ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၄ ခုနှစ် အာဆီယံ အနာဂတ် ဖိုရမ်အတွက် ပေးပို့သော ဗွီဒီယို သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
(ဟနွိုင်းမြို့)
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ။
အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ အားကောင်း၊ ကြံ့ခိုင်ပြီး မတူကွဲပြားတဲ့ ဒေသတွင်း စီးပွားရေးကို တည်ဆောက်ခဲ့တာ အခုဆိုရင် ဆယ်စုနှစ် ခြောက်ခုနီးပါး ကြာမြင့်ခဲ့ပါပြီ။
နောက်ပြီး သင်တို့ဟာ ကမ္ဘာ့ပေါ်မှာ လက်နက် မပြန့်ပွားရေး၊ လက်နက်ဖျက်သိမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးတို့အတွက် ခိုင်မာအားကောင်းတဲ့ အသံတစ်သံလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ “မြန်ဆန်ပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု” အတွက် ဒီဖိုရမ်ရဲ့ တောင်းဆိုချက်ဟာ ကျွန်တော်တို့တွေရဲ့ ရှေ့ဆက်ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်တွေကို သတိပြုစေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေ၊ ရာသီဥတု ကပ်ဘေးတွေ၊ ရှိရင်းစွဲ ဆင်းရဲမွဲတေမှုတွေနဲ တန်းတူညီမျှမှု မရှိတဲ့ ဒဏ်တွေကို အရှေ့တောင်အာရှ ဒေသတွင်းမှာ အပြင်းအထန်ခံစားနေကြရပါတယ်။
စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်တွေ၊ ကမ္ဘာတဝန်းက လူတွေရဲ့ အိမ်မက်တွေနဲ့ မျှော်လင့်ချက်တွေဟာလည်း မသေချာ မရေရာ ဖြစ်နေပါတယ်။
ဒါကြောင့် အခုအချိန်ဟာ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်တွေ (SDGs) အတွက် ရင်းနှီးမြှုပ်နှံ့မှုတွေ ပိုမိုထည့်ဝင်ဖို့နဲ့ အရှိန်မြှင့် လုပ်ဆောင်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။
အခုအချိန်ဟာ ရာသီဥတု အကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ဖို့၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေတဲ့ အစိမ်းရောင် နည်းလမ်းတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေးတွေကို ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။
နောက်ပြီး အခုအချိန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ကမ္ဘာ့ငွေကြေးစနစ် စုဖွဲ့ပုံအထိ အရေးပါတဲ့ ကမ္ဘာလုံးဆိုင်ရာ စနစ်တွေနဲ့ အဖွဲ့အစည်းတွေကို ဟန်ချက်ညီအောင် ပြန်လည်လုပ်ဆောင်ဖို့နဲ့ ပြုပြင်ပြောင်းလဲရမယ့် အချိန်လည်းဖြစ်ပါတယ်။
ဒီ စက်တင်ဘာလမှာပြုလုပ်မယ့် Summit of the Future အနာဂတ်အတွက် ထိပ်သီးအစည်းအဝေးဟာ တကမ္ဘာလုံး အတူပူးပေါင်းကာ ပိုမိုကောင်းမွန်တဲ့၊ ပိုမို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အနာဂတ်တစ်ခုကို ဖော်ဆောင်ဖို့ နည်းလမ်းတွေ ဖလှယ်ကြမယ့် အချိန်ကာလတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီ့အနာဂတ်အတွက် အာဆီယံမိသားစုဝင် နိုင်ငံတွေဟာ အရေးပါပြီး၊ လာမယ့်နှစ်တွေမှာ မိတ်ဖက်ဆောင်ရွက်မှုကို ပိုမို မြင့်မားစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။