားရသော မိသားစုများအတွက် အရေးပေါ်အကူအညီဖြင့် တုံ့ပြန်ခြင်း" ဟုခေါ်သည့် REACH အစီအစဥ်၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ REACH အစီအစဥ် ဒုတိယအဆင့်မှတစ်ဆင့် WFP သည် လူဦးရေ ၁၄၀,၀၀၀ အတွက် ကယ်ဆယ်ရေးစားနပ်ရိက္ခာ အကူအညီများနှင့်အတူ အသက်ငါးနှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ စုစုပေါင်း ၁၅,၀၀၀ ဦး အတွက်ပါ အာဟာရဆိုင်ရာ အထောက်အပံ့များကို ပေးအပ်သွားမည်ဖြစ်သည်။ ဤအကူအညီများကို ပြည်တွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအပြင် ပဋိပက္ခများ နှင့် ၂၀၂၅ ခုနှစ် ငလျင်ကြီးအပါအဝင် လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ရိုက်ခတ်မှုများကြောင့် ထိခိုက်ခံစားနေရသည့် မိသားစုများက ဦးစားပေး ရရှိကြမည်ဖြစ်သည်။

“ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရချိန်မှာ ဘယ်မိသားစုတစ်ဦးတစ်ယောက်မှ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အကူအညီမဲ့ ရင်ဆိုင်ရနေရတာမျိုးဟာ မဖြစ်သင့်ပါဘူး။” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးယာယီတာဝန်ခံ H.E. Mr. Bae Byeongsoo က ပြောကြားသည်။ “ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သွားဖို့ သန္နိဋ္ဌာန်ချထားဆဲဖြစ်ပြီး၊ WFP နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် အသက်ကယ် စားနပ်ရိက္ခာနဲ့ အာဟာရဆိုင်ရာ အထောက်အပံ့တွေဟာ  အကူအညီအလိုအပ်ဆုံးဖြစ်နေတဲ့သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေ၊ မိခင်တွေနဲ့ နေရပ်စွန့်ခွာရသူတွေဆီ ရောက်ရှိစေရေးအတွက် ကူညီပံ့ပိုးနေပါတယ်။”

မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာပေါ်၌ ဝမ်းရေးဒုက္ခကို ဆဋ္ဌမမြောက် အဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံဖြစ်ပြီး  လူဦးရေ ၁၂ ဒဿမ ၄ သန်း (လူလေးဦးလျှင် တစ်ဦးနီးပါး) သည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရသည်။ လူဦးရေ (၄) သန်း ဝန်းကျင်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပြီး                            ကလေးငယ် ၃၆၀,၀၀၀ ကျော်တို့မှာလည်း လတ်တလော အာဟာရချို့တဲ့မှုကို ခံစားနေရသည်။ 

စားနပ်ရိက္ခာဝယ်ယူစားသောက်နိုင်စွမ်းမှာလည်း လျင်မြန်စွာ ကျဆင်းလျက်ရှိသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံစားသောက်ကုန်များ၏ ပျမ်းမျှကုန်ကျစရိတ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် နှိုင်းယှဉ်ပါက ယခုအခါ ၂၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ပြီး၊ အမြင့်မားဆုံးအနေဖြင့် ရခိုင်ပြည်နယ်တွင် ၄၃ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ မြင့်တက်လာသော သယ်ယူပို့ဆောင်ရေးစရိတ်များ၊ အဓိကထောက်ပံ့ရေးလမ်းကြောင်းများတစ်လျှောက် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုတို့သည် အခြေခံလိုအပ်ချက်များ ပြည့်မီရေးအတွက်ပင် ရုန်းကန်နေရသည့် အိမ်ထောင်စုများအပေါ် ထပ်မံ၍ ဖိအားဖြစ်ပေါ်စေလျက်ရှိပါသည်။

"မြန်မာနိုင်ငံမှာ နောက်ထပ်လူသန်းပေါင်းများစွာ ဝမ်းရေးဒုက္ခနဲ့ကြုံရတော့မယ့်အခြေအနေမှာ ကိုရီးယားသမ္မတနိုင်ငံရဲ့ စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ကျွန်တော်တို့ WFP အနေနဲ့ အကူအညီတွေကို ဆက်လက်ပေးအပ်နိုင်တာဖြစ်ပါတယ်" ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်  Mr. Michael Dunford က ပြောကြားသည်။ “ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ ကြီးမြင့်လာတဲ့ကုန်စျေးနှုန်းတွေနဲ့ ထပ်တလဲလဲကြုံတွေ့နေရတဲ့ ရိုက်ခတ်မှုတွေကြောင့် ထိခိုက်ခံစားနေရတဲ့ မိသားစုတွေအတွက် ဒီအထောက်အပံ့ဟာ ထမင်းတစ်နပ်စာဆိုတာထက်ပိုပြီး အဓိပ္ပာယ်များစွာရှိပါတယ်။ ဒီအကူအညီဟာ အကျပ်အတည်းကာလမှာ အသက်ဆက်ရှင်စရာ အားကိုးအားထားတစ်ခုဖြစ်တဲ့ပြင် စိတ်ပျက်အားငယ်မှုနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှုတို့ကြားက ခြားနားချက်တစ်ခုလည်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်တိုက်မြင့်တက်နေချိန်၌ ရှေရှည်အားထားနိုင်မည့် ပုံမှန်ရန်ပုံငွေအထောက်အပံ့များရရှိရေးမှာ အလွန်အရေးပါလျက်ရှိသည်။ REACH အစီအစဥ်မှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံနှင့် WFP တို့အတူ ပူးပေါင်းဆောင်ရွက်မှုသည် မည်မျှထိရောက်မှုရှိကြောင်းကို တွေ့မြင်နိုင်ပါသည်။ ယင်းအစီအစဥ်၏ ပထမအဆင့်တွင် WFP သည် မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေ ၄၂၀,၀၀၀ ကျော်ထံသို့ စားနပ်ရိက္ခာအကူအညီများ ပေးအပ်နိုင်ခဲ့ပြီး ယင်းအထဲတွင် အသက်ငါးနှစ်အောက် ကလေးငယ် ဦးရေ ၃၀,၂၀၀  နှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၁၆,၀၀၀ တို့သည်လည်း အာဟာရဆိုင်ရာ အထောက်အပံ့များ ရရှိခဲ့သည်။ ဝမ်းရေးအကျပ်အတည်း ပိုမိုမဆိုးရွားလာမီ ထိခိုက်ခံစားရသည့်မိသားစုများထံ အကူအညီများ အချိန်မီရောက်ရှိစေရေးအတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် WFP တို့သည် ယခုကဲ့သို့ ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့ လုပ်ဆောင်လျက်ရှိပါသည်။

ဓာတ်ပုံများကို ဤနေရာတွင် ရယူနိုင်ပါသည်။

                                      

WFP မှတစ်ဆင့်ပေးအပ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့များအကြောင်း

ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ၊ အာဟာရနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးဆိုင်ရာ WFP ၏ လုပ်ငန်းများအတွက် အစဥ်သဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။ အဆိုပါကာလရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကို လျှော့ချသွားနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာလူထု၏ ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို အားပေးမြှင့်တင်သွားရန်လည်း ရည်ရွယ်ပါသည်။ ယခုအခါ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်း ထည့်ဝင်လိုက်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆတက်ထမ်းပိုးတိုးမြှင့်ကူညီလိုက်ခြင်းဖြစ်ပါသည်။

WFP အကြောင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။

WFP ကို Facebook: www.facebook.com/WFPinMyanmar နှင့် X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ
generic profile

Minsoo Kim

WFP/Seoul

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