ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဗွီဒီယိုသတင်းစကား
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုရင်း၊ တန်းတူညီမျှရေးတိုက်ပွဲမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအားလုံးအတွက် ချီးကျူးဂုဏ်ပြုလိုပါတယ်။
ပိုမိုတရားမျှတပြီး တန်းတူညီမျှတဲ့ ကမ္ဘာကြီး ပေါ်ပေါက်လာစေဖို့ တိုးတက်ဖြစ်ထွန်းမှုတွေကို တွန်းအားပေးတာ၊ လူမှုအစွဲတွေကို ပယ်ဖျက်တာနဲ့ အတားအဆီးတွေကို ဖယ်ရှားတာ၊ စတဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကိုလည်း သူတို့ ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမဲ့ ကြီးမားတဲ့ အတားအဆီးတွေနဲ့ သူတို့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ပစ်ပယ်ခံရတာ၊ တရားမျှတမှု မရတာနဲ့ ခွဲခြားဆက်ဆံခံနေရပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဆက်လက် ရှိနေတာဟာ လူသားမျိုးနွယ်ကို အရှက်ရစေပါတယ်။
အာဏာရယူရေးအပိုင်းတွေမှာ နှစ်ထောင်ချီကတည်းက ရှိခဲ့တဲ့ အမျိုးသားတွေ လွှမ်းမိုးချုပ်ကိုင်မှုတွေလည်း ကျွန်တော်တို့ ကမ္ဘာကြီးမှာ ဒီကနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။
တိုးတက်ပြောင်းလဲမှုတွေလည်း နည်းနေသေးသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအပေါ် ပြင်းထန်တဲ့ ထိုးနှက်ချက်တွေလည်း ရှိနေဆဲပါ။
ကျွန်တော်တို့ရဲ့ လက်ရှိ နှုန်းထားနဲ့ဆိုရင် တရားဝင် တန်းတူညီမျှမှု ရရှိဖို့ဆိုတာက နှစ်ပေါင်း သုံးရာလောက် ဝေးကွာနေဦးမှာပါ။
ကျွန်တော်တို့ ပိုမြန်မြန် ရွေ့ဖို့လိုပါတယ်။
ဒီတော့ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ သူတို့ရဲ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေနဲ့အတူ ရပ်တည်ရင်း၊ တိုးတက်ဖြစ်ထွန်းမှုတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ပြုပါတယ်။
“အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံ့စို့” ဆိုတဲ့ ဒီနှစ် ဆောင်ပုဒ်က အမျိုးသားကြီးစိုးမှု မူဝါဒ အဆုံးသတ်ရေးအတွက် ရှိထားပြီး အသုံးမပြုရသေးတဲ့ အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ဖို့လိုတယ်ဆိုတာ နှိုးဆော်နေပါတယ်။
ဒီတော့ ရှေ့တန်းကနေ လှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီရပါမယ်။
နောက်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ ရာသီဥတုဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်မှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ ခေါင်းဆောင်မှု တိုးမြှင့်ရေး စတဲ့ အစီအစဉ်တွေမှာလည်း ရင်းနှီးမြှုပ်နှံရပါမယ်။
ဒါတွေအားလုံးက ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရန်ပုံငွေ ရရှိရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးမှု အပေါ် မူတည်ပါတယ်။ ဒါမှသာ နိုင်ငံတွေအနေနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ ရန်ပုံငွေတွေ ရရှိလာမှာ ဖြစ်ပါတယ်။
စီးပွားရေး၊ ဘဏ္ဍာရေး၊ ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတွေမှာ အမျိုးသမီးခေါင်းဆောင် ဦးရေ တိုးမြှင့်ဖို့လည်း လိုပါတယ်။ ဒါက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ မူဝါဒတွေနဲ့ အစီအစဉ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ရာမှာ အထောက်အကူ ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေဟာ တရားမျှတ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ သက်သေထူပြီးသား လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ အားလုံးအတွက် ကောင်းမွန်တဲ့ အရာတစ်ခုပါ။
ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့အားလုံး အတူတကွ အရေးတကြီး ဆောင်ရွက်ကြရအောင်ပါ။
ကျေးဇူးတင်ပါတယ်။