နိုင်ငံမဲ့ရိုဟင်ဂျာလူမျိုးများ မြန်မာနိုင်ငံ၌ အသက်ရှင်ရပ်တည်ရေး ဆက်လက်ရုန်းကန်နေရဆဲ
ပဋိပက္ခဖြစ်စဉ်ကြောင့် ၅နှစ်ကျော်ကြာခန့်က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ၇သိန်းခန့်သည်ဘင်္ဂလားဒေ့ရှ် သို့ထွက်ပြေးခဲ့ရပြီး ကျန်ရှိသူများမှာမရေရာသောဘဝ ကြုံနေရဆဲဖြစ်သည်၊၊
မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်အနောက်ဘက်ခြမ်းတွင် နေထိုင်နေသူ အသက် (၂၇) နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီး “ဇာဘီဒါ” သည် ဘဝဖြတ်သန်းမှုတစ်လျှောက်လုံးတွင် သူမ၏အခွင့်အရေးနှင့်လွတ်လပ်မှုတို့အပေါ် ပိုမိုတိုးများ၍သာလာသည့် ကန့်သတ်မှုများနှင့် ချိန်ညှိကြိုးစား နေထိုင်နေရလေသည်။
(၂၀၁၂) ခုနှစ်တွင် ရခိုင်ပြည်နယ်၌ လူမျိုးရေးပဋိပက္ခ ရိုက်ခတ်ခဲ့သည်။ထိုအချိန်တွင် ဇာဘီဒါသည် အသက် (၁၇) နှစ်ခန့်သာရှိပြီး အိမ်ထောင်ပြုပြီးခါစအချိန်ဖြစ်သည်။ ထောင်ပေါင်းများစွာသောအခြားသူများနှင့်အတူ သူမသည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ရိုဟင်ဂျာလူမျိုး (၁၅၃၀၀၀) ကျော်သည် သူမနည်းတူ နေရပ်ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ပြီး အများစုမှာ ကယ်ဆယ်ရေးစခန်းများတွင်နေထိုင်နေရသည်။ ယခင်အတိုင်း ကျေးရွာများအတွင်း၌ကျန်နေခဲ့သူ ရိုဟင်ဂျာ (၄၄၇၀၀၀) ခန့်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ စာသင်ကျောင်းများထံ တက်ရောက်သင်ကြားနိုင်မှု သို့မဟုတ် သက်မွေး၀မ်းကျောင်းလုပ်ငန်းများလုပ်ကိုင်နိုင်မှုစသည့် ကဏ္ဍများတွင်ထိခိုက်နစ်နာမှုရှိစေသည့် လွတ်လပ်စွာသွားလာခွင့် အလွန့်အလွန်နည်းပါးလျက် အဆိုပါကျေးရွာများတွင် ဆက်လက်နေထိုင်နေကြရသည်။ နောက်ထပ် ရိုဟင်ဂျာ (၇၀၀၀၀၀) မှာ (၂၀၁၇) ခုနှစ် နောက်ထပ်အကြမ်းဖက်ဖြစ်စဉ်တွင် ထွက်ပြေးခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းအနီးအနားတွင် ဒုက္ခသည်များအဖြစ် ယခုထိနေထိုင်နေကြသည်။
စခန်းတစ်ခုစီရရှိသည့် ကယ်ဆယ်ရေးစခန်း မြေနေရာချထားမှုတွင် ကန့်သတ်ချက်များရှိခြင်းကြောင့် မိသားစု၀င် လူဦးရေ များ တိုးများလာသည့်အခါ လိုက်လျောညီထွေတိုးချဲ့ရန်အတွက် အများစုမှာ အဆင်မပြေဖြစ်ကြရသည်။ ကြီးထွားလာနေ သည့် မိသားစုလူဦးရေနှင့် ရေနှင့်၀န်းကျင်သန့်ရှင်းရေးဆိုင်ရာအဆောက်အဦးများ အကန့်အသတ်ဖြင့်သာ ရှိနေသည့် လူနေ ထူထပ်သောကယ်ဆယ်ရေးစခန်းတစ်ခုတွင် နေထိုင်နေရခြင်းတို့သည် ဇာဘီဒါအတွက် ခက်ခဲပင်ပန်းမှုများကို ဆောင်ယူလာ သည်။ “ကိုယ့်အဆောင်ထဲမှာ လူ (၈) ယောက်အတွက် နေရာကမဆံ့တာမို့ ညအိပ်ဖို့ အခက်အခဲ အများကြီးရှိပါတယ်။ မကြာခဏ အိမ်နီးနားချင်းအိမ်မှာ ကျွန်မသွားအိပ်ရပါတယ်” ဟု သူမကဆိုသည်။
ကျန်းမာရေးစောင့်ရှောက်ရရှိမှုလက်လှမ်းမီနိုင်ရေးမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်သည်။ လတ်တလော တတိယမြောက် ကိုယ်ဝန်ကို ခက်ခက်ခဲခဲလွယ်ထားရသော ဇာဘီဒါသည် ရပ်ရွာအုပ်ချုပ်ရေးမှုးများထံမှ ခွင့်ပြုချက်လိုအပ်ခြင်း၊ အမျိုးသား လူနာစောင့်/လိုက်ပါပို့ဆောင်သူ ပါရှိရန်လိုအပ်ခြင်း၊ တရားမ၀င်တောင်းခံငွေပေးရမှုများ အဖြစ်များသည့် လုံခြုံရေးဂိတ်များကို ဖြတ်သန်းသွားနေရခြင်း စသည့်အခက်အခဲပေါင်းများစွာပါ၀င်သော နှေးကွေးလေးလံ အကုန်အကျ များလွန်းသည့် အုပ်ချူပ်မှု ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တို့ကြောင့် သူမအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုခြင်း အလျဉ်းမရှိတော့ပေ။
“ကိုယ်ဝန်ဆောင်ကလေးမွေးရတဲ့ကာလမှာ အဲ့လိုရှုပ်ထွေးတာမျိုးတွေကြုံရတဲ့အခါ ကျွန်မ စိတ်မကောင်းဖြစ်ရတယ်” ဆိုပြီး ဇာဘီဒါနဲ့ တခြားကိုယ်၀န်ဆောင် အမျိုးသမီးတွေကို ကြည့်ရှုပေးတဲ့ အရပ်လက်သည်သားဖွားဆရာမ ဟာဆီနာဘေဂေါမ် က ဖွင့်ပြောသည်။ သူမသည် စနစ်တကျသင်တန်းဟူ၍ ဘာတစ်ခုမှတက်ရောက်ထားခဲ့ခြင်းမရှိခဲ့သော်လည်း သူမ၏ အရပ်လက်သည်သားဖွားဆရာမသက်တမ်း ဆယ်စုနှစ် နှစ်ခုစာအတွင်း ကလေးပေါင်း (၅၀၀) ကျော်ကို အောင်မြင်စွာ မွေးဖွား ပေးထားနိုင်ခဲ့သူဖြစ်ပြီး မိခင်လောင်းများအကူအညီလိုအပ်တဲ့အချိန်မျိုးတွင် များသောအားဖြင့် အဦးဆုံး အကူအညီတောင်းခံ ရလေ့ရှိသည့် ပထမဦးဆုံးသူဖြစ်သည်။
“အရေးတကြီးအခြေအနေမျိုးဆိုရင် သူတို့ကို ဆေးရုံဆီအမြန်ပို့ပေးရပါတယ်။ ညမထွက်ရအမိန့်ကြောင့် ညနေ (၆) နာရီနောက်ပိုင်းဆိုရင် သွားလာလို့မရတော့ပါဘူး။ ကြိုးကြိုးပမ်းပမ်းနဲ့ သွားခွင့်ရတဲ့အခါမျိုးမှာ လူနာနဲ့အတူ လူနာစောင့် (၁) ယောက်ကိုပဲခွင့်ပြုပြီး ဖုန်းတွေယူသွားခွင့်မပြုပါဘူး။ ဆေး၀ါးကုသမှုအတွက်လည်း ကုန်ကျငွေအများကြီးပေးရပါတယ်” လို့ ဘေဂေါမ်က ရှင်းပြသည်။ “ကျေးဇူးကြီးစွာနဲ့ပဲ ကျွန်မကူညီခဲ့သူတွေထဲမှာ မိခင်အသက်ဆုံးရှုံးရတာမျိုး မရှိပါဘူး။”
