အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနဲ့ အကြမ်းဖက်ခံရမှုမှ ရှင်သန်လွတ်မြောက်လာသူတွေကို ဒီကနေ့မှာ အောက်မေ့ဂုဏ်ပြုလိုပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေဟာ တွေးကြည့်လို့ပင်မရနိုင်တဲ့ ဝမ်းနည်းကြေကွဲမှု လှိုင်းတံပိုးကြီးတစ်ခု ဖြစ်ပေါ်စေပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေကြောင့် တစစီပြိုကွဲပျက်စီးသွားတဲ့ မိသားစုတွေနဲ့ လူမှုအသိုက်အဝန်းတွေဟာ ထာဝစဉ် ပြောင်းလဲသွားတာဖြစ်ပါတယ်။
မြင်တွေ့နိုင်တာကော မမြင်တွေ့နိုင်တဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ ဘယ်တော့မှ အပြည့်အဝပျောက်ကင်းတော့မှာ မဟုတ်ပါဘူး။
ညှင်းပန်းနှိပ်စက်မှုနဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးတွေကနေ လူသားတွေရဲ့ ကြံကြံခံနိုင်စွမ်းနဲ့ တောင့်ခံနိုင်စွမ်းရှိမှုတွေရဲ့ အံ့အားသင့်ဖွယ် သာဓကတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။
ဒီနှစ်ရဲ့ဆောင်ပုဒ်က “ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူနဲ့ အသိပညာပေးသူတွေလိုပဲ အကြမ်းဖက်ခံရသူတွေရဲ့ ရင်ဖွင့်သံတွေက ငြိမ်းချမ်းရေးအတွက် အသံတွေပါ” ဖြစ်ပါတယ်။
ဇွဲသတ္တိရှိမှု၊ ခွင့်လွှတ်မှုတွေနဲ့ ပတ်သက်လို့ သူတို့ တွေ့ကြုံခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြသူတွေအပါအဝင် အကြမ်းဖက်ခံရသူတွေနဲ့ အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူတွေ အားလုံးကို ဂုဏ်ပြုလိုပါတယ်။
တပါးသူတွေကို အသိပညာပေးနိုင်ဖို့ ကိုယ်တိုင်ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေအကြောင်းကို ပြန်ပြောင်းပြောပြတာဟာ အင်မတန် သတ္တိ ရှိတဲ့ လုပ်ရပ် ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ကျရောက်တဲ့ အကြမ်းဖက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရသူများအား အောက်မေ့ ဂုဏ်ပြုခြင်းနိုင်ငံတကာနေ့ဟာ အကြမ်းဖက်ခံရသူတွေရဲ့အသံကို နားထောင်ဖို့နဲ့ သင်ခန်းစာယူဖို့ ဆော်သြနေတာပါ။
ဒါ့အပြင် မျှော်လင့်ချက်အလင်းရောင်ကို အမြဲရှာဖွေနေရမယ်ဆိုတာကိုလည်း သတိပေးလိုက်တာ ဖြစ်ပါတယ်။
အကြမ်းဖက်ခံရသူတွေနဲ့ အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူတွေ အားလုံးရဲ့ အသံတွေ ပိုမိုကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနိုင်ဖို့ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်နိုင်ပါတယ်။
လက်ရှိနဲ့ အနာဂတ်ရဲ့ မျိုးဆက်တွေကို အသိပညာပေးရာမှာ အတူတကွ ကူညီဆောင်ရွက်နိုင်ပါတယ်။
အားလုံးအတွက် ပိုမို ငြိမ်းချမ်းပြီး ကြံကြံခံနိုင်စွမ်းရှိတဲ့ လူမှုအဖွဲ့အစည်းတွေကိုလည်း ကျွန်တော်တို့ အတူတကွ တည်ဆောက်နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။