ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် သာတူညီမျှတဲ့ အခွင့်အလမ်းတံခါးတွေပွင့်လာတဲ့အခါ လူတိုင်း အနိုင်ရမှာဖြစ်ပါတယ်။ အကျိုးကျေးဇူးခံစားရမှာ ဖြစ်ပါတယ်။
တန်းတူညီမျှတဲ့ လူမှုအဖွဲ့အစည်းတွေဟာ ပိုမို ကြွယ်ဝ၊ ပိုမို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။
ပေကျင်းမြို့မှာကျင်းပခဲ့တဲ့ သမိုင်းဝင် ကုလသမဂ္ဂညီလာခံအပြီးကတည်းက နှစ်ပေါင်း သုံဆယ်ကြာ ရရှိခဲ့တဲ့ တိုးတက် အောင်မြင်မှုတွေကို ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အသိအမှတ်ပြုလိုပါတယ်။
ဒါက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ပြုပြင်ပြောင်းလဲလာစေခဲ့သလို သူတို့ရဲ့ အခွင့်အရေးတွေကို လူ့အခွင့်အရေးတွေအဖြစ် အတည်ပြုစေခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီကတည်းက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတားအဆီးတွေကို ချိုးဖျက်လာကြတယ်။ လူမှုအစွဲတွေကို ဆန့်ကျင်လာကြတယ်။ နောက်ပြီး သူတို့ရဲ့ မှန်ကန်တဲ့နေရာအတွက် တောင်းဆိုလာကြတယ်။
ဒါပေမဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေ ရှင်းရှင်းလင်းလင်း သိရပါမယ်။
ဆန့်ကျင်တာတွေကနေ နောက်ပြန်ဆွဲတာတွေထိ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးတွေက တိုက်ခိုက်ခံနေရဆဲဖြစ်ပါတယ်။
အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ စီးပွားရေးဆိုင်ရာ မညီမျှမှု စတဲ့ ကြာမြင့်စွာရှိနေတဲ့ ဆိုးရွားမှုတွေက လူမှု့အသိုက်အဝန်းတွေကို ဆက်လက်ဒုက္ခပေးနေဆဲဖြစ်ပါတယ်။
ဒါ့ပြင် ဘက်လိုက်တဲ့ အယ်လဂိုရီသမ်တွေလို ခေတ်သစ် ခြိမ်းခြောက်မှုတွေဟာ အွန်လိုင်းပေါ်မှာ မညီမျှမှုတွေကို ပရိုဂရမ်ချနေတာမလို့ ထိပါးနှောက်ယှက်မှုနဲ့ မတော်မတရားပြုမှုနယ်ပယ်သစ်တွေကို ဖွင့်လှစ်ပေးနေပါတယ်။
သာတူညီမျှတဲ့ အခွင့်အရေးတွေ ဖော်ဆောင်နေရမယ့်အစား အမျိုးသမီးမုန်းတီးရေးဖော်ဆောင်နေတာကို တွေ့နေရပါတယ်။
အဲဒီ ဆိုးရွားမှုတွေကို တိုက်ဖျက်ရပါမယ်။
နောက်ပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် တရားမျှတအောင် ဆက်လက် လုပ်ဆောင်ရပါမယ်။
စီးပွားရေးကို ပွင့်လင်းမြင်သာအောင်လုပ်ဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံတွေအနေနဲ့ သာတူညီမျှ ရင်းနှီးမြှုပ်နှံနိုင်ပါမယ်။ နောက်ပြီး အဲဒီရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးဆောင်ရွက်ဖို့လည်းလိုပါတယ်။
ဂုဏ်သိက္ခာရှိတဲ့အလုပ်အကိုင်အတွက် ညီမျှတဲ့ အခွင့်အလမ်းတွေ ဖွင့်ပေးဖို့၊ ကျား-မ လုပ်ခလစာ ကွာဟမှု မရှိစေဖို့နဲ့ စောင့်ရှောက်ရေးအလုပ်တွေရဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ စတာတွေအတွက် လုပ်ဆောင်ရပါမယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို အဆုံးသတ်စေရေးအတွက် ဥပဒေတွေကို လက်တွေ့အသုံးချဖို့နဲ့ ခိုင်မာလာစေဖို့ လုပ်ဆောင်ရပါမယ်။
ငြိမ်းချမ်းရေးတည်ဆောက်ရေးအပါအဝင် ဆုံးဖြတ်ချက်ချရာတွေမှာ အမျိုးသမီးတွေ အပြည့်အဝ ပါဝင်နိုင်စေဖို့ လုပ်ဆောင်ရပါမယ်။
နောက်ပြီး သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာပညာရပ်တွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ကြုံတွေ့ရတဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့ လုပ်ဆောင်ရပါမယ်။
အဲဒီလုပ်ဆောင်ချက်တွေကို လမ်းညွှန်ဖို့ အသေးစိတ်အစီအစဉ်တွေကို အနာဂတ်အတွက် ကုလသမဂ္ဂ သဘောတူစာချုပ်နဲ့ ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ် သဘောတူညီချက်တို့မှာ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ တိုးတက်တဲ့အခါ ကျွန်တော်တို့အားလုံး ကြီးပွားတိုးတက်မှာဖြစ်ပါတယ်။
အမျိုးသမီးများနဲ့ မိန်းကလေးများအားလုံးအတွက် နေရာတိုင်း၊ လူတိုင်းအတွက် အခွင့်အရေးတွေ၊ သာတူညီမျှမှုနဲ့ လုပ်ပိုင်ခွင့်အာဏာတွေ အမှန်တကယ်ဖြစ်လာစေဖို့ အတူတကွ လုပ်ဆောင်ကြရအောင်ပါ။