နောက်ဆုံးပေါ်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် ဧပြီလ ၀၅ ရက်။
စွန့်ပစ်ခံ အိပ်မက်များ
ပိုမိုလေ့လာရန်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်။
စိမ်းလန်းစိုပြည်မှုကို ပြန်လည်ရယူခြင်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဒေသခံပြည်သူများမှ သစ်တောပြုန်းတီးမှုကို ကြံ့ကြံ့ခံတိုက်ဖျက်ခြင်း
ပိုမိုလေ့လာရန်
ဗွီဒီယို
၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်။
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့၊ သစ်တောနှင့်ဆန်းသစ်တီထွင်မှု - ပိုကောင်းသောကမ္ဘာအတွက်ဖြေရှင်းချက်အသစ်
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။
ဗွီဒီယို
၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်။
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့၊ သစ်တောနှင့်ဆန်းသစ်တီထွင်မှု - ပိုကောင်းသောကမ္ဘာအတွက်ဖြေရှင်းချက်အသစ်
ဆန်းသစ်တီထွင်မှုမှသည် သစ်တောများ၏ ကာလရှည်ကြာ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးနိုင်ပြီး မထင်မှတ်ထားသော နည်းလမ်းများဖြင့် သစ်ပင်များကို အသုံးပြုခွင့်ပေးပါသည်။ သစ်တောနှင့် သစ်ပင်များမှရရှိသော ပစ္စည်းများကို ပလတ်စတစ်များ၊ အိမ်ဆောက်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဆေးဝါးများနှင့် အခြားနေ့စဉ်သုံးပစ္စည်းများအတွက် ရေရှည်တည်တံ့သော အစားထိုးပစ္စည်းများအဖြစ် တီထွင်ထုတ်လုပ်လျက်ရှိသည်။ ဆန်းသစ်တီထွင်မှုသည် ကျွန်ုပ်တို့၏သစ်တောများကို ရေရှည်တည်တံ့ခိုင်မြဲစွာ ပြန်လည်ထူထောင်ရန်၊ ကာကွယ်ရန်၊ စီမံခန့်ခွဲရန်နှင့် အသုံးပြုနိုင်ရန် ကူညီပေးနိုင်ပါသည်။
4 ၏ 1
ဗွီဒီယို
၂၀၂၄ ခုနှစ် မတ်လ ၀၈ ရက်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဗွီဒီယိုသတင်းစကား
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုရင်း၊ တန်းတူညီမျှရေးတိုက်ပွဲမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအားလုံးအတွက် ချီးကျူးဂုဏ်ပြုလိုပါတယ်။ပိုမိုတရားမျှတပြီး တန်းတူညီမျှတဲ့ ကမ္ဘာကြီး ပေါ်ပေါက်လာစေဖို့ တိုးတက်ဖြစ်ထွန်းမှုတွေကို တွန်းအားပေးတာ၊ လူမှုအစွဲတွေကို ပယ်ဖျက်တာနဲ့ အတားအဆီးတွေကို ဖယ်ရှားတာ၊ စတဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကိုလည်း သူတို့ ဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့ ကြီးမားတဲ့ အတားအဆီးတွေနဲ့ သူတို့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ပစ်ပယ်ခံရတာ၊ တရားမျှတမှု မရတာနဲ့ ခွဲခြားဆက်ဆံခံနေရပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဆက်လက် ရှိနေတာဟာ လူသားမျိုးနွယ်ကို အရှက်ရစေပါတယ်။အာဏာရယူရေးအပိုင်းတွေမှာ နှစ်ထောင်ချီကတည်းက ရှိခဲ့တဲ့ အမျိုးသားတွေ လွှမ်းမိုးချုပ်ကိုင်မှုတွေလည်း ကျွန်တော်တို့ ကမ္ဘာကြီးမှာ ဒီကနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲမှုတွေလည်း နည်းနေသေးသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအပေါ် ပြင်းထန်တဲ့ ထိုးနှက်ချက်တွေလည်း ရှိနေဆဲပါ။ ကျွန်တော်တို့ရဲ့ လက်ရှိ နှုန်းထားနဲ့ဆိုရင် တရားဝင် တန်းတူညီမျှမှု ရရှိဖို့ဆိုတာက နှစ်ပေါင်း သုံးရာလောက် ဝေးကွာနေဦးမှာပါ။ကျွန်တော်တို့ ပိုမြန်မြန် ရွေ့ဖို့လိုပါတယ်။ဒီတော့ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ သူတို့ရဲ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေနဲ့အတူ ရပ်တည်ရင်း၊ တိုးတက်ဖြစ်ထွန်းမှုတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ပြုပါတယ်။“အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံ့စို့” ဆိုတဲ့ ဒီနှစ် ဆောင်ပုဒ်က အမျိုးသားကြီးစိုးမှု မူဝါဒ အဆုံးသတ်ရေးအတွက် ရှိထားပြီး အသုံးမပြုရသေးတဲ့ အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ဖို့လိုတယ်ဆိုတာ နှိုးဆော်နေပါတယ်။ ဒီတော့ ရှေ့တန်းကနေ လှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီရပါမယ်။နောက်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ ရာသီဥတုဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်မှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ ခေါင်းဆောင်မှု တိုးမြှင့်ရေး စတဲ့ အစီအစဉ်တွေမှာလည်း ရင်းနှီးမြှုပ်နှံရပါမယ်။ ဒါတွေအားလုံးက ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရန်ပုံငွေ ရရှိရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးမှု အပေါ် မူတည်ပါတယ်။ ဒါမှသာ နိုင်ငံတွေအနေနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ ရန်ပုံငွေတွေ ရရှိလာမှာ ဖြစ်ပါတယ်။စီးပွားရေး၊ ဘဏ္ဍာရေး၊ ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတွေမှာ အမျိုးသမီးခေါင်းဆောင် ဦးရေ တိုးမြှင့်ဖို့လည်း လိုပါတယ်။ ဒါက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ မူဝါဒတွေနဲ့ အစီအစဉ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ရာမှာ အထောက်အကူ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေဟာ တရားမျှတ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ သက်သေထူပြီးသား လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ အားလုံးအတွက် ကောင်းမွန်တဲ့ အရာတစ်ခုပါ။ ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့အားလုံး အတူတကွ အရေးတကြီး ဆောင်ရွက်ကြရအောင်ပါ။ ကျေးဇူးတင်ပါတယ်။
4 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၀၈ ရက်။
မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ စာသင်ကျောင်းများကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ သေဆုံးမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ်ရှိ စာသင်ကျောင်းနှစ်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှုတစ်ခုကြောင့် ကျောင်းသား လေးဦးနှင့် ဆရာ နှစ်ဦးတို့ သေဆုံးသွားမှုနှင့် ပတ်သက်၍ယူနီဆက်က ထိတ်လန့် တုန်လှုပ်ရပါသည်။
