“ကလေးတစ်ယောက်ပြုစုပျိုးထောင်ဖို့ ရွာတစ်ရွာလိုတယ်” လို့ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။
အလားတူပဲ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းတစ်ခု ကြုံတွေ့နေရသူတွေကို ကူညီပံ့ပိုးပေးဖို့ ရပ်ရွာအသိုက်အဝန်းတစ်ခု လိုအပ်ပါတယ်။
ဒီအသိုက်အဝန်းမှာ ဘေးအန္တရာယ်ကျရောက်တဲ့အခါ အမြဲလိုလိုရှေ့တန်းကနေ အကူအညီပေးလေ့ရှိကြတဲ့ ကိုယ်တိုင်ထိခိုက်ခံစားရသူတွေ၊ အချင်းချင်းရိုင်းပင်းကူညီတတ်ကြတဲ့ အိမ်နီးချင်းတွေ ပါဝင်ကြပါတယ်။
ဒီအထဲမှာ ထိခိုက်ခံစားရသူတွေ ပြန်လည်ထူထောင် တည်ဆောက်ရေးမှာ ကူညီပံ့ပိုးကြဖို့ စုဖွဲ့ထားတဲ့ ကမ္ဘာလုံးဆိုင်ရာအသိုက်အဝန်းတစ်ခု ပါဝင်ပါတယ်။
ဒီ့အပြင် စေတနာလုပ်အားရှင်တွေနဲ့ တတ်သိပညာရှင်တွေဖြစ်ကြတဲ့ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ကြသူတွေ သိန်းဂဏန်းချီပြီး ပါဝင်ကြပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး
စားနပ်ရိက္ခာနဲ့ ရေ
အမိုးအကာနှင့် ကာကွယ်စောင့်ရှောက်မှု
အကူအညီနဲ့ မျှော်လင့်ချက်
အများက အာရုံစိုက်အလေးမထား၊ သတင်းတွေမှာ ထည့်သွင်းဖော်ပြတာမခံရပေမယ့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်ကြသူတွေဟာ နေပျော်တဲ့ကမ္ဘာကြီးတစ်ခုဖြစ်ဖို့ နေ့မအားညမနား အလုပ်လုပ်ကြပါတယ်။
သူတို့ဟာ ဘယ်လိုအခက်အခဲမျိုးကိုမဆို ခဏတိုင်းလိုလို ကိုယ့်အတွက်အန္တရာယ်ရှိနေတဲ့ကြားက တွေးကြည့်ရုံနဲ့ အန္တရာယ်ကြီးလှတဲ့အခြေအနေတွေမှာတောင် ဘေးဒုက္ခဒဏ်သက်သာအောင် လုပ်ပေးနေကြတာပါ။
ပဋိပက္ခ၊ ရာသီဖောက်ပြန်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှုနဲ့ မကြုံစဖူးများပြားလှတဲ့ ရွှေ့ပြောင်းနေထိုင်ရမှုတွေကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြတဲ့ လူဦးရေဟာ ဒီကနေ့မှာကို အများကြီးရှိနေတာပါ။
ဒီနှစ်မှာကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့မှာ ကမ္ဘာအနှံ့က လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်နေကြသူတွေကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
သူတို့ရဲ့ တစိုက်မတ်မတ်လုပ်ဆောင်မှုနဲ့ ရဲရင့်မှုကို လေးစားဂုဏ်ယူပြီး၊ ဒီလိုမွန်မြတ်တဲ့လုပ်ငန်းလုပ်ဆောင်ရင်း တိမ်းပါးသွားကြသူတွေကိုလည်း ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
သူတို့ဟာ အကောင်းမွန်ဆုံးလူသားချင်းစာနာထောက်ထားမှုကို ထင်ဟပ်ကိုယ်စားပြုနေကြသူတွေ ဖြစ်ပါတယ်။