သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိ ငလျင်ဒဏ် အပြင်းထန်ဆုံးခံရသည့်ဒေသများသို့ WFP အကူအညီများ ရောက်ရှိ

၂၀၂၅ ခုနှစ် ဧပြီလ ၀၃ ရက်။

WFP ၏ တုံ့ပြန်မှုလုပ်ငန်းဆိုင်ရာ အစီရင်ခံထုတ်ပြန်ချက်

မန္တလေးမြို့။      ။ သောကြာနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး ၄၈ နာရီအကြာမှစတင်ကာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ငလျင်ဒဏ်ထိခိုက်ခံစားရသည့် ရပ်ရွာလူထု လူမှုအသိုင်းအဝိုင်းများအတွက် အရေးပေါ်စားနပ်ရိက္ခာများ ဖြန့်ဝေပေးနေပြီဖြစ်ပါသည်။ WFP သည် ငလျင်ဒဏ်ခံခဲ့ရသောဒေသလေးခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငလျင်ဘေးမှ ရှင်ကျန်ရစ်သူ ၂၄,၀၀၀ ကျော်အား အကူအညီများပေးအပ်နိုင်ခဲ့ပြီး၊ ငလျင်ဘေးသင့်ပြည်သူ စုစုပေါင်း ၈၅၀,၀၀၀ အထိ ကူညီသွားနိုင်ရန် တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

WFP ၏ မြန်မာနိုင်ငံရှိ ငလျင်ဘေးတုံ့ပြန်မှုနှင့်ပတ်သတ်သည့် အရေးပေါ်ဆောင်ရွက်မှုဆိုင်ရာ နောက်ဆုံးရ အစီရင်ခံတင်ပြချက်ကို အောက်တွင်ဖတ်ရှုပါ။ 

စားနပ်ရိက္ခာအထောက်အပံ့များ ဖြန့်ဝေခြင်း

  • WFP သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည့်နေရာများတွင် စားနပ်ရိက္ခာ ထောက်ပံ့ကူညီရေးအစီအစဉ်များ ဆောင်ရွက်နေပြီဖြစ်ပါသည်။
  • စစ်ကိုင်း။          ။ ငလျင်ဘေးမတိုင်မီကပင် မြန်မာနိုင်ငံရှိနေရပ်စွန့်ခွာသူအားလုံး၏ သုံးပုံတစ်ပုံရှိနှင့်နေပြီးသားဖြစ်သည့် ပဋိပက္ခများဖြစ်ပွားရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် WFP သည် လူဦးရေပေါင်း ၄,၀၀၀ နီးပါးထံ စားနပ်ရိက္ခာအကူအညီများ ပေးဝေခဲ့ပြီးဖြစ်ပါသည်။
  • မန္တလေးမြို့။      ။ WFP သည် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ငလျင်ဗဟိုချက်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတွင် အားဖြည့်ဘီစကစ်များ ဝေငှခဲ့ရာ လူဦးရေ ၁၅,၀၀၀ ကျော်ထံ ‌ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ မန္တလေးမြို့ရှိ အနွမ်းပါးဆုံးနှင့် အဆိုးရွားဆုံးထိခိုက်ခဲ့ရသည့် ရပ်ကွက်များထဲမှတစ်ခုဖြစ်သည့်အပြင် ငလျင်ဒဏ်နှင့် နောက်ဆက်တွဲမီးဘေးကြောင့် အိမ်များအားလုံးနီးပါးဆုံးရှုံးခဲ့ရသည့် စိန်ပန်းရပ်ကွက်တွင်လည်း WFP က မိသားစု ၄၈၀ ခန့်၊ စုစုပေါင်း လူဦးရေ ၂၄၀၀ ခန့်ကို အကူအညီများပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
  • ရှမ်းပြည်နယ်တောင်ပိုင်း။   ။ WFP နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် လက်ရှိအချိန်တွင် လူဦးရေပေါင်း ၄,၀၀၀ ထံသို့ အထောက်အပံ့များ ဖြန့်ဝေပေးအပ်ခဲ့ပြီးဖြစ်သည်။
  • နေပြည်တော်။   ။ မတ်လ ၃၀ ရက်နေ့မှ စတင်၍ နေပြည်တော်တွင်လည်း စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိရာ စုစုပေါင်း လူဦးရေ ၁,၀၀၀ ခန့်သည် အားဖြည့်ဘီစကစ်များ ရရှိခဲ့ပြီးဖြစ်သည်။ 

     

