ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့ သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
လူသားတွေ ဒုက္ခကြုံရတဲ့ ဘယ်နေရာမှာမဆို လူမှုကူညီပေးလုပ်သားတွေဟာ အခက်အခဲတွေနဲ့ နာကျင်မှုတွေ လျော့ပါးသက်သာစေဖို့ ကြိုးပမ်းနေကြပါတယ်။
ကုလသမဂ္ဂက ညှိနှိုင်းဆောင်ရွက်ပေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း လူဦးရေ သန်း ၁၄၀ ကျော်အတွက် လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ ပေးခဲ့ပါတယ်။
လူမှုကူညီပေးလုပ်သားတွေဟာ အများအားဖြင့် သက်ဆိုင်ရာရပ်ရွာလူထုတွေအတွက် လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ဒေသခံနိုင်ငံသားဝန်ထမ်းတွေ ဖြစ်ကြပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခတွေကြားကပဲ မဆုတ်မနစ် ကြိုးပမ်းခဲ့ကြတာပါ။
ကြီးမားတဲ့ ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေပေမယ့် သူတို့တွေဟာ လိုအပ်နေသူတွေကို အကူအညီတွေပေးဖို့ရာ အဟန့်အတားအားလုံးကို ကျော်လွှားဖို့ ဆက်လက် ကြိုးပမ်း အားထုတ်နေကြပါတယ်။
ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့မှာ လူမှုကူညီပေးလုပ်သားတွေရဲ့ ရဲစွမ်းသတ္တိ၊ မဆုတ်မနစ်ကြိုးပမ်းမှုနဲ့ လူသားအကျိုးဆောင်လုပ်ရပ်တွေကို ထပ်မံဂုဏ်ပြုလိုက်ပါတယ်။
အခုလို လူမှုကူညီပေးလုပ်သားတွေကို ဂုဏ်ပြုနေရုံနဲ့ မလုံလောက်ဘူးဆိုတာ လက်ခံပါတယ်။
၂၀၂၃ ခုနှစ်ဟာ လူမှုကူညီပေးလုပ်သားတွေ ထိခိုက်ဆုံးရှုံးမှုအများဆုံး မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂါဇာ၊ ဆူဒန်နဲ့ အခြားနေရာများစွာတို့မှာ လူမှုကူညီပေးလုပ်သားတွေဟာ သူတို့အကူအညီပေးနေကြတဲ့ အရပ်သားတွေနဲ့အတူတူ တိုက်ခိုက်ခံရ၊ သတ်ဖြတ်ခံရ၊ ထိခိုက်ခံရ၊ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတာမျိုးတွေ ရှိနေပါတယ်။
မဟုတ်မမှန်တဲ့ သတင်းတွေ ပျံ့နှံ့အောင် လှုံဆော်မှုတွေကြောင့် လူ့အသက်တွေ ဆုံးရှုံးရတဲ့ထိ ဖြစ်စေပါတယ်။
စစ်မက်ဖြစ်ပွားချိန်မှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေဟာ လျစ်လျူရှုခံနေရပြီး မထေမဲ့မြင် ပြုခံနေရပါတယ်။
ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရတဲ့ အခြေအနေဆိုတာ ကျူးလွန်သူတွေဟာ တရားဥပဒေကို ကြောက်ရွံမှု မရှိတာ ဖြစ်ပါတယ်။
ဒါဟာ စာနာမှု၊ တာဝန်ယူမှုနဲ့ ဦးဆောင်ဦးရွက်ပြုမှုတွေရဲ့ ကျရှုံးမှုတစ်ခုပါ။
လူမှုကူညီပေးလုပ်သားတွေနဲ့ အရပ်သားတွေအားလုံးအပေါ် တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့မှာ တောင်းဆိုပါတယ်။
အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် ပဋိပက္ခတွေမှာ ပါဝင်နေကြသူတွေအားလုံးအပေါ် အစိုးရတွေက ဖိအားပေးဖို့ တောင်းဆိုပါတယ်။
နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တဲ့ စစ်တပ်တွေနဲ့ အဖွဲ့တွေဆီ စစ်လက်နက် တင်ပို့မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုပါတယ်။
ပြစ်မှုကျူးလွန်သူတွေကိုလည်း တရားဥပဒေနဲ့အညီ စီရင်ချက် ချနိုင်အောင် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ဖို့ တောင်းဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှုကို ချီးကျူးဂုဏ်ပြုနေရုံနဲ့ မလုံလောက်ပါဘူး။
လူ့လောကကို ဘေးရန်ကင်းကွာအောင် ကာကွယ်စောင့်ရှောက်ဖို့ အများကြီးလုပ်ဆောင်ကြရပါမယ်။