သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောဆိုချက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်။

မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုများအပေါ် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားပြင်းထန်လာနေခြင်းကို ကျွန်ုပ်တို့က ပြင်းထန်စွာရှုတ်ချပါသည်။ စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများအပေါ် အင်အားသုံး ဖြိုခွင်းမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။

တစ်နေ့လုံး၊ နိုင်ငံအနှံ့ နေရာများစွာတို့တွင် ရဲနှင့် စစ်တပ်အင်အားစုများမှ ငြိမ်းချမ်းစွာ ဆန္ဒပြ နေသူများကို လူသေစေလောက်သောအင်အားကိုလည်းကောင်း၊ လူသေဆုံးမှု ဖြစ်စေနိုင်ခြင်းမရှိသည့် အင်အားကိုလည်းကောင်း အသုံးပြု၍တိုက်ခိုက်ခဲ့ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ လက်ခံရရှိသော ခိုင်လုံသော သတင်းအချက်အလက်များအရ အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ သေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်းမှာ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနှင့် ပခုက္ကူမြို့များတွင် ကျည်ဆံအစစ်များအသုံးပြုကာ လူအုပ်များအတွင်းသို့ ပစ်ခတ်ခဲ့သောကြောင့် ဖြစ်သည်။ နေရာအနှံ့တွင် အသံမြည်ဗုံးနှင့် မီးဗုံးများအပြင် မျက်ရည်ယိုဗုံးများကိုလည်း အသုံးပြု ခဲ့သည်ဟု သိရသည်။

မြန်မာပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ဒီမိုကရေစီကို ပြန်လည်ထူထောင်ရေး တောင်းဆိုပိုင်ခွင့်ရှိသည်။ အကြမ်းဖက် သွေးထွက်သံယို ဖိနှိပ်မှုမပြုလုပ်ဘဲ အဆိုပါ အခြေခံ ရပိုင်ခွင့်များကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က လေးစားရမည်ဖြစ်သည်။

နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများအရ အကြမ်းမဖက်သော ဆန္ဒပြသူများအပေါ် သေစေနိုင်သော အင်အားအသုံးပြုမှုမှာ လုံးဝ မလျော်ကန်ပါ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ ရဲတပ်ဖွဲ့နှင့်လုံခြုံရေး တပ်ဖွဲ့များသည် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ သတင်းစာဆရာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဖမ်းဆီးခြင်းဖြင့် အတိုက်အခံများနှင့် ဆန္ဒပြသူများ၏ အသံများကို ပိုမိုပစ်မှတ်ထားလာခဲ့သည်။ ယနေ့တစ်ရက်တည်း တွင်ပင် ရဲတပ်ဖွဲမှ ဆေးဘက်ဆိုင်ရာပညာရှင်နှင့်ကျောင်သားကျောင်းသူ အနည်းဆုံး ၈၅ ယောက်နှင့်သတင်းစာ ဆရာ ၇ ယောက်တို့ကို ဆန္ဒပြပွဲတွင်ပါရှိနေသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အာဏာသိမ်းပြီးချိန်မှစ၍ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပြီး ယခုစာရင်းတွင် မပါဝင်ဘဲကျန်ရှိနေသူအချို့လည်း ရှိပါသည်။ ၄င်းတို့အများစုမှာ တရားဥပဒေ နှင့်အညီမှန်ကန်သော လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်မှုမရှိဘဲ ၄င်းတို့၏ လူ့အခွင့်အရေးများ ဖြစ်သော လွတ်လပ်စွာ တွေးခေါ်ယူဆခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ကို ကျင့်သုံးရုံဖြင့် ဖမ်းဆီးထိန်းသိမ်းခံကြရခြင်းဖြစ်သည်။

ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရအဖွဲ့ဝင်များအပါအဝင် တရား လက်လွတ်ထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးလွှတ်ပေးရန် ကျွန်ုပ်တို့ ထပ်လောင်း တောင်းဆိုသည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဆန္ဒပြသူများနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆောင်ရွက်နေသူများအားလုံးနှင့် တစ်သားတည်းအတူ ရပ်တည်ရမည် ဖြစ်သည်။”

ပြီး။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

OHCHR
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