လူနေမှုဘဝတိုးတက်လာစေရန်နှင့် အတိတ်တွင်ကြုံတွေ့ခဲ့ရသော ဒဏ်ရာအနာဟောင်းများ လျော့ပါးပျောက်ကွယ်စေရန် အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ၊ ရခိုင်နှင့် အခြားနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရသော လူမှုအသိုင်းအဝန်းများထံ အိမ်သုံးပစ္စည်းများဖြန့်ဝေခြင်း၊ အမိုးအကာအဆောင်တန်းလျားများ ပြန်လည်တည်ဆောက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ထောက်ပံ့ပေးအပ်ခြင်းနှင့် ဆက်စပ်၀န်ဆောင်မှုများ စသည်တို့ကိုထောက်ပံ့ပေးခြင်းတို့မှတဆင့် အကူအညီပေးလျက်ရှိနေသည်။ ယင်းသို့ထောက်ပံ့ ကူညီ နေမှုများသည် မတူကွဲပြားသော လူမှုအသိုင်းအဝန်းများကြား ထိတွေ့ဆွေးနွေးခြင်းကို တိုးတက်စေသည့် တစ်ချိန်တည်းတွင် ကျား-မအခြေပြု အကြမ်းဖက်မှုကဲ့သို့သော ထိခိုက်ခံစားရနိုင်ခြေများကိုလည်း လျှော့ချပေးနိုင်ရန် ရည်ရွယ်သည်။
သို့သော် နိုင်ငံသားဖြစ်ခွင့်နှင့် မရှိမဖြစ်လိုအပ်သော အခြေခံဝန်ဆောင်မှုများထံ အများနည်းတူ တူညီစွာ လက်လှမ်းမီနိုင်မှု တို့ကို ငြင်းပယ်ခံထားရခြင်းအပြင် သွားလာကန့်သတ်ချက်များကဲ့သို့ ပေါ်လစီများက ရိုဟင်ဂျာများကို ဖယ်ချန်ထားခံရစေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် များစွာမှီခိုနေရစေသည်။ “ဒီအခက်အခဲအကျပ်အတည်းကို ပြီးပြတ်အောင် ဖြေရှင်းဖို့က အကူအညီအထောက်အပံ့ပေးနေရုံနဲ့ ဘယ်လိုမှမလုံလောက်ပါဘူး” ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှ UNHCR ရုံး၏အကြီးအကဲဖြစ်သူ ဖယ်ဒရီကို ဆာဆဲလ်လီကပြောသည်။ “လူ့အခွင့်အရေးတွေ၊ လွတ်လွတ်လပ်လပ် နေထိုင်နိုင်မှုတွေ၊ လူထုအ၀န်းအ၀ိုင်းတွေကြား ပြေလည်သဟဇာတဖြစ်လာဖို့တွေ၊ ကယ်ဆယ်ရေး စခန်းတွေ ပိတ်သိမ်းဖို့ရယ်၊ ရိုဟင်ဂျာတွေကို သူတို့ရဲ့မူလအိမ်တွေ၊ ကျေးရွာတွေဆီ ဒါမှမဟုတ် သူတို့ရဲ့ဆန္ဒ အလျောက် ရွေးချယ်တဲ့ နေရာတွေဆီအခြေချနေထိုင်ဖို့ ခွင့်ပြုပေးခြင်းတွေ စတာတွေကို ဆက်လက်ကူညီထောက်ပံ့ပေးနေဖို့ အရေးကြီး သလို၊ အဲ့တာတွေကမှ ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်တွေဖြစ်လာဖို့ အရေးပါပါတယ်။”
