သတင်းထုတ်ပြန်ချက်

မီဒီယာထုတ်ပြန်ချက်-နေပြည်တော်၌ ပြုလုပ်သည့် ပထမအကြိမ်အစည်းအဝေးတွင် အထူးသံတမန်မစ္စနိုလင်းဟေဇာသည် ပဋိပက္ခလျော့ချရေးနှင့် မြန်မာပြည်သူများ ခံစားနေရသောဘေးဒုက္ခများလျော့နည်းစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှမဖြစ်မနေဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်။

နေပြည်တော်။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ဤခရီးစဉ်သည် အထူးသံတမန်၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် သည့် ခရီးစဉ်ဖြစ်ပြီး အကြမ်းဖက်မှုများ လျှော့ချရန်၊ ဘက်ပေါင်းစုံမှ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် အကူအညီ လိုအပ်နေသော ပြည်သူလူထုအားလုံးကို ခွဲခြားဆက်ဆံမှု မရှိဘဲ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အား လွတ်လပ်စွာ ထောက်ပံ့ပေးနိုင်ရေးအတွက် လက်တွေ့ကျကျ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လူချင်းတွေ့၍ ပြောကြားရန် တွေ့ဆုံခြင်းဖြစ်သည်။

အထူးသံတမန်၏ ဗိုလ်ချုပ်မှူးကြီးနှင့် ၎င်း၏ အကြီးတန်း အကြံပေးအရာရှိများနှင့် တွေ့ဆုံခြင်းသည် ကုလသမဂ္ဂ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သော ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်များကို အခြေခံ၍ အရပ်သားအစိုးရ အုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိရေးအတွက် မြန်မာနိုင်ငံမှ ကိုယ်တိုင်ဦးဆောင်ပြီး ထိရောက်သော၊ ငြိမ်းချမ်းသော နိုင်ငံရေးလမ်းကြောင်းတစ်ခု ပေါ်ထွက်ရေးအတွက် အရေးတကြီး ပံ့ပိုးကူညီရန် ဖြစ်သည်။ သမာသမတ်ကျကျ ဆောင်ရွက်ရသူဖြစ်သည့်အားလျော်စွာ အထူးသံတမန်၏ လုပ်ပိုင်ခွင့်မှာ ကုလသမဂ္ဂ၏ အခြေခံမူများနှင့်အညီ မြန်မာနိုင်ငံ၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် ဖြစ်သည်။ အထူးသံတမန်၏ ခရီးစဉ်သည် နိုင်ငံရေးအသိုင်းအဝန်းမှ ပုဂ္ဂိုလ်များ၊ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများ၊ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့် လူမှုအသိုက်အဝန်းများနှင့် ကျယ်ပြန့်စွာ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က လူသားချင်းစာနာထောက်ထားမှုအရေး၊ လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းများ၏ အတိုင်းအတာအပေါ် အလွန်အမင်း စိုးရိမ်နေပါတယ်” ဟု အထူးသံတမန်က ပြောကြားခဲ့သည်။ “ကျမရဲ့ ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို အသိပေးပြောကြားဖို့နဲ့ ပြည်သူတွေ ဘေးဒုက္ခခံစားနေရတာတွေနဲ့ ပဋိပက္ခကို လျှော့ချဖို့ လိုအပ်နေတဲ့ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်ချက်တွေကို အဆိုပြုဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနဲ့မျှ တရားဝင်မှုကို ပေးဆောင်ခြင်းမဟုတ်ပါ။ မြန်မာပြည်သူ ပြည်သားတွေဟာ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကြောက်တရားကင်းမဲ့စွာနဲ့ ရရှိပိုင်ခွင့် ရှိပါတယ်။ ဒီလိုရရှိဖို့ဟာ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုမှာ သက်ဆိုင်ရာပါဝင်သူအားလုံးရဲ့ ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့ ကြိုးပမ်းဆောင်ရွက်မှုရှိမှသာ ဖြစ်နိုင်မှာပါ” ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများအား ပံ့ပိုးကူညီခြင်းကို အလေးထား ဆောင်ရွက်သည်။ အမျိုးသမီးများအား အကာအကွယ်ပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းသည် ငြိမ်းချမ်းရေးရရှိရန်နှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ရရှိရန်အတွက် အဓိကသော့ချက် ဖြစ်သည်။

အထူးသံတမန်က မြန်မာနိုင်ငံ၏ မည်သည့်တိုးတက်မှုမဆို လက်တွေ့အခြေအနေတွင် အကြမ်းဖက်မှု အဆုံးသတ်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် သိသာထင်ရှားသော တိုးတက်မှုများ မည်မျှရရှိသည့်အပေါ် မူတည်နေကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည့် ဖြစ်ရပ်ဖြစ်သော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအား လတ်တလော သေဒဏ်ပေးမှုများအပြီးတွင် အနာဂတ် ကွပ်မျက်မှုအားလုံးကို တရားဝင်ဆိုင်းငံ့ထားရန် အထူးသံတမန်က ဗိုလ်ချုပ်မှူးကြီးအား တိုက်ရိုက် တိုက်တွန်းခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ တောင်းဆိုချက်ကိုလည်း အထူးသံတမန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

"အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ကျမတိုက်တွန်းခဲ့ပါတယ်" ဟု အထူးသံတမန်က ပြောကြားခဲ့သည်။ “သြစတြေးလျ စီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ် (Sean Turnell) ကို လွှတ်ပေးဖို့ ဩစတြေးလျအစိုးရရဲ့ အထူးတောင်းဆိုချက်ကို လည်း ကျမ အသိပေးပြောကြားခဲ့ပါတယ်။ ကျမအနေနဲ့လည်း အကျဉ်းထောင်တွေနဲ့ အခြားနေရာတွေမှာ ထိန်းသိမ်းခံထားရတဲ့ ကလေးတွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

အာဆီယံ၏ ဘုံသဘောတူညီချက်ငါးချက်နှင့်အညီ အထူးသံတမန်သည် လုံခြုံရေးကောင်စီ၏ နောက်ဆုံး တောင်းဆိုချက်ဖြစ်သော အကြမ်းဖက်မှုအမျိုးမျိုးကို ချက်ချင်းရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ လေးစားလိုက်နာရန်နှင့် ဘေးကင်းလုံခြုံပြီး လွတ်လပ်သော လူသားချင်းစာနာမှု အထောက်အပံ့များကို လိုအပ်သူများအားလုံး အပြည့်အဝရရှိနိုင်စေရန်တို့ကို ထပ်လောင်းပြောဆိုခဲ့ပါသည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူများ၏ နေအိမ်များနှင့် အခြေခံအဆောက်အအုံများ အား မီးရှို့ဖျက်ဆီးခြင်းတို့ကို ရပ်တန့်စေရေး အပါအဝင် အကြမ်းဖက်မှုလျော့ချရေးကို ချက်ချင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။

အထူးသံတမန်သည် လူမှုအသိုက်အ၀န်းများအတွင်း နေရပ်စွန့်ခွာနေရသော အရပ်သားပြည်သူများအတွက် အထူးစိုးရိမ်လျက်ရှိပြီး ၎င်းတို့ထံ အသက်ကယ်ဆယ်ရေးအထောက်အကူပြုအကူအညီများ ရောက်ရှိရေး အတွက် လူသားချင်းစာနာမှု အကူအညီပေးသူများအား ဆောင်ရွက်ခွင့်ပေးရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုလူသားချင်းစာနာထောက်ထားမှု အကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ လိုရာအသုံးချမှု ကင်းစွာဖြင့် လိုအပ်နေသူများထံ အကန့်အသတ်မရှိ ချက်ခြင်းပေးပို့ရန်  သက်ဆိုင်ရာအဖွဲ့များ အားလုံးက ကူညီဆောင်ရွက်ရမည် ဖြစ်ကြောင်း အထူးသံတမန်က အလေးထား ပြောကြားခဲ့ပါသည်။ အထောက်အပံ့များအား လမ်းကြောင်းအားလုံးမှတစ်ဆင့် ပေးပို့နိုင်ရေး အရေးကြီးကြောင်းကို အထူး ပြောကြားခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုအတွက် အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲ တစ်ရပ် ဖော်ဆောင်နိုင်ရေးကိုလည်း ပြောကြားခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတချို့နှင့် အခြားသူများ၏ တောင်းဆိုအချက်အရ နိုင်ငံရေးပဋိပက္ခ၏ တိုက်ရိုက်အကျိုးဆက်ဖြစ်သည့် အရေးပေါ် အခြေအနေကို မူတည်ပြီး ထိုသို့သော ဆွေးနွေးပွဲကို ဖော်ဆောင်ရန် ပြောဆိုခြင်း ဖြစ်သည်။

မကြာခင်က ထောင်ဒဏ်ထပ်မံချမှတ်ခံရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် အထူးသံတမန်က တောင်းဆိုခဲ့သည်။ “သူမလက်ရှိနေနေရတဲ့ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကျန်းမာရေး၊ နေထိုင်စားသောက်ရမှုနှင့် ပတ်သက်ပြီး လွန်စွာ စိုးရိမ်ပါတယ်။ မကြာခင် သူမ အိမ်ပြန်ရောက်နိုင်ဖို့ တောင်းဆိုပါတယ်” ဟု အထူးသံတမန်က ပြောကြားခဲ့သည်။ “သူမနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ရချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးအရလည်း ကျမက ဒေါ်အောင်ဆန်းစုကြည်ကို အရေးထားတဲ့အပြင်၊ ကျမရဲ့သက်ဆိုင်ရာ အဖွဲ့အားလုံးနဲ့ ဆွေးနွေးမှုတွေအတွက် သူမက အလွန်အရေးပါတဲ့ ပါဝင်သူတစ်ဦးဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။” ဟု ပြောဆိုခဲ့သည်။

ယခုလနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည့် ၎င်း၏ခရီးစဉ် မစတင်မီ အထူးသံတမန်က ဗိုလ်ချုပ်မှူးကြီးအား သူမအနေဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့နှင့် ဆွေးနွေးရန်ရှိပြီး၊ ရိုဟင်ဂျာ တစ်သန်းခန့်နှင့် အခြား အဓမ္မ နေရပ်စွန့်ခွာရသူများကို လက်ခံထားသည့် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ဒုက္ခသည်များ ဆန္ဒအလျောက် လုံခြုံမှုရှိရှိ၊ သိက္ခာရှိရှိနှင့် စဉ်ဆက်မပြတ် နေရပ်ရင်းပြန်ရရေးနှင့် ရိုဟင်ဂျာများ၏ အခွင့်အရေးနှင့် ကောင်းမွန်စွာ နေထိုင်စားသောက်ရမှုတို့သည် ငြိမ်းချမ်းသော၊ သာယာဝပြောသော အနာဂတ် မြန်မာနိုင်ငံတွင် တစ်သားတည်း ပါဝင်စေရေးတို့ကို အထောက်အကူဖြစ်သော အခြေအနေဖန်တီးပေးရန် မြန်မာနိုင်ငံ၏ တာ၀န်ရှိမှုကို မီးမောင်းထိုးပြခဲ့သည်။

အထူးသံတမန်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းမိတ္တူကို ဗိုလ်ချုပ်မှူးကြီးထံ ပေးအပ်သည်။ အာဆီယံ ပဋိညာဉ်စာတမ်းသည် ကုလသမဂ္ဂပဋိညာဉ်ကို အခြေခံထားသည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မထားဘဲ ဖွံ့ဖြိုးတိုးတက်မှုသည် အားလုံးအတွက် ဖြစ်ရမည်ဟု ပဋိညာဉ်တွင် အလေးထားဖော်ပြသည်။ ထို့အပြင်  နိုင်ငံတိုင်းရှိ ပြည်သူတစ်ဦးချင်းစီတွင် ဂုဏ်သိက္ခာနှင့် လေးစားမှု၊ လွတ်လပ်မှုတို့ကို အကြောက်တရားကင်းမဲ့စွာ တန်းတူရရှိပိုင်ခွင့်ကို ပဋိညာဉ်တွင် ကတိကဝတ်ပြုထားသည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းသည်  ကမ္ဘာ့နိုင်ငံရေးတည်ငြိမ်မှုစနစ်၏ အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးအား ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ရရှိလိုပါက အဆိုပါ သတ်မှတ်ချက်များနှင့် စံနှုန်းများကို လိုက်နာရမည်ဖြစ်ကြောင်း အထူးသံတမန်က ထည့်သွင်း ပြောကြားခဲ့သည်။

အထူးသံတမန်သည် နိုင်ငံတကာက အသိအမှတ်ပြုထားသော လူသားဆန်မှု၊ သမာသမတ်ရှိမှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်မှုဆိုင်ရာ အခြေခံမူများအတိုင်း လူသားချင်းစာနာမှု အထောက်အပံ့များ၊ လူမှုအသိုက်အဝန်းအခြေပြု ကြံ့ကြံခံနိုင်စေရေး အကူအညီများနှင့် အကူအညီလိုအပ်သောပြည်သူလူထုအား အကာအကွယ်ပေးရေး ဝန်ဆောင်မှုများအား ပေးအပ်ရန်အတွက် တတ်စွမ်းသမျှ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်ဟူသော ကုလသမဂ္ဂ၏ ခိုင်မာသော ကတိကဝတ်ကို အလေးပေးပြောကြားခဲ့သည်။ ယင်းကြိုးပမ်းအားထုတ်မှုများကို လေးစားထောက်ခံရန်လည်း ဗိုလ်ချုပ်မှူးကြီးအား တောင်းဆိုခဲ့သည်။ အထူးသံတမန်က  ၎င်း၏အခန်းကဏ္ဍသည် ပေါင်းကူးတံတားသဖွယ်ဖြစ်သဖြင့် ဆက်လက်လုပ်ဆောင်မည့် ၎င်း၏သန္နိဋ္ဌာန်ကို အလေးပေးပြောကြားပြီး၊ ပဋိပက္ခအဆုံးသတ်ရန်နှင့် အကူအညီအလိုအပ်ဆုံးသူများ၏ ဘေးဒုက္ခများနှင့် အကာအကွယ်ပေးရေး လိုအပ်ချက်များအား ကိုင်တွယ်ဖြေရှင်းရန် ၎င်း၏စည်းရုံးဆော်သြရေးအာဏာကို အရှိန်မြှင့်သွားမည် ဖြစ်ကြောင်း အထူးပြောကြားခဲ့သည်။

ဤဆွေးနွေးပွဲမှစ၍ အထူးသံတမန်နှင့် ဗိုလ်ချုပ်မှူးကြီးတို့သည် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းဖြင့် ထိတွေ့ဆက်ဆံရန် သဘောတူညီခဲ့ကြပါသည်။ ဆွေးနွေးမှုများသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ငြိမ်းချမ်းသော ဒီမိုကရက်တစ်မြန်မာနိုင်ငံအတွက် အားလုံးစုံအဖြေရှာရေး လိုအပ်သည့်အပေါ် အလေးထားရမည် ဖြစ်သည်။

generic profile

Jeremy Walden-Schertz

Media and Communications Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