လူ့အခွင့်အရေးနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
“လူသားအားလုံးဟာ လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနဲ့ အခွင့်အရေးများ တန်းတူရှိကြသည်။”
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အထင်ကရ အဖွင့်စကားရပ်ဟာ လွန်ခဲ့တဲ့ ၇၅-နှစ်က လက်ခံကျင့်သုံးခဲ့စဥ်ကအတိုင်း ဒီကနေ့ထိလည်း အရေးပါလှပါတယ်။
အပြည်ပြည်ဆိုင်ရာကြေညာစာတမ်းက အားလုံးအတွက် စစ်ပွဲတွေကို အဆုံးသတ်ဖို့၊ ကွဲပြားမှုတွေကို ကုစားဖို့နဲ့ ငြိမ်းချမ်းပြီး ဂုဏ်သိက္ခာရှိတဲ့ ဘဝတွေကို မြှင့်တင်ဖို့ရာအတွက် အထောက်အကူပေးတဲ့ လမ်းပြမြေပုံတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာကြီးက လမ်းပျောက်နေပါတယ်။ ပဋိပက္ခတွေ ပြင်းထန်နေပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ တိုးမြင့်နေပါတယ်။ မညီမျှမှုတွေ ပိုမိုနက်ရှိုင်းလာနေပါတယ်။ ရာသီဥတုအကျပ်အတည်းက ထိရှလွယ်ဆုံးသူတွေကို အဆိုးရွားဆုံး ထိခိုက်နေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းဖြစ်နေပါတယ်။
အာဏာရှင်စနစ်က ကြီးထွားလာနေပါတယ်။
လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုအတွက် နေရာတွေ ကျဥ်းမြောင်းလာနေပြီး၊ သတင်းမီဒီယာတွေ ဘက်ပေါင်းစုံက တိုက်ခိုက်ခံနေရပါတယ်။
ကျား-မ တန်းတူညီမျှမှုဟာ အလှမ်းဝေးနေတဲ့ အိမ်မက်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး၊ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအခွင့်အရေးတွေကလည်း ဆုတ်ယုတ်လာနေပါတယ်။
ဒီနေ့မှာ ကျွန်တော်တို့အားလုံးကို ကာကွယ်ပေးတဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ အရပ်ဘက်နဲ့ နိုင်ငံရေးဆိုင်ရာ လူ့အခွင့်အရေးအားလုံးကို လေးစားလိုက်နာဖို့နဲ့ မြှင့်တင်ဖို့ အရင်ကထက် ပိုပြီး အရေးကြီးလာပါြပီ။
အပြည်ပြည်ဆိုင်ရာကြေညာစာတမ်းက တင်းမာမှုတွေကို ဖြေရှင်းဖို့နဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက လိုလားတောင့်တနေတဲ့ လုံခြုံမှုနဲ့ တည်ငြိမ်မှုကို ဖန်တီးပေးဖို့အတွက် အထောက်အကူပြုနိုင်တဲ့ ဘုံတန်ဖိုးတွေနဲ့ ချဉ်းကပ်နည်းတွေကို လမ်းညွှန်ပေးထားပါတယ်။
ကျွန်တော်တို့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ မူဘောင်တွေကို ပြုပြင်မွမ်းမံဖို့ ဆောင်ရွက်ပြီး၊ ၂၁ ရာစုမှာ အဲဒါတွေကို ပိုမိုထိရောက်မှုရှိအောင် လုပ်ဆောင်ခြင်းဖြင့် လူ့အခွင့်အရေးတွေကို ထူးခြားပြီး အဓိကကျတဲ့ အခန်းကဏ္ဍမှာထားရှိရပါမယ်။
အပြည်ပြည်ဆိုင်ရာကြေညာစာတမ်းရဲ့ ထာဝရ တန်ဖိုးတွေကို ဒီနှစ်ရဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်နေ့မှာ အသုံးချဖို့နဲ့၊ လာမယ့်နှစ်မှာ ကျင်းပမယ့် “အနာဂတ် ညီလာခံ”မှာလည်း ပေးအပ်ထားတဲ့ ကတိကဝတ်တွေ ပိုမိုခိုင်မာအောင်လုပ်ဆောင်ကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို ကျွန်တော် တောင်းဆိုပါတယ်။
နောက်ပြီး ဒီကနေ့မှာ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့မှာ နေရာစုံက လူသားတိုင်းအတွက် နေ့စဥ်နေ့တိုင်း လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး မြှင့်တက်ကြဖို့ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။