အထွေထွေအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့ပတ်ဝန်းကျင်နေ့အတွက် သတင်းစကား
ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဟာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို တိုက်ဖျက်ဖို့ တိုက်တွန်းချက် တခု ဖြစ်ပါတယ်။
နှစ်စဥ် ကမ္ဘာတဝန်းမှာ ပလတ်စတစ် တန်ချိန်ပေါင်း သန်း ၄ဝဝ ကျော် ထုတ်လုပ်ခဲ့ပြီး အဲဒီထဲက သုံးပုံတပုံဟာ တကြိမ်သာ အသုံးပြုခဲ့ပါတယ်။
ပလတ်စတစ်တွေ အပြည့်ပါတဲ့ အမှိုက်ကား ၂ဝဝဝ ကျော်နဲ့ ညီမျှတဲ့ ပမာဏတခုကို နေ့စဥ် ကျွန်တော်တို့ရဲ့ သမုဒ္ဒရာတွေ၊ မြစ်တွေနဲ့ ကန်တွေထဲကို စွန့်ပစ်ခဲ့ကြပါတယ်။
အဲဒီအကျိုးဆက်ဟာ အင်မတန်မှ ကြီးမားလှပါတယ်။
ပလတ်စတစ် အမှုန်အမွှားတွေဟာ ကျွန်တော်တို့ စားတဲ့ အစားအသောက်၊ သောက်သုံးတဲ့ ရေတွေနဲ့ ရှုရှိုက်တဲ့ လေထုထဲကို ရောက်လာခဲ့ကြတယ်။
ပလတ်စတစ်တွေကို ရုပ်ကြွင်းလောင်စာတွေကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ပလတ်စတစ်တွေ များများ ထုတ်လုပ်လေလေ ရုပ်ကြွင်းလောင်စာတွေ များများ လောင်ကျွမ်းလေ ဖြစ်ပါတယ်။ ဒီထပ်ပိုဆိုးတာက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျပ်အတည်းကို ကျွန်တော်တို့ ဖန်တီးနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့မှာ ဖြေရှင်းနည်းတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်က ကမ္ဘာ့အသိုင်းအဝန်းဟာ ပလတ်စတစ် စွန့်ပစ်အမှိုက်တွေကို အဆုံးသတ်ဖို့အတွက် ဥပဒေကြောင်းဆိုင်ရာ တရားဝင်သဘောတူညီချက်တခု ပြဌာန်းနိုင်ဖို့ စတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
ဒါဟာ စွန့်ပစ်ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အလားအလာရှိတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး အတူတကွ လက်တွဲလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဥ် (UNEP) က ထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်တစောင်မှာ ပလတ်စတစ်တွေကို ပြန်လည်အသုံးပြုဖို့၊ ပြင်ဆင်ပြောင်းလဲဖို့နဲ့ အမျိုးမျိုး ပြောင်းလဲထုတ်လုပ်မယ်ဆိုရင် လာမယ့် ၂၀၄၀ ခုနှစ်ဆိုရင် ပလတ်စတစ် စွန့်ပစ်မှုကို ၈ဝ ရာခိုင်နှုန်း လျှော့ချနိုင်မယ်လို့ ဖော်ပြထားပါတယ်။
ပလတ်စတစ် သုံးစွဲမှု အကျင့်ပါနေမှုကို စွန့်လွှတ်ဖို့၊ စွန့်ပစ်အမှိုက် သုညအထိ လျှော့ချနိုင်ဖို့နဲ့ စွန့်ပစ်ပစ္စည်းတွေ ပြန်လည်အသုံးပြုတဲ့ စီးပွားရေးစနစ် (circular economy) တခုကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ တဦးတယောက်ချင်းစီအနေနဲ့ကော အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ သုံးစွဲသူတွေကိုယ်တိုင် ညီတူညီမျှ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အားလုံးအတွက် ပိုမိုသန့်ရှင်း၊ ကျန်းမာပြီး ရေရှည် တည်တံ့တဲ့ အနာဂတ်တခုကို အတူတကွ ဖန်တီးကြပါစို့။