သတင်းထုတ်ပြန်ချက်

လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်။

အတိုက်အခံတက်ကြွလှုပ်ရှားသူများကို လွန်ခဲ့သည့် ရက်သတ္တပတ်ကုန်ပိုင်းက မြန်မာစစ်တပ်မှ   သေဒဏ်ပေး စီရင်ခဲ့မှုကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ရှုတ်ချခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ထုတ်ပြန်ချက်ကို ပြန်လည်ရည်ညွှန်းပြောဆိုကာ  သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသော အကျဉ်းသားများအားလုံးအား ချက်ချင်းလွှတ်ပေးရန် အတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်အပေါ် ထပ်လောင်း၍ တောင်းဆိုခဲ့ကြသည်။

အာဆီယံ ဥက္ကဌနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့တို့မှ သေဒဏ်ပေးစီရင်မှုများကို ပြန်လည်စဉ်းစားရန် တောင်းဆိုထားသော်လည်း သေဒဏ်စီရင်ကွပ်မျက်ခဲ့မှုအပေါ် ၄င်းတို့၏ ရှုတ်ချမှုနှင့် ပြင်းပြင်းထန်ထန် စိတ်ပျက်မှုကို ဖော်ပြထားသည့်  ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်ကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ပြန်လည်ဖော်ပြခဲ့ပါသည်။  သေဒဏ်ပေး စီရင်မှုများကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း နှင့် ဘုံသဘောတူညီချက် ၅-ရပ်ကို အကောင်အထည်ဖော်ရေး အာဆီယံ ဥက္ကဌ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံဆောင်ရွက်လိုသည့်ဆန္ဒ လုံးဝမရှိကြောင်းဖော်ပြရာရောက်သည်ဆိုသည့် အာဆီယံအဖွဲ့၏ အမြင်ကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက မှတ်သားခဲ့ကြသည်။ အခြေအနေပိုမိုဆိုးရွားလာမှုကို ရှောင်ရှားရန် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း၊ စိတ်ရှည်ရှည်ဖြင့် လုပ်ဆောင်ရန်နှင့် ပါဝင်ပတ်သက်သူ အားလုံးက အကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေမည့် လုပ်ဆောင်ချက်များမှ ရှောင်ရှားရန် အာဆီယံ၏ တိုက်တွန်းချက်များကိုလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက မှတ်သားခဲ့သည်။  

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက အာဆီယံနှင့် အာဆီယံ ဥက္ကဌ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အခိုင်အမာ ထောက်ခံကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး၊ ဘုံသဘောတူညီချက် ၅-ရပ်ကို ထိထိရောက်ရောက် အပြည့်အဝ အကောင်အထည်ဖော်ရေး တိကျခိုင်မာသည့် လုပ်ဆောင်ချက်များပြုလုပ်ရန် အာဆီယံ၏ တောင်းဆိုမှုကို ထပ်လောင်း တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေးဖော်ပြထားသကဲ့သို့ အတူတကွပူးပေါင်း လုပ်ဆောင်ရေး သေချာစေရန် အာဆီယံ၏ အထူးသံတမန်နှင့် အနီးကပ်  ညှိနှိုင်းဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းထားပါသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက သက်ဆိုင်သည့်အုပ်စုအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရန်၊ မြန်မာပြည်သူပြည်သားများ၏အကျိုးစီးပွားနှင့်ဆန္ဒတို့နှင့်အညီ ပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။ အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အဆောက်အဦးများကို တိုက်ခိုက်ခြင်းများအပါအဝင် အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရန်၊  တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကို အပြည့်အဝအလေးထားရန်၊ လိုအပ်သူအားလုံးထံ လူသားချင်းစာနာမှုအကူအညီများ အပြည့်အဝ၊ ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ လက်လှမ်းမီရောက်ရှိရေးတို့အတွက်လည်း တောင်းဆို လိုက်သည်။ လုံခြုံကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အပြည့်အဝ ထောက်ခံကြောင်းနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ နယ်မြေတည်တံ့မှုနှင့် မြန်မာနိုင်ငံ ပေါင်းစည်းညီညွတ်ရေးတို့အတွက် ရပ်တည်ပံ့ပိုးပေးရန် အခိုင်အမာ ကတိကဝတ် ပြုကြောင်း ထပ်လောင်း ပြောဆိုထားပါသည်။

အလွတ်သဘောပြန်ဆိုချက်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