မီးဖွားပြီးနောက် ဆေးဝါးကုသစောင့်ရှောက်မှုအနည်းငယ်သာရရှိပြီး သို့မဟုတ် စောင့်ရှောက်မှုလုံးဝမရရှိဘဲ ကလေးမီးဖွား ကြရပြီးနောက်တွင်လည်း စခန်းတွင်းနေအမျိုးသမီးများအနေဖြင့် သူတို့၏ကလေးငယ်များအတွက် ဆက်လက် စိတ်ပူပန် ကြရပြန်သည်။ ဖွားမြင်ကြောင်း တရား၀င်အထောက်အထားသက်သေခံတစ်ခုဖြစ်သည့် မွေးစာရင်းမှတ်ပုံတင်များအား ရိုဟင်ဂျာကလေးငယ်များကို ထုတ်ပေးခြင်းမှာ သိသာစွာနည်းပါးလွန်းသောကြောင့် ဖြစ်သည်။
“ဒီမှာမွေးတဲ့ကလေးတိုင်းမှာ မွေးစာရင်းမရှိကြတာ အရမ်းဝမ်းနည်းစရာကောင်းပါတယ်။”
ကယ်ဆယ်ရေးစခန်းတွင် မွေးဖွားခဲ့သည့် ဇာဘီဒါ၏ ဒုတိယမြောက်ကလေးငယ်သည် မွေးစာရင်းမှတ်ပုံတင် လုံး၀မရရှိ သေးပေ။ သူမ၏သားကြီးတွင် မွေးစာရင်းရှိခဲ့ဖူးသော်လည်း (၂၀၁၂) ခုနှစ် နေရပ်စွန့်ခွာရခဲ့သည့် ၀ရုန်းသုန်းကား အခြေအနေတွင် ပျောက်ဆုံးခဲ့ရသည်။ “ကျွန်မ နည်းလမ်းပေါင်းစုံနဲ့ သူ့အတွက်မွေးစာရင်းအသစ်ရအောင် ကြိုးစားခဲ့ ပါသေးတယ်။ ဒါပေမယ့် ခုထိ ဖြစ်မလာခဲ့သေးဘူး” ဟု သူမက ပြောသည်။
“ဒီမှာမွေးတဲ့ကလေးတိုင်းမှာ မွေးစာရင်းမရှိကြတာ အရမ်းဝမ်းနည်းစရာကောင်းပါတယ်။ မွေးစာရင်း မှတ်ပုံတင်လေး တစ်ခုတောင်မရှိဘဲ ဘယ်တစ်ဦးတစ်ယောက်မှ ဘဝမှာလူတစ်လုံးသူတစ်လုံး ဖြစ်မလာနိုင်ပါဘူး။” လို့ ဘေဂေါမ်က ဆိုသည်။
တတ်စွမ်းသရွေ့ အကောင်းဆုံးကူညီသွားရန် ဆုံးဖြတ်ခဲ့သော သူမသည် သူမမွေးဖွား ပေးခဲ့သော ကလေးငယ်တိုင်း၏ မွေးနေ့ ရက်စွဲအချက်အလက်များကို မှတ်တမ်းတင်သိမ်းဆည်း၍ အားထုတ်ကြိုးပမ်းထားသည်။ “ကျွန်မဆန္ဒကတော့ တစ်နေ့နေ့မှာ ဒီကလေးတွေ တရားဝင်အထောက်အထားရရှိလာဖို့ ဒီမှတ်တမ်းတွေက အကူအညီဖြစ်နိုင်စေဖို့ပါ” ဟု သူမကပြောသည်။
မွေးစာရင်းကဲ့သို့သော နိုင်ငံသားဖြစ်ခွင့်စာရွက်စာတမ်းများအား ရိုဟင်ဂျာများလက်လှမ်းမီလျှောက်ထားရယူနိုင်မှုကို ကန့်သတ်ခြင်းမှာ ရေရှည်နောက်ဆက်တွဲအကျိုးဆက်များစွာရှိသည်။ သူတို့ကြီးပြင်းလာသည်နှင့်အမျှ တရားဝင် ဖြစ်တည်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာမှတ်တမ်းများအရ အထောက်အထားမဲ့ ပျောက်ကွယ်နေကြသူများအဖြစ် ဖယ်ချန်ရစ် ခဲ့ကာ ကလေးများသည် နိုင်ငံသားစိစစ်ရေးကဒ်များကဲ့သို့ အရေးပါသည့်စာရွက်စာတမ်းအထောက်အထားများ လျှောက်ထားရယူနိုင်ခြင်း မရှိနိုင်တော့ပေ။ ယင်းအချက်သည်ပင် သူတို့၏အနာဂတ်တွင် တိုးတက်ဖြစ်ထွန်းနိုင်ခြေ အလားလာများအတွက် ခလုတ်ကန်သင်းဖြစ်စေပြီး လွတ်လပ်စွာသွားလာခွင့်ကိုကန့်သတ်ထားကာ ဆင်းရဲတွင်းထဲတွင်သာ ချောင်ပိတ်သံသရာ လည်နေစေသည်။
