အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကျင်းပချိန်မှာ ပြည်သူတွေနဲ့ ကျွန်တော်တို့ ကမ္ဘာကြီးဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်တွေကို စံချိန်တင်စေတဲ့ ပဋိပက္ခတွေ၊
သေကြေပျက်စီးစေတဲ့ မီးလောင်မှုတွေ၊ ပြင်းထန်တဲ့ ရေကြီးမှုတွေနဲ့ မြင့်တက်လာနေတဲ့ အပူချိန်တွေ၊
ဆင်းရဲမွဲတေမှု၊ မညီမျှမှုတွေနဲ့ မတရားမှုတွေ၊
မယုံကြည်မှု၊ ကွဲလွဲမှုနဲ့ မလိုမုန်းထားမှုတို့ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်က ငြိမ်းချမ်းရေးဆိုတာ အလိုအလျောက် ဖြစ်ပေါ်မလာဘူးဆိုတာကို ထပ်လောင်းသတိပေးလိုက်တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဟာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ချက်ရဲ့ ရလဒ်ဖြစ်ပါတယ်။
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေ ဖော်ဆောင်ရာမှာ တိုးတက်မှု အရှိန် မြှင့်တင်ဖို့နဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ မကျန်ခဲ့စေဖို့ ဆောင်ရွက်ချက်၊
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးနဲ့ သူ့ရဲ့ သဘာဝ သယံဇာတတွေနဲ့ပတ်သက်ပြီး စစ်မက်ဖြစ်ပွားနေတာတွေ အဆုံးသတ်သွားစေဖို့ ဆောင်ရွက်ချက်၊
အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ရေးထိုးခဲ့တဲ့ ၇၅-နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရင်း လူသားတိုင်းရဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပြီး ထိန်းသိမ်းဖို့ ဆောင်ရွက်ချက်၊
ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ တင်းမာမှုတွေ လျော့ကျစေဖို့ အတူပူးပေါင်းဆောင်ရွက်တာ၊ အပြန်အလှန်ဆွေးနွေးတာနဲ့ သံခင်းတမန်ခင်း အရ အမြဲလက်တွေ့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုဖို့ ဆောင်ရွက်ချက်၊
နောက်ပြီး စစ်ရဲ့ ကြောက်မက်ဖွယ်ရာတွေကို တွေ့ကြုံခံစားနေရတဲ့ လူသန်းပေါင်းများစွာအတွက် ဆောင်ရွက်ချက်တို့ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ လူ့ဘောင်လောကအတွက် မွန်မြတ်ကောင်းမွန်တဲ့ မြော်မြင်မှုတစ်ခုသာ မဟုတ်ပါ။
ငြိမ်းချမ်းရေးဆိုတာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ဖို့ နှိုးဆော်ချက်တစ်ခု ဖြစ်ပါတယ်။
အားလုံးအတွက် ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ ဖော်ဆောင်ဖို့နဲ့ တည်တံ့စေဖို့အတွက် အတူတကွ ကတိကဝတ်ပြုကြရအောင်ပါ။