သေဆုံးသွားသော ကလေးငယ်များမှာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ဖြစ်ပါသည်။ ကလေးငယ် အများအပြားလည်း ဒဏ်ရာရခဲ့ကြသည်။ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ချိန်တွင် ကလေးငယ် ၁၀၀ ကျော် စာသင်ကျောင်းထဲမှာ ရှိနေခဲ့ပါသည်။
ကလေးများအတွက် အမြဲတမ်း ဘေးကင်းသော နေရာဖြစ်ရမည့် စာသင်ကျောင်းများနှင့် သင်ကြားရေး နေရာများကို ဆန့်ကျင်တိုက်ခိုက်မှုမှန်သမျှကို ယူနီဆက်မှ ပြင်းထန်စွာ ရှုတ်ချပါသည်။
စာသင်ကျောင်းများကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် ကလေးများ၏ အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာလည်း ရောက်ပါသည်။
#####
4 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၀၂ ရက်။
သုံးနှစ်မြောက် မြန်မာစစ်တပ်၏ အာဏာလွှဲပြောင်းရယူမှု အထိမ်းအမှတ်ဖြင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသူများအားလုံးကို လွှတ်ပေးရန် အိုင်အယ်လ်အို တောင်းဆို
ဂျီနီဗာ (အိုင်အယ်လ်အိုသတင်း) - မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာလွှဲပြောင်းရယူသည့် သုံးနှစ်မြောက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို)၏ ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ၎င်းတို့၏ နိုင်ငံသားလွတ်လပ်ခွင့်များကို ကျင့်သုံးခြင်းကြောင့်လည်းကောင်း၊ တရားဝင်အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူများကို ချက်ချင်း လွှတ်ပေးရန် ထပ်မံ၍ တောင်းဆိုလိုက်သည်။
“မြန်မာနိုင်ငံ၏ အနာဂတ်ကောင်းစားရေးသည် ပြည့်ဝသော ဒီမိုကရေစီအုပ်ချုပ်မှုစနစ်သို့ ငြိမ်းချမ်းစွာ ကူးပြောင်းမှုအပေါ် မူတည်ပြီး၊ ၄င်းကို မတရားစွာ အကျဉ်းချခံထားရသူများ အားလုံးကို လွှတ်ပေးခြင်းနှင့် အစပြုပါသည်။ အကယ်၍ ၎င်းတို့နှင့် လွန်စွာမှ ထိုက်တန်သော လူမှုရေး တရားမျှတမှုအပေါ်၌ ခိုင်မာမြဲမြံစွာ ရပ်တည်ထားခြင်းမရှိလျှင် မြန်မာနိုင်ငံသားများအတွက် အနာဂတ် ရှိနိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။”
ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဦးသက်နှင်းအောင်၏ အမှုကို မီးမောင်းထိုးပြသည်။ အစီရင်ခံစာများအရ ၎င်းသည် အစောပိုင်း ပြစ်ဒဏ်ချမှတ်မှုကို ခံယူပြီးနောက် ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းလောက်၌ ထောင်ဒဏ် (ရ)နှစ် ချမှတ်ခံခဲ့ရသည်။
သက်နှင်းအောင်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းသည် အလွန်စိုးရိမ်ရသည့် အမှုတစ်ခု ဖြစ်သည်။ ထို့ပြင် အိုင်အယ်လ်အို စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လတ်တလောအစီရင်ခံစာ၌ အလေးထားဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၌ နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် အလုပ်သမားသမဂ္ဂများ၏ အခွင့်အရေးများ တဖြည်းဖြည်း ဆုတ်ယုတ်လျော့ပါးလာနေမှုများကို လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သက်နှင်းအောင်နှင့် တရားဝင် အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို လုပ်ဆောင်ခြင်းအတွက် ဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို မေ့လျော့ထား၍ ရလိမ့်မည်မဟုတ်” ဟု Houngbo က ထည့်သွင်းပြောကြားသည်။
သက်နှင်းအောင်၏ အမှုကို အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ၌ တိကျသေချာစွာ ဖော်ပြထားသည်။ CoI ကို ၂၀၂၂ခုနှစ် မတ်လတွင် အိုင်အယ်လ်အို၏ အုပ်ချုပ်မှုအဖွဲ့ (Governing Body- GB)က ဖွဲ့စည်းပေးခဲ့ပြီး၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အကြမ်းဖက်မှု၊ နိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်များအား ပြင်းထန်စွာနှင့် ထပ်တလဲလဲ ချိုးဖောက်နေမှု၊ ပြန်လည်ဖြစ်ပွားလာသော အဓမ္မအလုပ်ခိုင်းစေမှုနှင့်ပတ်သက်သော အစီရင်ခံစာများကို စိစစ်အကဲဖြတ်ရန်အတွက် တာဝန်အပ်နှင်းခဲ့သည်။
သက်နှင်းအောင်၏ အကျဉ်းချထားခြင်းခံရမှုနှင့်အတူ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်များတို့၏ နိုင်ငံသားလွတ်လပ်ခွင့်များ လျော့ပါးဆုတ်ယုတ်နေမှု၊ အလုပ်သမားရေး လှုပ်ရှားမှုများကို အားနည်းလာအောင် ချိူးနှိမ်လုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိခြင်းများကို ၂၀၂၄ ခုနှစ် မတ်လ၌ ကျင်းပမည့် အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့၏ အစည်းအဝေး၌ CoI အစီရင်ခံစာ၏ နောက်ဆက်တွဲအဖြစ် တင်ပြသွားမည် ဖြစ်သည်။
4 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် ဧပြီလ ၀၅ ရက်။
စွန့်ပစ်ခံ အိပ်မက်များ
"စက္ကန့်ပိုင်းအတွင်းမှာပဲ ကျွန်မရဲ့ ကမ္ဘာကြီးဟာ ဒီမြေမြှုပ်မိုင်းနဲ့အတူ အစိတ်စိတ်အမြွှာမြွှာပြိုလဲသွားခဲ့ရတယ်။ ကျွန်မရဲ့မောင်လေး၊ ကျွန်မရဲ့အိပ်မက်တွေနဲ့ အရာအားလုံးပါပဲ "လို့ နော်နီကသူ့မောင်လေး မြေမြှုပ်မိုင်းနင်းမိတဲ့နေ့က ချောက်ချားဝမ်းနည်းစရာ အဖြစ်အပျက်ကို ဝမ်းနည်းတုန်ရီနေတဲ့ အသံနဲ့ ပြန်ပြောပြခဲ့ပါတယ်။ အသက် ၁၃ နှစ်သာရှိသေးတဲ့ နော်နီဟာ သူ့ခန္ဓာကိုယ်ထဲ စူးနစ်ဝင်ခဲ့တဲ့ ဗုံးဆန်အစအနတွေကြောင့် နာကျင်မှုဒုက္ခတွေနဲ့အတူ ဆို့နင့်ဖွယ်ရာ ဝမ်းနည်းမှုတွေကို ရင်ဆိုင်ရင်း သမားတော်ဖြစ်ဖို့ မျှော်လင့်ချက်တွေလည်း မှေးမှိန်သွားခဲ့ရပါပြီ။သုံးနှစ်ကြာရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံက အရှိန်မြင့်နေဆဲ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေဟာ ကျန်းမာရေး၊ ပညာရေးအပါအဝင် အကြမ်းဖက်မှု၊ အစုလိုက် နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေအပြင် အရေးကြီးလှတဲ့ အခြေခံလိုအပ်ချက်တွေ ဆိုးဆိုးရွားရွား ပြတ်တောက်မှုတွေကြောင့် အကြီးအကျယ် ထိခိုက်နစ်နာနေကြရပါတယ်။ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးက သေစေနိုင်တဲ့ လက်နက်တွေ အထူးသဖြင့် မြေမြှုပ်မိုင်းတွေ ပိုမိုအသုံးပြုလာကြတဲ့အတွက် ကလေးသူငယ်တွေ အသက်ဆုံးရှုံးခြင်းနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းဆိုတဲ့ စိတ်ထိခိုက်ဖွယ် အဖြစ်မှန်တစ်ခုဟာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိသားစုများစွာရဲ့ တံခါးပေါက်ဝအထိ ရောက်ရှိလာနေပြီဖြစ်ပါတယ်။"ကျွန်တော်တို့က အဆက်မပြတ် ပစ်ခတ်သံတွေကို ကြားနေကျဖြစ်ပြီးသားပါ၊ နှစ်ဖက်ပစ်ခတ်မှုတွေကနေ လွတ်အောင် ကျွန်တော်တို့အိမ်တွေထဲ ဝင်ပြေးရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့နားတည့်တည့်မှာ မိုင်းပေါက်ကွဲမှုတွေဖြစ်တာကျတော့ ဘယ်မှာမှလုံခြုံတဲ့နေရာမရှိတော့ဘူးလို့ ကျွန်တော်တို့ ခံစားရပါတယ်" လို့ ပဋိပက္ခဒဏ်တွေကနေ မိသားစုနဲ့ ရပ်ရွာကို ကာကွယ်ဖို့အတွက် စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ကလေးဘဝ အိပ်မက်မက်ခဲ့သူ အသက် ၁၄ နှစ်သားလေး ပိုင်က ပြောပြခဲ့ပါတယ်။ဒါပေမဲ့ နော်နီလိုပဲ ပိုင်ကလည်း သူ့တို့အိမ်အနီး လယ်ကွက်တစ်ခုထဲက မြေမြှုပ်မိုင်းကို နင်းမိပြီး သူ့ရဲ့ညာဘက်ခြေထောက်နဲ့ လက်ထိခိုက်ပျက်စီးသွားပြီးနောက်မှာတော့ အနာဂတ်ကို မျှော်ကြည့်ဖို့ဆိုတာ ခက်ခဲသွားခဲ့ရပါတယ်။ "ကျွန်တော်က အဖေနဲ့အတူ အိမ်နားကလယ်ထဲမှာ ဒဏ်ရာရထားတဲ့ ကျွန်တော်တို့ နွားကိုရှာဖို့ ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် ဝုန်းဆိုတဲ့အသံကြီးကြားလိုက်ပြီး ကျွန်တော့်ခန္ဓာကိုယ် မြေပေါ်မြောက်တက်သွားတယ်။ ကျွန်တော်က အစက အနားကို လက်နက်ကြီးကျလာတယ်ထင်လိုက်တာ ဒါပေမဲ့ တကယ်တမ်းက ကျွန်တော်က မိုင်းနင်းမိသွားတာ" လို့ ပိုင်က ပြောပြပါတယ်။သူ့အသက်ကို ကယ်တင်ဖို့အတွက် ညာဘက်ခြေထောက်ကို ဖြတ်ခဲ့ရပါတယ်။ “အခုတော့ ကျွန်တော့်မိဘတွေနဲ့ တစ်နေ့ ကျွန်တော့်ကိုယ်ပိုင်မိသားစုရှိလာတဲ့အခါကျရင် တစ်နည်းနည်းနဲ့ ပံ့ပိုးပေးနိုင်ဖို့ပဲ စိတ်ကူးနိုင်ပါတော့တယ်။ စစ်သားတစ်ယောက်ဖြစ်ဖို့ အိပ်မက်ကတော့ ထာဝရပျောက်ကွယ်သွားပါပြီ။”ပိုင့်လိုပဲ နော်နီကလည်း ၂၀၂၃ ဒီဇင်ဘာမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူ့ရဲ့တစ်ဦးတည်းသော မောင်လေးကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ သူ့ရဲ့ရပ်ရွာကို လုံခြုံတဲ့ခိုနားရာနေရာတစ်ခုအဖြစ် မမြင်နိုင်တော့ပါဘူး။ "ကျွန်မတို့က ကျောင်းကပြန်လာတဲ့အချိန် ကျွန်မတို့အိမ်အပြင်ဘက်နားလေးမှာ ကျွန်မသူငယ်ချင်းတွေရယ်၊ ကျွန်မမောင်လေးရယ်နဲ့အတူ ကစားနေခဲ့ကြတယ်၊ ကျွန်မမောင်လေးက သံမှိုလို တွဲထားတဲ့ဟာလေးနဲ့ ကျောက်တုံးအရွယ် ပစ္စည်းဝိုင်းဝိုင်းလေးတစ်ခုကို ကောက်လာတာတွေ့လိုက်တယ်" လို့ သူက ပြောပြပါတယ်။ "သူက မျက်တောင်နှစ်ချက်ခတ်စာတောင် မရှိတဲ့အချိန်လေးအတွင်းမှာ ပေါက်ကွဲသွားပြီး ကျွန်မမောင်လေး အသက်ဆုံးရှုံးခဲ့ရသလို ကျွန်မသူငယ်ချင်းနဲ့ ကျွန်မလည်း ဒဏ်ရာတွေရခဲ့တယ်။ ဗုံးဆန်အစအနတွေက ကျွန်မရဲ့ ပါး၊ ခေါင်းနဲ့ ကျောကို စိုက်ဝင်ခဲ့တယ်။"နော်နီကို အနီးဆုံးဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပြီး ဗုံးဆန်အပိုင်းအစတချို့ကို ဖယ်ရှားပေးခဲ့ပေမယ့်လည်း အနည်းဆုံး အပိုင်းအစနှစ်ခုကတော့ သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေပါသေးတယ်။ နော်နီတစ်ယောက် ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခဲ့ရပေမယ့်လည်း အခြေအနေတွေက အရင်ကလို ဘယ်တော့မှ ပြန်မဖြစ်လာနိုင်တော့ပါဘူး။ "အခု ကျွန်မတို့ ကစားတဲ့နေရာကိုကြည့်ရင် မောင်လေးသေသွားတာကိုပဲ သတိရနေမိတယ်။ ဘာကောင်းတဲ့အမှတ်တရတစ်ခုမှ မရှိတော့ဘူး။"ယူနီဆက်ရဲ့ မြေမြှုပ်မိုင်းဖြစ်စဉ်စောင့်ကြည့်လေ့လာမှုအစီရင်ခံစာက ၂၀၂၃ ခုနှစ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးထိခိုက်ဒဏ်ရာရမှု စုစုပေါင်း ၁၀၅၂ ဦး ရှိကြောင်းနဲ့ ၂၀၂၂ ခုနှစ်မှာမှတ်တမ်းတင်ခဲ့တဲ့ ဦးရေ ၃၉၀ ရဲ့ ၂၇၀ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်းမှာတင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သူ အရပ်သား ၁, ၀၅၂ ဦးရဲ့ထက်ဝက်နီးပါးဟာ သေဆုံးဒဏ်ရာရခဲ့ပြီး ပဋိပက္ခတွေ ပိုမိုဆိုးရွားလာပြီး သေစေနိုင်တဲ့လက်နက်တွေအသုံးပြုမှု သိသိသာသာ မြင့်တက်လာကြောင်း ပြသနေပါတယ်။ အခုအချိန်မှာ နိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးနီးပါးမှာ မြေမြှုပ်မိုင်းအန္တရာယ်တွေ ဖြစ်ပေါ်နေကြောင်း ကြားသိရပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဟာ ကလေးငယ်တွေဖြစ်နေတဲ့အတွက် အထူးစိုးရိမ်ဖွယ်ရာ အခြေအနေတခု ဖြစ်လာနေပါတယ်။ သူတို့လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ သူတို့ရဲ့ နောက်ဆုံးခြေလှမ်းတွေ ဖြစ်သွားနိုင်ပါတယ်။မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး (၃၅ ရာခိုင်နှုန်း) နဲ့ ရှမ်းပြည်နယ် (၁၂ ရာခိုင်နှုန်း)ပြီးရင် တတိယအများဆုံးအဆင့်ဖြစ်တဲ့ ပဲခူးတိုင်းမှာ နေ့စဥ်ရှင်သန်ဖို့အတွက် အန္တရာယ်ရှိလာပြီဖြစ်ပြီး လယ်မြေတွေမှာလည်း မြေမြှုပ်မိုင်းတွေများစွာ အသုံးပြုထားကြပါတယ်။မွေးဖွားစဉ်က မိခင်ကို ဆုံးရှုံးခဲ့ရသလို ဖခင်ဖြစ်သူက နိုင်ငံခြားကို ပြောင်းရွှေ့ထွက်ခွာသွားခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် အောင်က အသက်မွေးဝမ်းကျောင်းနဲ့ ပညာရေးအတွက် မိသားစုပိုင်လယ်ထဲမှာ အစ်ကိုကြီးနဲ့အတူ အလုပ်လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့လယ်ပိုင်းမှာတော့ သူ့ဘဝဟာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ရပါတယ်။"ကျွန်တော်က ကျောင်းဆင်းပြီး ကျွန်တော်တို့လယ်ထဲမှာ အလုပ်လုပ်နေတဲ့အချိန် မြေမြှုပ်မိုင်းနင်းမိသွားတယ်။ နားထဲမှာ ဝုန်းဆိုတဲ့အသံကျယ်ကြီး ကြားလိုက်ပြီး ကျွန်တော် သတိလစ်သွားခဲ့တယ်။"ဆေးရုံမှာ ပြန်သတိရလာတဲ့ အောင်က ဆရာဝန်တွေ သူနာပြုတွေက သူ့ကို ခွဲစိတ်ပေးနေတာကို မြင်ခဲ့တာကို ပြန်ပြောပြခဲ့ပါတယ်။ "ကျွန်တော့်ရဲ့ ဘယ်ဘက်ခြေထောက်ကို ဒူးအောက်ကနေ ဖြတ်လိုက်ရတယ်၊ ကျွန်တော့်ဘယ်ဘက်လက်လည်း ဒဏ်ရာရခဲ့တယ်။"အောင့်အတွက် အနာဂတ်ကို ရင်မဆိုင်ရဲတော့သလို ခံစားနေရပါတယ်။ "ကျွန်တော် ရှေ့ဆက်ဖို့ထောက်ပံ့ပေးမယ့် ခြေထောက်တွေမရှိတော့ဘူးဆိုတော့ အခု ကျွန်တော့်မိသားစု အခက်အခဲတွေကို ကျော်လွှားဖို့ဆိုတဲ့ ကျွန်တော့်အိပ်မက်တွေဟာ ပြိုလဲလုနီးပါးဖြစ်သွားပါပြီ" လို့ သူက ပြောပါတယ်။ ပိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်အိမ့်က "ကျွန်မတို့ကလေးတွေ ကျောင်းသွားတာဖြစ်ဖြစ်၊ လယ်ထဲသွားတာဖြစ်ဖြစ်၊ သွားကစားတာဖြစ်ဖြစ် အိမ်ကနေ ထွက်သွားတဲ့အခါတိုင်း စိုးရိမ်ရတဲ့စိတ်က ကျွန်မတို့နှလုံးသားကို ဆွဲညှစ်ထားတဲ့အတိုင်းပဲ။ သူတို့ အန္တရာယ်ကင်းကင်းမှ ပြန်လာပါ့မလားလို့ အမြဲတွေးပူနေရတယ်၊ မိုင်းအန္တရာယ်ကို စိုးရိမ်တဲ့စိတ်ဟာ ကျွန်မကိုနေ့စဥ်နှိပ်စက်နေပါတယ်။”၂၀၂၃ ခုနှစ်မှာ ယူနီဆက်ဖ်က မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ်များအပါအဝင် လူပေါင်း ၁၄၀, ၀၀၀ နီးပါးကို အသက်ရှင်ကျန်ရစ်သူအကူအညီအပါအဝင် မိုင်းအန္တရာယ်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးဝန်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားရာ ဒေသတခွင်မှာ ဒေသတွင်းဘာသာစကားတွေနဲ့ ဆီလျော်အောင်ပြင်ဆင်ထားတဲ့ လက်ကမ်းစာစောင်တွေ၊ လက်စွဲစာအုပ်တွေနဲ့အတူ မိုင်းအန္တရာယ်ပညာရေးဆွေးနွေးပွဲတွေကို တိုးချဲ့လုပ်ဆောင်လျက်ရှိပါတယ်။မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအသုံးပြုမှု မြင့်တက်လာခြင်းဟာ ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့သာယာဝပြောရေးအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်။ ပေါက်ကွဲမှုတစ်ခုစီတိုင်းဟာ အသက်တွေကို နုတ်ယူရုံမက အိပ်မက်တွေကိုလည်း တစ်စစီဖြစ်စေပြီး ကလေးဘဝတွေရဲ့ အပြစ်ကင်းစင်မှုတွေကိုပါ လုယူပျက်စီးစေပါတယ်။ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးအပါအဝင် သက်ဆိုင်သူအားလုံးဟာ ကလေးသူငယ်တွေကို မြေမြှုပ်မိုင်းတွေရဲ့ ဆိုးရွားတဲ့ထိခိုက်မှုတွေကနေ ဘေးကင်းလုံခြုံစေဖို့နဲ့ ကာကွယ်ပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။**ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်။
စိမ်းလန်းစိုပြည်မှုကို ပြန်လည်ရယူခြင်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဒေသခံပြည်သူများမှ သစ်တောပြုန်းတီးမှုကို ကြံ့ကြံ့ခံတိုက်ဖျက်ခြင်း
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဒေသသည် ရင်သပ်ရှုမောဖွယ်ရာ မြေယာအလှရှုခင်းများ၊ မြောက်မြားစွာသော ယဉ်ကျေးမှု အမွေအနှစ်များ နှင့် ပျော်ရွှင်တက်ကြွမှုရှိသည့် လူမျိုးစုများနှင့် ထင်ရှားကျော်ကြားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ဒေသခံ ကျေးရွာသူ/သားများတို့သည် မျိုးဆက်များစွာတိုင်အောင် သစ်ပင်အမျိုးအစား စုံလင်စွာဖြင့် ထူထပ်စွာပေါက်ရောက်နေသော သစ်တောများ၊ စိမ်းလန်းစိုပြည် ဖြစ်ထွန်းအောင်မြင်နေသော လယ်ယာစိုက်ခင်းများ၊ ခိုင်မာသော ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ရှင်သန်နေထိုင်ခဲ့ကြပါသည်။ သိုသော်လည်း ထိုစိတ်ချမ်းမြေ့သာယာဖွယ် အခြေအနေများကို ဘိန်းစိုက်ပျိုးမှုကြောင့် ဖြစ်ပေါ်လာသည့် သစ်တောပြုန်းတီးခြင်းဆိုသည့် ခြိမ်းခြောက်မှုတစ်ခုက အရိပ်ဖုံးလွှမ်းလာနေပါသည်။မကြာသေးမီနှစ်များက ရှမ်းပြည်နယ်ရှိ ဘိန်းစိုက်ပျိုးမှု လျော့ကျခြင်းဆိုသည့် ကောင်းမွန်သော အလားအလာအဖြစ်မှ စိတ်ပျက်ယုံကြည်မှုကင်းမဲ့ဖွယ် ကပြောင်းကပြန် အခြေအနေများ ဖြစ်ပေါ်လာပါသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း လျော့ကျလာပြီးနောက် မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ၁၀၈၀ မက်ထရစ်တန် ဘိန်းထွက်ရှိမှုနှင့်အတူ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အများဆုံးဆိုသည့် ခေါင်းစဉ်ကို ရရှိလာခဲ့ပါသည်။ ဤသို့သောအခြေအနေသည် ဒေသ၏ ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်၊ သစ်တောပြုန်းတီးမှု နှင့် အတူ ဒေသခံ ရှမ်းပြည် ပြည်သူလူထုအပေါ် သက်ရောက်လာသော သိသာထင်ရှားသည့် စိုးရိမ်ဖွယ်ရာ အကျိုးဆက်ပင် ဖြစ်ပါသည်။ “သစ်တောပြုန်းတီးမှုသည် မိမိတို့ဒေသခံပြည်သူများနှင့် ကျေးရွာများအပေါ် ဆိုးရွားစွာသက်ရောက်မှုရှိပြီး နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသောအရာတစ်ခုဖြစ်ပါသည်။ သစ်တောပြုန်းတီးမှုသည် မိမိတို့ဒေသရှိ တစ်မူထူးခြားစွာပေါက်ရောက်နေသော သစ်ပင်နှင့် တိရစ္ဆာန်များ၏ ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန်ပွားများမှုကိုလည်းပဲ ထိခိုက်ပျက်စီးစေပါသည်။ မြေဆီလွှာ တိုက်စားမှုများကြောင့် ရေထွက်ရေညှာများ ပျက်စီးလာခြင်း၊ ရေကောင်းရေသန့်ရရှိမှု နည်းပါးလာခြင်းနှင့် မြေဆီဩဇာကောင်းမွန်သည့် အပေါ်ယံမြေဆီလွှာ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာစေပါသည်။ ထို့အပြင် မိုးရာသီတွင် ရေကြီးမှုနှင့် မြေပြိုမှုများလည်း ဖြစ်ပေါ်လာစေပါသည်။ ထိုအခြင်းအရာများ အားလုံးသည် ယနေ့ကျွန်ုပ်တို့ နေ့စဉ်ရင်ဆိုင်နေရသည့် အမှန်တရားများပင် ဖြစ်ပါသည် ” ဟု ရှမ်းပြည်နယ်၊ ဟိုပုံးဒေသရှိ ထန်းဘုရားကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ဥက္ကဌ ဦးခွန်တဘီးမှ ပြောဆိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)သည် ဘိန်းစိုက်ပျိုးမှုကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်နေသော ဆိုးရွားသည့်အကျိုးဆက် အခြေအနေများကိုဖြေရှင်းရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။ မိမိတို့ဒေသရှိ သဘာဝသစ်တောသယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်၍ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူအဖွဲ့များကို ဖွဲ့စည်းတည်ထောင်ကြပါသည်။ ထိုအဖွဲ့များတွင် ပါဝင်သော ကျေးရွာသူ/သားများသည် မိမိတို့ကျေးရွာ၏သစ်တောနယ်နိမိတ်ကို အများသဘောတူခွဲဝေသတ်မှတ်ခြင်းနှင့် ၎င်းသစ်တောများကို ထိခိုက်ပြုန်းတီးမှုမရှိစေဘဲ ရေရှည်တည်တံ့စေရေး ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။ UNODC ၏ နည်းပေးလမ်းပြမှုနှင့်အတူ ဒေသခံများသည် ရေရှည်တည်တံ့သော သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံချက်ကိုရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။၂၀၂၀ ခုနှစ်တွင် UNODC မှ မိမိတို့ကျေးရွာသူရွာသားများအား သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြောင်းအရာများ သင်တန်းပေးခြင်းနှင့်အတူ ထင်း၊ လောင်စာ သုံးစွဲမှုသက်သာစေသော စွမ်းအားမြှင့်မီးဖိုထုတ်လုပ်ခြင်း နည်းစနစ်များကို ပံ့ပိုးကူညီခဲ့ပါသည်။ ကျေးရွာရှိ အိမ်ထောင်စု အားလုံးသည် ဤနည်းစနစ်ကိုအသုံးပြု၍ စွမ်းအားမြှင့် မီးဖိုများ ထုတ်လုပ်သုံးစွဲခဲ့ကြပါသည်။ စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်းသည် သစ်တောပြုန်းတီးခြင်းကို သက်သာစေရုံသာမက ရာသီဥတုပြောင်းလဲခြင်းကိုလည်းလျော့ချပေးကြောင်း ၎င်းသင်တန်းမှသိရှိမှတ်သားခဲ့ရပါသည်။ ထို့အပြင် မီးခိုး (ကာဗွန်ဒိုင်အောက်ဆိုဒ်) ထုတ်လွှတ်မှု လျော့နည်းစေခြင်းဖြင့်လည်း မိမိတို့ကျန်းမာရေး အတွက် ကောင်းကျိုးဖြစ်ပေါ်စေပါသည်။ မိမိတို့ ကျေးရွာရှိ လောင်စာသုံးစွဲမှု သိသိသာသာ လျော့ကျလာသည်မှာ မျက်မြင် ကိုယ်တွေ့ဖြစ်ပါ၍ စွမ်းအားမြှင့်မီးဖို ထုတ်လုပ်သုံးစွဲနည်းကို စတင်အစပျိုးသင်ပြပေးမှုကိုလည်း ကျေးဇူးတင်ရှိပါသည်ဟု ဒေသခံတိုင်းရင်သားတစ်ဦးမှ မှတ်ချက်ပြုပါသည်။ဤသို့အစပျိုးဖန်တီးပေးမှုကြောင့် ပြည်သူများ ရရှိခံစားရသည့် အပြုသဘောဆောင်သော အကျိုးကျေးဇူးများသည် ရေအရင်းအမြစ်များ ကာကွယ်ရေးနှင့် သဘာ၀သစ်တောများ ထိန်းသိမ်းကာကွယ်ရေးတွင်သာမက ပိုမိုသော ရလဒ်များ ခံစားရပါသည်။ ကျေးရွာသူရွာသားများသည် မိမိတို့ရိုးရာဓလေ့ သီးနှံစိုက်ပျိုးခြင်းနှင့်အတူတွဲ၍ ကော်ဖီ၊ လက်ဖက်၊ ထောပတ်တို့ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို သိရှိလာသည့်အခါ သီးနှံသစ်တောရောနှော စိုက်ပျိုးသည့်နည်းလမ်းကို ဘဝဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းအဖြစ် အသုံးပြုလာကြပါသည်။ ဤစိုက်ပျိုးရေးစနစ်သည် ၎င်းတို့၏ တရားဝင် ဝင်ငွေရရှိစေရုံသာမက မိမိတို့ လယ်ယာခြံမြေများ ကိုလည်း မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးပါသည်။ဒေသခံပြည်သူများသည် သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးလုပ်ငန်းစဉ်များ စည်းရုံးဆောင်ရွက်ခြင်း၊ နည်းစနစ်များ လေ့လာသင်ယူခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သက်ဆိုင်သည့် ဗဟုသုတများကို ဖြန့်ဝေခြင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် အလေ့အကျင့်ကောင်းများဆီသို့ ဦးတည်ပြုမူပြောင်းလဲလာကြပါသည်။ ထိုကျေးရွာများသည် လူသားနှင့် သဘာဝပတ်ဝန်းကျင်ကြားရှိ ညွတ်မျှတမှုကို ထိန်းကျောင်းတည့်မတ်ပေးသည့် စုပေါင်းလုပ်ဆောင်မှု၏ စွမ်းအား ကို ပြသပေးသော မျှော်လင့်ချက်အလင်းတန်းတစ်ခုလဲ ဖြစ်ပါသည်။ ကျေးရွာသားများသည် မိမိတို့ လေ့လာသင်ယူ ကျင့်သုံးလျက်ရှိသည့် ထင်သာမြင်သာ မရှိသော သဘာဝအမွေအနှစ် ထိန်းသိမ်းနည်းစနစ်များကို လက်ဆင့်ကမ်းပေးခြင်းသည် နောင်မျိုးဆက်သစ်များအတွက် အသက်ကယ်ကြိုးတစ်ချောင်း ပေးခြင်းပင် ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိ (၂၀၁၇ မှ ၂၀၂၃) UNODC အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းမှ ၁၄၀၇ ဟတ်တာကို အဖိုးတန်သစ်မျိုးများဖြင့် သဘာဝတောကို တန်ဖိုးမြှင့်လာစေရန် စိုက်ပျိုးပေးခြင်းကိုလည်းကောင်း၊ ၁၁၉၁ ဟတ်တာကို သီးနှံသစ်တောရောနှောစိုက်ပျိုးရန် နည်းပညာနှင့် သွင်းအားစု ပံ့ပိုးပေးခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် နှစ်စဉ်နှစ်တိုင်း စီမံကိန်းဧရိယာရှိ စာသင်ကျောင်းများတွင် UNODC ၏ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး ပညာပေးအစီအစဉ်အရ သစ်တောပျိုးပင်ပေါင်း ၃၀၀၀ ကျော်ကို ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ စိုက်ပျိုးခဲ့ပါသည်။မြန်မာနိုင်ငံ၊ ရှမ်းပြည်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် အထက်ဖော်ပြပါ ဖြစ်စဉ်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဒေသခံပြည်သူများ၏ စွမ်းအားနှင့်ခံနိုင်ရည်ရှိမှုကို သက်သေပြသည့် အထောက်အထား တစ်ခုပင် ဖြစ်ပါသည်။ ဒေသခံပြည်သူများ၏ စုပေါင်းတာဝန်ယူမှုနှင့် မိမိတို့၏စွမ်းဆောင်ရည်ကို ကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲနိုင်မှု ရှိခြင်းတို့သည် မည်မျှအရေးကြီးကြောင်း ကျွန်ုပ်တို့ကို သတိပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်ဒေသမှ ယခုဖြစ်စဉ်မှတ်တမ်းသည် ကျွန်ုပ်တို့တွင် ရှိနေသော တန်ဖိုးဖြတ်မရနိုင်သည့် အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ပိုမိုတောက်ပပြီး ရေရှည်ဖွံ့ဖြိုးစေသော အနာဂတ်မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့အား စိတ်အားတက်ကြွလာစေပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်။
အခက်အခဲတွေကြားထဲက ရုန်းကန်နိုင်ခြင်း
အသက် ၃၁ နှစ်အရွယ် ဆရာမ နန့်မေဘရဏီဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးက ကလေးငယ်တွေ ပညာသင်ကြားခွင့် ပြန်လည်ရရှိရေးနဲ့ တိုးချဲ့ပညာသင်ကြားခွင့် ရရှိရေးတို့မှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများလိုပဲ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရသလို ၂၀၂၁ ခုနှစ် အစောပိုင်းကစတဲ့ ပဋိပက္ခတွေကြောင့်လည်း အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဒီစိန်ခေါ်မှုတွေအကုန်လုံးဟာ ပညာရေးစနစ်ကိုအကြီးအကျယ် ထိခိုက်စေပြီး ကလေးတွေကို အချိန်ကြာမြင့်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးစေခဲ့တာကြောင့် ကလေးတွေဟာ ပညာရေးမှာ စိတ်ဝင်စားမှု သိသိသာသာ ကျဆင်းသွားစေခဲ့ပါတယ်။ "ကျွန်မတို့ကလေးတွေအတွက် သင်ယူလေ့လာဖို့ အခွင့်အလမ်းတွေ ပျောက်သွားခဲ့တယ်။ ကျောင်းမတက်ရတဲ့ကလေးတွေအတွက် အန္တရာယ်အမျိုးမျိုးနဲ့ ကြုံရနိုင်ခြေတွေလည်းပိုတိုးလာတယ်။” လို့ နန့်မေကပြောပြပါတယ်။ ဆရာမနန့်မေဟာအစိုးရကျောင်းမှာ ကရင်စာပေသင်ကြားသူ စေတနာ့ဝန်ထမ်းအဖြစ် ၅ နှစ်လုပ်ကိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးထဲက ရပ်ရွာကျောင်းတစ်ကျောင်းမှာလည်း အချိန်ပြည့် လက်ထောက်ဆရာမတစ်ဦးအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ အစိုးရပညာရေးအပြင် ဒေသန္တရအသင်းတော် ကရင်စာပေ သင်တန်းမှာလည်း ဦးဆောင်ဆရာအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ "တစ်သက်လုံး ဆရာမလုပ်ခဲ့တော့ ကလေးတွေရဲ့ အိပ်မက်တွေ အနာဂတ်တွေ တဖြည်းဖြည်း မှေးမှိန်လာတာကို မြင်ရတာဟာ ကျွန်မကို နေ့စဥ်စိတ်သောကဖြစ်စေတယ်။ ဒီအခြေအနေတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ တိုးတက်အောင်လုပ်ချင်စိတ်ဖြစ်လာခဲ့တယ်။” လို့ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ဖို့ အခွင့်အလမ်းတွေကို တက်တက်ကြွကြွ ရှာဖွေပြီး ကလေးတွေရဲ့ ပညာရေးဝန်ဆောင်မှုတွေ ပြန်လည်ရရှိအောင် ကြိုးစားဖြစ်ခဲ့ပုံကို အလေးပေး ပြောပြခဲ့ပါတယ်။၂၀၂၃ မေလမှာ ကလေးတွေရဲ့ အခြေခံပညာရေးကို အထောက်အကူပြုတဲ့ ပညာရေးလမ်းကြောင်းများ ဖော်ဆောင်ခြင်း (QBEP4C) ပညာရေးပရောဂျက်ကို ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်တွေမှာ တိုးချဲ့ဆောင်ရွက်လာချိန်မှာတော့ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကို ပံ့ပိုးပေးလိုတဲ့ နန့်မေရဲ့ ပြင်းပြတဲ့ဆန္ဒဟာ အကောင်အထည်ပေါ်လာခဲ့ပါတော့တယ်။ ဥရောပသမဂ္ဂ၊ ဖင်လန်နိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတွေက ငွေကြေးပံ့ပိုးပေးထားတဲ့ QBEP4C ပရောဂျက်ဆိုတာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပညာရေးကွာဟချက်တွေကို ပေါင်းကူးပေးဖို့အတွက် ရပ်ရွာကဦးဆောင်ပြုလုပ်တဲ့ ယူနီဆက်ရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်က ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေအတွက် လွဲချော်နေတဲ့ ပညာရေး အခွင့်အလမ်းတွေကို ပြန်ပြီးဖမ်းဆုပ်နိုင်ဖို့နဲ့ သူတို့ရဲ့ အိပ်မက်တွေကို ပြန်ပြီး ရှာဖွေတွေ့ရှိနိုင်ဖို့ ပညာရေး ဖြည့်စွက်လမ်းကြောင်းတွေကို ရရှိစေပါတယ်။ရပ်ရွာထဲက ကလေးတွေကို ပညာရေးနဲ့ ပြန်လည်ချိတ်ဆက်ပေးတဲ့အခါမှာ အခက်အခဲတွေရှိခဲ့တယ်လို့ နန့်မေက ပြောပြပါတယ် - "ကလေးတွေက အချိန်အကြာကြီးနေပြီးမှ စာသင်ဖို့ကျောင်းပြန်တက်ကြရတဲ့အခါ စာသင်ဖို့ သူတို့စိတ်မဝင်စားကြတော့ဘူး။ ဖုန်းတွေရှိလာကြတာကလည်း စာစိတ်ဝင်စားတာကို ပိုနည်းလာစေပါတယ်။ "အစီအစဉ်အစပိုင်းမှာတော့ ဆရာ၊ဆရာမတွေဟာ အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ကြရတယ်။ ကလေးတွေက အတန်းထဲကို ဖုန်းတွေယူလာတယ်။ ကျောင်းသားအချင်းချင်း ရောရောနှောနှော ပေါင်းသင်းဆက်ဆံတာမျိုးတွေလည်းနည်းတယ်။ ပညာရေးနဲ့ ပိုနီးစပ်လာဖို့ ချဥ်းကပ်တဲ့နည်းသစ်တွေ သုံးဖို့လိုအပ်တယ်ဆိုတာကို တွေးမိတဲ့ ဆရာမနန့်မေက ကလေးတွေရဲ့ အာရုံစိုက်မှု ရဖို့နဲ့ အမူအကျင့်ကောင်းတွေကို အားပေးဖို့ သမာရိုးကျ သင်ကြားရေးနည်းလမ်းမဟုတ်တဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ “ကျွန်မက ကလေးတွေကို စာဖတ်ခြင်းကနေရတဲ့ ပျော်ရွှင်မှုတွေကို ပြဖို့ ဖြည်းဖြည်းချင်း ကြိုးစားခဲ့တယ်။ ကျွန်မတို့ ဂိမ်းတွေအတူတူဆော့ကြတယ်၊ နောက်တော့ ကလေးတွေ စုပေါင်းလုပ်တတ်လာတာကို တွေ့ရတယ်။ သူတို့ကို စာရွက်နဲ့ ရောင်စုံခဲတံလေးတွေပေးပြီး ပုံလေးတွေဆွဲခိုင်း၊ လက်မှုပစ္စည်းလေးတွေ လုပ်ခိုင်းရင်လည်း ပျော်ကြတယ်။ ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ထားတတ်လာတယ်။ စာအုပ်တွေဆိုလည်း သူတို့နဲ့ဆိုင်တဲ့နေရာမှာ ပြန်သိမ်းတာမျိုးတွေလည်းလုပ်လာတတ်ကြတယ်။”ကျန်းမာရေးအခြေအနေကြောင့် သူငယ်တန်း စာသင်နှစ် တစ်ဝက်မှာကျောင်းကနေ အနားယူခဲ့ရတဲ့ ၈ နှစ်အရွယ် သားလေး စခန့်ဝေအောင်ကလည်း ဒီအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ သွေးဖြူဥဆဲလ်များလို့ မကြာခဏ သွေးသွင်းနေရပေမယ့် သူက " သားက စာကြည့်တိုက်သွားရတာကို သိပ်ကြိုက်တာ" လို့ သူ့ရဲ့ အတွေ့အကြုံကို ပြန်ပြောပြထားပါတယ်။ သူငယ်ချင်းတွေနဲ့ ကစားရတာ အရမ်းပျော်တယ် ၊ စာအုပ်ဖတ်ရတာကို ကြိုက်တယ်။ ပုံဆွဲရတာလည်း ပျော်စရာကြီး၊ ဂျုံနဲ့ကစားရတာလည်း သိပ်ပျော်ဖို့ကောင်းတယ်။ ဆရာမနန့်မေက သားတို့ကို ပုံပြင်တွေလည်း အများကြီးပြောပြတယ်။ ဆရာမကိုလည်းချစ်တယ်။"ကလေးတွေက ဖုန်းကိုပဲ သုံးနေကြရာကနေ တခြားလှုပ်ရှားမှုတွေမှာလည်း ပျော်စရာအသစ်တွေကို ရှာတတ်လာကြတာကြောင့် ဒီ အစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုဟာ ကလေးတွေရဲ့ အမူအကျင့်ကို သင်ကြားရေးစင်တာမှာတင် မဟုတ်ဘဲ တခြားနေရာတွေမှာပါ ပြောင်းလဲလာစေခဲ့တဲ့အကြောင်းကို မိဘတွေကလည်း ကျေနပ်အားရပြီး ပြန်ပြောပြကြပါတယ်။ “အရင်ကဆို သူတို့အိမ်ပြန်ရောက်တာနဲ့ ဖုန်းပဲသုံးချင်နေကြတာ။ အခုဆို သူတို့က ဖုန်းကြည့်တဲ့အချိန်တွေလျော့ပြီး စာဖတ်တာ၊ ပုံဆွဲတာတွေကို ကြိုက်လာတယ်၊ တခြားလှုပ်ရှားမှုတွေမှာပါ ပါတတ်လာတယ်" လို့ အစီအစဉ်မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်အေးမြင့်က ဆိုပါတယ်။နန့်မေဘရဏီက QBEP4C ပရောဂျက်က ပို့ချတဲ့ “Digital Literacy, Literacy and Numeracy Assessment, Multiplier and Teacher Resource Package" ၁၀ ရက်တာသင်တန်းကနေ ကျွမ်းကျင်မှုအသစ်တွေ ရရှိလာတာ တွေ့ရပါတယ်။ သူက အခုဆိုရင် သူ့ရဲ့သင်ကြားရေး နည်းလမ်းတွေမှာ ဒစ်ဂျစ်တယ် ကျွမ်းကျင်တတ်မြောက်မှုကိုပါ ချောချောမွေ့မွေ့ ထည့်သွင်း သင်ကြားပေးနိုင်ပြီဖြစ်ပါတယ်။“အခုဆို ကျွန်မ Learning Passport ကို သုံးပြီး ပုံပြင်တွေ ပြောတတ်လာတယ်။ ပြီးတော့ ကျွန်မက ပုံဆွဲတော်တဲ့သူမဟုတ်ပေမယ့် ကလေးတွေကို မသင်ခင် ကျွန်မဘာသာအရင်လေ့ကျင့်ဖို့ အခြေခံ ပုံဆွဲနည်းဗီဒီယိုတွေ၊ လေ့ကျင့်ခန်းတွေကို YouTube မှာ ရှာတတ်လာပါတယ်။ လက်မှုပစ္စည်းလေးတွေလုပ်တာနဲ့ ဓာတ်ပုံရိုက်တာအတွက်လည်း လေ့လာဖြစ်တယ်။ YouTube နဲ့ Google နှစ်ခုစလုံးကနေ စာသင်၊ ဆော့ကစားနေတဲ့ ကလေးတွေရဲ့ပုံကို