  • ထို့အတူ WFP သည် စားနပ်ရိက္ခာ မက်ထရစ်တန်ချိန် ၁၀၀ ကျော်ကို ရန်ကုန်မှ မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းသို့ ပို့ဆောင်ထားပြီးဖြစ်သည်။
  • အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသူများကို ကူညီပေးရန်အတွက် WFP တွင် ချက်ခြင်းလက်ငင်း ပေးပို့ဖြန့်ဝေနိုင်သည့် အားဖြည့်ဘီစကစ် စုစုပေါင်း မက်ထရစ်တန် ၂၀၀ ကျော်ရှိပြီး၊ နိုင်ငံအတွင်း သိုလှောင်ထားသည့် စားနပ်ရိက္ခာ ၇,၀၀၀ မက်ထရစ်တန်လည်းရှိပါသည်။
  • WFP သည် တုံ့ပြန်မှုလုပ်ငန်း ပထမအဆင့်အနေဖြင့် လူဦးရေပေါင်း ၁၀၀,၀၀၀ ကို အသင့်စားရိက္ခာများဖြင့် ကူညီပေးနိုင်ရန် ရည်မှန်းထားပြီး၊ ၎င်းနောက်တွင် လူဦးရေပေါင်း ၈၅၀,၀၀၀ အတွက် တစ်လစာ စားနပ်ရိက္ခာနှင့် ငွေသားအကူအညီများ ပေးအပ်နိုင်ရန် ရည်မှန်းထားပါသည်။

လေ့လာဆန်းစစ်ချက်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှု

  • WFP သည် ငလျင်တုံ့ပြန်ရေးညှိနှိုင်းဆောင်ရွက်ရန် ဗဟိုတုံ့ပြန်ရေးစင်တာကို နေပြည်တော်တွင် တည်ထောင်ထားပြီး မန္တလေးသို့ ဝန်ထမ်းအဖွဲ့များ လျင်မြန်စွာစေလွှတ်ထားပါသည်။
  • ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကနဦးလိုအပ်ချက်ဆန်းစစ်ခြင်းများကို မိတ်ဖက်များနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းတွင် ဈေးကွက်လည်ပတ်မှုနှင့် လက်လှမ်းမီမှုအခြေအနေများကိုလည်း အကဲဖြတ်လျက်ရှိပါသည်။
  • မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲကာ ကဏ္ဍပေါင်းစုံ ကနဦးလိုအပ်ချက် လေ့လာဆန်းစစ်မှုကိုလည်း ဆောင်ရွက်လျက်ရှိပြီး၊ လေ့လာတွေ့ရှိချက်များ မကြာခင် ရရှိနိုင်ရန် ရည်မှန်းထားပါသည်။ 

တုံ့ပြန်ရေးဆိုင်ရာ စိန်ခေါ်မှုများ

  • ငလျင်ဘေးဒဏ်သင့်ဒေသများသို့ သွားရောက်နိုင်စွမ်းနှင့် ဆက်သွယ်ရေးစနစ်ဆိုင်ရာ အခက်အခဲများက WFP နှင့် မိတ်ဖက်အဖွဲ့အစည်းများအတွက် ပြီးပြည့်စုံသောတုံ့ပြန်ဆောင်ရွက်မှုတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ရာတွင် စိန်ခေါ်ချက်များဖြစ်ပေါ်စေလျက်ရှိပါသည်။
  • WFP သည် ငလျင်ဘေးသင့်ခဲ့ရသော လူဦးရေပေါင်း ၈၅၀,၀၀၀ ကို ကူညီထောက်ပံ့နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် အရေးပေါ်လိုအပ်လျက်ရှိပါသည်။
  • ငလျင်ဘေးမတိုင်မီကပင် မြန်မာနိုင်ငံရှိ လူဦးရေ ၁၅.၂ သန်း (လူလေးဦးတွင် တစ်ဦး) သည် ဝမ်းရေးအခက်အခဲများကြုံတွေ့ရင်ဆိုင်နေရသည်။ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ တိုးလာနေသည့်တိုင် WFP သည် ရန်ပုံငွေ မလုံလောက်မှုကြောင့် မကြာသေးမီကပင် လူဦးရေ တစ်သန်းကျော်အား အကူအညီများ ရပ်ဆိုင်းခဲ့ရပြီး၊ လက်ရှိတွင် ထိခိုက်လွယ်ဆုံးသောသူများအနက်မှ လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ လစဥ်အကူအညီများ ဆက်လက်ပေးအပ်လျက်ရှိပါသည်။ 

အယ်ဒီတာများအတွက် မှတ်ချက်

  • သတင်းဓာတ်ပုံများကို ဤနေရာတွင် ရယူနိုင်ပါသည်။
  • WFP ၏ မြန်မာနိုင်ငံရှိ အကူအညီပေးရေးလုပ်ငန်းများနှင့်ပတ်သတ်ပြီး ပိုမိုသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ 

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာ အထောက်အပံ့များမှတစ်ဆင့်  ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။   


WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။    

Elise Gibergues-Newton

WFP
Communications Officer
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

Isheeta Sumra

WFP/Rome

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