မိန့်ခွန်း
ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး စတုတ္ထအကြိမ်မြောက် နိုင်ငံတကာနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၀၉ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ပညာရေးဟာ အခြေခံလူ့အခွင့်အရေးတစ်ခုသာမက လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု၊ ပိုမိုငြိမ်းချမ်းပြီး နားလည်မှုရှိတဲ့ ကမ္ဘာတစ်ခုဆီသွားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး နိုင်ငံတကာနေ့မှာ ထိတ်လန့် တုန်လှုပ်ဖွယ် အမှန်တရားတစ်ခုကို မီးမောင်းထိုးပြလိုပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေလို အကျပ်အတည်းတွေကြောင့် စာသင်ကျောင်းပြင်ပကို ရောက်ရှိနေသူ ၇၂ သန်းအပါအဝင်၊ ကလေးငယ်တွေနဲ့ လူငယ် စုစုပေါင်း ၂၂၄ သန်းဟာ ပညာရေးဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်ပွားလာနေပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေရဲ့ ပညာရေး ဆိုးဆိုးရွားရွား အဆက်ပြတ်သွားပြီး တသက်တာ ထင်ကျန်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု အများအပြား ဖြစ်ပေါ်နေပါတယ်။
ဒါကြောင့် စာသင်ကျောင်းတွေ၊ ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေကို အမြဲတစေ အကာအကွယ်ပေးဖို့ နိုင်ငံတိုင်းကို ကျွန်တော် တောင်းဆိုပါတယ်။
လုံခြုံစိတ်ချရတဲ့ စာသင်ကျောင်းများဆိုင်ရာ ကြေညာချက်(Safe Schools Declaration ) ကို သဘောတူ လက်မှတ်ရေးထိုးဖို့၊ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (Global Coalition to Protect Education from Attack) ကို ပံ့ပိုးကူညီဖို့ကိုလည်း အစိုးရအားလုံးကို ကျွန်တော် တိုက်တွန်းပါတယ်။ နောက်ပြီး အကျပ်အတည်းကာလမှာ ကလေးတွေနဲ့ လူငယ်တွေ ဆက်ပြီး လေ့လာသင်ယူနိုင်စေဖို့ မိတ်ဖက်နိုင်ငံတွေ အဖွဲ့အစည်းတွေနဲ့ အတူ လက်တွဲလုပ်ဆောင်တဲ့ အကျပ်အတည်းအခြေအနေတွေမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် ပူးပေါင်းဆောင်ရွက်မှု (Partnership for Transformative Actions in Crisis Situations) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကနဦးဆောင်ရွက်ချက်မှာ ပါဝင်ဖို့ကိုလည်း တိုက်တွန်းပါတယ်။
ဘယ်မှာဘဲနေနေ၊ ကလေးတိုင်းအတွက် စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံပြီး လေ့လာသင်ယူနိုင်တဲ့ ရိပ်မြုံတွေဖြစ်စေဖို့ ကျွန်တော်တို့ အတူတူ အာမခံနိုင်ပါတယ်။
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