“ဒီလိုမျိုးအခြေအနေသက်ဆိုးရှည်လေလေ ရိုဟင်ဂျာလူမှုအသိုင်းအဝန်းတွေ ပိုထိခိုက်လာလေလေ၊ ပိုမိုဖယ်ကျဉ် ခံလာရ လေလေပါပဲ။ ဒီအခြေအနေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဘေးကင်းလုံခြုံစွာပြန်လည်၀င်ရောက်လိုတဲ့သူတွေ အတွက် လည်း ဖြစ်နိုင်ဖွယ်မျှော်မှန်းထားချက်တွေကိုအားလျော့ပျက်ပြယ်သွားစေနိုင်ပါတယ်။” လို့ UNHCR မှ ဖယ်ဒရီကို ဆာဆဲလ်လီ က ဆိုသည်။
ကယ်ဆယ်ရေးစခန်းအတွင်းနေထိုင်သော အသက် (၁၆) နှစ်အရွယ် အာဂျမ်ဘီဘီသည် ဘေဂေါမ်ကူညီမွေးဖွားပေးခဲ့သည့် ကလေးတစ်ဦးဖြစ်ပြီး သူမ၏မိခင်ဖြစ်သူမှ ငွေကြေးမတတ်နိုင်၍ ကျောင်းပညာရေး ဆက်လက်သင်ကြားနိုင်ခြင်းမရှိဘဲ အသက် (၁၄) နှစ်အရွယ်တွင် ကျောင်းထွက်လိုက်ရသည်။ “ကျွန်မ စာသင်ရတာပျော်ပါတယ်။ ကျွန်မ ကျောင်းပြီးအောင်တက်ခွင့်ရမယ်ဆိုရင် ကျောင်းပြီးတဲ့အခါ လူသာချင်းစာနာမှုဆိုင်ရာအေဂျင်စီမှာ အလုပ်လျှောက်မှာပါ။... အခုတော့ အိမ်ရဲ့ဝေယျာဝိစ္စတွေလုပ်ရင်း ကျွန်မအောက်က အငယ်လေးတွေကျောင်းတက်ဖို့ ကူညီနေရပါတယ်” ဟု သူမက ပြောသည်။
များသောအားဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပံ့ပိုးကူညီလျက်ရှိသော အေဂျင်စီများမှ မူလတန်း ပညာရေးအစီအစဉ်များကို ကယ်ဆယ်ရေးစခန်းများအတွင်း အခမဲ့ပံ့ပိုးလျက်ရှိသော်လည်း အစိုးရအထက်တန်းကျောင်း များသည် ကယ်ဆယ်ရေးစခန်းများမှ ဝေးရာတွင်သာတည်ရှိပြီး အခြားသောလူထုအသိုင်းအ၀န်းများမှ သီးခြားခွဲထားကာ ကျောင်းတက်ရောက်သင်ကြားရသည်။ ကျောင်းစရိတ်နှင့် သွားလာစရိတ်ကုန်ကျမှုတို့သည် အလုပ်အကိုင်အခွင့်အလမ်းများ မရှိခြင်းကြောင့် ဝင်ငွေမရှိဖြစ်နေသော မိသားစုများ၏ ငွေမလောက်ငှမှုပြသနာတွင် ထပ်လောင်းကြုံရသည့် အခက်အခဲများ ဖြစ်သည်။
မိမိနှင့်မိမိကလေးများ၏ဘ၀တို့တွင် ကြုံတွေ့နေကြရသည့် အခက်အခဲများကို တွေးဆပြောပြရင်းက ဇာဘီဒါသည် အနာဂတ်ကို တွေးပူမိလာသည်။ “ဒီအခြေအနေမျိုးနဲ့ ကျွန်မမှာ ပျော်ရွှင်တာမရှိ ၀မ်းနည်းခြင်းအတိပါပဲ။... ကလေးတွေများ ကြီးပြင်းလာခဲ့ရင် ခုလိုနေနေရတဲ့ဘ၀တွေ ဘယ်လိုများဖြစ်လာပါလိမ့်မလဲလို့ ကျွန်မဖြင့်မတွေး၀ံ့ပါဘူး။” ဟု သူမက ပြောသည်။