ရိုက်ဖို့ ဓာတ်ပုံပညာဗဟုသုတွေလည်း ကျွန်မရခဲ့တယ်။ Viber ကလည်း ကျွန်မအတွက် တော်တော်အသုံးဝင်တယ်။ ကလေးသူငယ်တွေရရှိသင့်တဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး အများကြီးလေ့လာခဲ့တယ် - ကလေးတစ်ယောက်ကို ဆုံးမဖို့လိုလာပြီဆိုရင် သူတို့ကို ဒီအတိုင်း 'ဒါမလုပ်နဲ့' လို့ ပြောမယ့်အစား စာအုပ်ထဲက ဇာတ်လမ်းလေးတွေကိုသုံးပြီး ဆုံးမတတ်လာတယ်။ ပေါ့ပေါ့ပါးပါး ရှင်းပြတဲ့သဘောသက်ရောက်တဲ့အပြင် သူတို့လေးတွေရဲ့ နူးညံ့တဲ့ စိတ်ခံစားချက်လေးတွေကို မထိခိုက်စေတော့ဘူးပေါ့။ " ရပ်ရွာလူထုကိုယ်စား နန့်မေဘရဏီက QBEP4C ရဲ့ အကျိုးသက်ရောက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ် - "ဒီအစီအစဉ်ကို ကျွန်မတကယ်ပဲ ကျေးဇူးတင်ပါတယ်။ မိဘတွေနဲ့ ရပ်ရွာလူထုရဲ့ စိတ်အားထက်သန်မှုနဲ့ တက်တက်ကြွကြွ ပါဝင်မှုကြောင့်လည်း ဒီအစီအစဉ်ကို အောင်မြင်စေခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ သင်ကြားရေးစင်တာမှာ အခုဆို ပရောဂျက်ကရော ရပ်ရွာလူထုကရော ထောက်ပံ့ထားတဲ့ စာအုပ်တွေအများကြီး ရှိနေပါပြီ။”QBEP4C အစီအစဉ်က နန့်မေလို စိတ်အားထက်သန်တဲ့ ဆရာဆရာမတွေအနေနဲ့ ကလေးတွေအတွက် သင်ယူနိုင်မယ့် အခွင့်အလမ်းတွေနဲ့ ပြန်ပြီးချိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်တွေကိုပြည့်ဝအောင် လုပ်ပိုင်ခွင့်ရစေခဲ့တဲ့အကြောင်းကို "ကျွန်မတို့ ရပ်ရွာထဲက ကလေးတွေကို စာအုပ်စာပေတွေကို စိတ်ရင်းနဲ့ ချစ်တတ်စေချင်တယ်၊ စာဖတ်ခြင်းကတစ်ဆင့် အလေ့အကျင့်ကောင်းတွေ ရစေချင်တယ်၊ ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ ပြည့်ဝပြီး ပိုပြီးတောက်ပတဲ့ အနာဂတ်အတွက် သူတို့ရည်မှန်းချက်တွေ အောင်မြင်အောင် ပံ့ပိုးပေးချင်တယ်" လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ကလေးငယ် ၄ သန်းကျော်ဟာ ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးနေကြရပါတယ်။ အလှူရှင်တွေဆီက ထောက်ပံ့မှုတွေနဲ့အတူ QBEP4C က ဧရာဝတီ၊ ပဲခူး၊ ချင်း၊ ကချင် ၊ မကွေး ၊ ရခိုင် ၊ စစ်ကိုင်း ၊ မန္တလေးနဲ့ ရှမ်းဒေသတွေက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေ စဉ်ဆက်မပြတ် သင်ယူနိုင်ဖို့ ပံ့ပိုးပေးပြီး တခြားရွေးချယ်စရာ ပညာရေးလမ်းကြောင်းတွေကို ဖော်ဆောင်ပေးရင်း ဒီကွာဟချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် မတ်လ ၀၇ ရက်။
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့အောင်မြင်သော အမျိုးသမီးဦးဆောင်သည့် စီးပွားရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်း
အသက် ၄၃ နှစ်ရှိပြီဖြစ်သော မသီရိအောင်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ငယ်လေးတစ်ခုဖြစ်သော ပြင်ဦးလွင်မြို့ဇာတိဖြစ်ပြီး၊ ရန်ကုန်တွင်အခြေစိုက်လုပ်ကိုင်နေသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ဤအင်တာဗျူးတွင် မသီရိက လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများကို ရင်ဆိုင်နေရသည့် ကာလအတွင်း မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းပိုင်ရှင်များအား ၎င်းတို့၏လုပ်ငန်းများ ရပ်တည်အောင်မြင်နိုင်စေရန် သူမအနေဖြင့် မည်ကဲ့သို့ အကူအညီပေးနေသည်ကို ရှင်းလင်းပြောဆိုထားပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာတွင် နိုင်ငံ၏ စီးပွားရေးသည် ၁၀ ရာခိုင်နှုန်းခန့် ကျုံ့သွားခဲ့သောကြောင့် အရှေ့အာရှတွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာလျှင် ကမ္ဘာ့ကပ်ရောဂါမတိုင်မီ ယခင်စီးပွားရေးလုပ်ငန်းအခြေအနေသို့ ပြန်မရောက်သေးသည့် နိုင်ငံဖြစ်လာသည်။[1] စစ်ပွဲများအရှိန်မြင့်လာပြီး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများ လည်း ပို၍ဆိုးရွားလာသောကြောင့် မိသားစုများစွာသည် ငွေကြေးဒုက္ခရောက်ရသည့်အပြင် အခက်အခဲရင်ဆိုင် ဖြေရှင်းနိုင်စွမ်းများလည်း အဆုံးစွန်အခြေအနေသို့ရောက်လာသည်။ အထူးသဖြင့် အမျိုးသမီးများသည် ထိခိုက်လွယ်သူများဖြစ်ပြီး အခြေအနေများသည် ကျား-မ ရေးရာ (Gender) တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ တိုးတက်မှုများတွင် သိသိသာသာ ဆုတ်ယုတ် ကျဆင်းသည့်အခြေအနေသို့ ဦးတည်လာခဲ့သည်။ အမျိုးသမီးများ လုပ်နိုင်သည့်အရာ၊ လုပ်သင့်သည့်အရာဟူသည့် ရိုးရာအစဉ်အလာ စံသတ်မှတ်ချက်များက ၎င်းတို့ကို ကျွမ်းကျင်မှုလိုအပ်သည့်အလုပ်အကိုင်များနှင့် စက်မှုလုပ်ငန်းများ၊ ခေါင်းဆောင်နေရာများသို့ လက်လှမ်းမီရရှိမှုတွင် အတားအဆီးများဖြစ်စေသောကြောင့် ၎င်းတို့သည် လစာ နည်းပါးသည့် အလုပ်အကိုင်များတွင်သာ နေရာရကြသည်။ ထို့အပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အထိခိုက်ဆုံး အလုပ်အကိုင်ကဏ္ဍများတွင်လည်း အမျိုးသမီးများပါဝင်နှုန်းသည် လိုအပ်သည်ထက် အဆမတန် ပိုများနေပြီး [2] အမျိုးသမီး အလုပ်လက်မဲ့နှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၁၀ ရာခိုင် နှုန်းအထိ များလာသောကြောင့် ၅ ဆ တက်လာခဲ့သည်။[3]ဤပတ်ဝန်းကျင်အခြေအနေတွင် မသီရိအောင် (မြန်မာအမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်နှင့် အမျိုးသမီးများ၏ စီးပွားရေးလုပ်ငန်းများပံ့ပိုးကူညီရေးကွန်ရက် Women Transforming Myanmar (WTM) တည်ထောင်သူ) သည် အမျိုးသမီးဦးဆောင်သည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ စိတ်အားထက်သန်သူဖြစ်ပြီး၊ အကျပ်အတည်းရင်ဆိုင်ရသည့်ကာလများအတွင်း ရေရှည်တည်တံ့အောင်မြင်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖန်တီးပေးရန် အမျိုးသမီးတစ်ဦးချင်းအလိုက် ကူညီဆောင်ရွက်ပေးရန်သာမက မြန်မာနိုင်ငံတွင် ပို၍သာယာဝပြောပြီး ကျား-မ တန်းတူညီမျှသော အခြေအနေရောက်ရှိရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ရန်လည်း မျှော်မှန်းထားသည်။ မသီရိကိုယ်တိုင် အစီအစဉ်ရေးဆွဲခဲ့သည့် အမျိုးသမီးခေါင်းဆောင်မှု (Transformative Feminist Leadership) အစီအစဉ်မှတစ်ဆင့် မြန်မာအမျိုးသမီးများကို ပံ့ပိုးကူညီရန် UN Women သည် မသီရိနှင့် မိတ်ဖက်ဆောင်ရွက်ခဲ့သည်။ ဤအစီအစဉ်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ချိန်မှစ၍ အမျိုးသမီးပေါင်း ၅၂၂ ဦး သည် UNDP (မြန်မာ)၏ မကြာသေးမီက စတင်မိတ်ဆက်ခဲ့သော e-learning platform အပါအဝင် လူကိုယ်တိုင် တက်ရောက်ရသော (in-person) သင်တန်းများ၊ စောင့်ကြည့်လေ့လာ အကဲခတ်မှုများနှင့် အခြားပံ့ပိုးမှုများကို လက်လှမ်းမီ ရရှိခဲ့ကြသည်။ဤအင်တာဗျူးတွင် မသီရိက မြန်မာနိုင်ငံတွင် UN Women နှင့် သူမ လက်တွဲဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကြောင်းနှင့် သူမကိုယ်ပိုင် စွန့်ဦးတီထွင်လုပ်ငန်း လုပ်ကိုင်ခဲ့ရသည့် ဘဝခရီးလမ်းအတွေ့အကြုံများကို ပြောပြထားပါသည်။ အစ်မအနေနဲ့ Women Transforming Myanmar ကို စီစဉ်ဆောင်ရွက်နေတဲ့အပြင် အစ်မရဲ့ခင်ပွန်းနဲ့အတူ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းလည်း ပိုင်ဆိုင်ထားသူတစ်ဦးလို့ သိရပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦး ဘယ်လို ဖြစ်လာတာပါလဲ။၂၀၁၇ ခုနှစ်မှာ ကျွန်မတို့ရဲ့ လခစားအလုပ်တွေကထွက်ပြီး စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်ဖို့ ကျွန်မအမျိုးသားနဲ့ ကျွန်မ တိုင်ပင်ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက မြန်မာနိုင်ငံက တဖြည်းဖြည်းချင်းစပြီး လမ်းပွင့်လာတဲ့ကာလ ဖြစ်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေ အတော်များများ ဝင်လာကြတယ်၊ အင်တာနက်ကို လူတိုင်း အသုံးပြု လာနိုင်တော့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းတွေကို စပြီး လူသိများလာပါတယ်။ ကျွန်မတို့က သဘာဝပတ်ဝန်းကျင်ကိစ္စနဲ့ပတ်သက်ပြီး စိတ်အားထက်သန်ကြသူတွေပါ။ ကျွန်မတို့အတွက် အရေးကြီးဆုံးအရာက ကျွန်မတို့ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖန်တီးပေးဖို့လိုတယ်ဆိုတာကို နားလည်သဘောပေါက်ခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ သစ်သားအဟောင်းတွေ ပြန်လည်ပြုပြင်ရောင်းချတဲ့ ပရိဘောဂလုပ်ငန်းတစ်ခုကို ကျွန်မတို့ စလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ထိ ကျွန်မက ကော်ပိုရိတ်ကဏ္ဍပိုင်းမှာ လုပ်နေခဲ့တာ ၁၅ နှစ်လောက်ရှိပြီဆိုတော့ ကျွန်မက “ ငါ ပရောဂျက်ကြီးတွေ အများကြီးလုပ်နိုင်ခဲ့တာဘဲ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လည်း အဆင်ပြေလွယ်ကူမှာဘဲ” လို့ တွေးမိတယ်။ အဲ့ဒါက ကျွန်မ တွေးခဲ့တာပါ။ အစမှာ ကျွန်မအမျိုးသားနဲ့ ကျွန်မ အိပ်မက်တွေ အကြီးကြီးမက်ခဲ့တာပေါ့။ ဒါပေမဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စဖို့ဆိုတာ ခက်ပါတယ်။ လုပ်ငန်းအဆင့်တိုင်းမှာ ငွေရေးကြေးရေးကအစ စာရင်းအင်းနဲ့ ဈေးကွက်ရှာဖွေတာအဆုံး အားလုံးကို ကျွန်မတို့ အောက်ခြေကစပြီး လေ့လာခဲ့ရပါတယ်။ ဒါဆို အစ်မတို့အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်တာနဲ့ပတ်သက်ပြီး ဘယ်လိုများ သင်ယူခဲ့ပါသလဲ။ ပံ့ပိုးကူညီမှုများ ရခဲ့ပါသလား။ ကံကောင်းစွာနဲ့ဘဲ accelerator program မှာ ကျွန်မတို့ အရွေးခံခဲ့ရပါတယ်။ နည်းပြအပါအဝင် လမ်းညွှန်သူတွေနဲ့အတူ ကျွန်မတို့တွေ သုံးလ သင်ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းကို အစီအစဉ်ရေးဆွဲဖို့ မဟာဗျူဟာအမျိုးမျိုးကို သင်ခဲ့ရတယ်။ ပြီးတော့ ကျွန်မ MBA အောင်ခဲ့ပါတယ်။ ဒီဘွဲ့ကို ၂၀၁၉ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံမှာ ရခဲ့တာပါ။ ကျွန်မ သင်ယူခဲ့ရတဲ့ အရာတွေက ကျွန်မအတွက် အတွေးအမြင်သစ်တွေရစေပြီး ကမ္ဘာသစ်တစ်ခု လမ်းပွင့်သွားသလို ခံစားမိတယ်။ အခြားသူတွေအားလုံးကိုလည်း အဲ့ဒီလိုမျိုး သိစေချင်တယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် startups အစပျိုးလုပ်ငန်းတွေအားလုံး ဒီလိုအသိပညာတွေ ရဖို့လိုတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့ တယ်။ သူတို့အနေနဲ့ ထိရောက်တဲ့ ရက်တိုသင်တန်းတွေ၊ လမ်းညွှန်မှုနဲ့ နည်းပေးလမ်းပြမှုတွေကို လက်လှမ်းမီ လေ့လာသင်ယူနိုင်ဖို့လိုပါတယ်။ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ပံ့ပိုးကူညီဖို့အတွက် အစ်မရဲ့ ကိုယ်ပိုင် network ကို စဖို့ ဒီအချက်တွေက လှုံ့ဆော်မှု ဖြစ်စေခဲ့တာလား။ ဟုတ်ပါတယ်။ Women Transforming Myanmar (WTM) ကို ကျွန်မ ၂၀၂၀ မှာ စပြီး တည်ထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းပြင်းထန်ထန် ကူးစက်နေချိန်ပါဘဲ။ လူတွေက ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေကြရတယ်။ ကော်ပိုရေးရှင်းစီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ ဝန်ထမ်းအင်အားတွေကို လျှော့ချခဲ့သလို လစာတွေကိုလည်း လျှော့ခဲ့ကြပါတယ်။ အမျိုးသမီးတော်တော်များများက သူတို့ရဲ့ အိမ်ဟင်းချက်တာကို ထုတ်ကုန်တွေလိုမျိုး ရောင်းချဖို့အတွက် အင်တာနက်အသုံးပြုလာတာ ကျွန်မတွေ့ရတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့မသိကြဘူး။ သူတို့အချင်းချင်း ကူညီဖေးမနိုင်အောင် ကျွန်မ သူတို့ကို ဆက်သွယ်ချင်တယ်။ ပြီးတော့ သူတို့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း အစပျိုးလုပ်ဖို့ကော ရေရှည်မှာရပ်တည်နိုင်အောင် ကျွန်မ သူတို့ကို ကူညီချင်တယ်။ ဒါမှလည်း သူတို့တွေက တခြား အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာပေါ့။ ဒါကြောင့် သင်တန်းနဲ့ အသိပညာမျှဝေတဲ့ သင်တန်းအစီအစဉ်တွေကို ကျွန်မတို့ စတင်ခဲ့ပါတယ်။ အခုတော့ ကျွန်မတို့ကွန်ရက်အတွင်းမှာ အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါင်း ၄၀၀၀ ကျော် ရှိလာပါပြီ။ ပြီးတော့ အွန်လိုင်းဆွေးနွေးပွဲ (webinar)တွေ၊ သင်တန်း၊ စကားဝိုင်းတွေ၊ စီးပွားရေးလုပ်ငန်းလေ့လာရေးခရီးတွေနဲ့ ကွန်ရက် ချိတ်ဆက်ပွဲတွေကို ကျွန်မတို့စီစဉ်ပေးတဲ့အပြင်၊ လမ်းညွှန်ပြသမှုနဲ့ ဆွေးနွေးအကြံပေးတာတွေကိုလည်း ကမ်းလှမ်းပေးနေပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအဖြစ်နဲ့ အစ်မရဲ့အတွေ့အကြုံပေါ်အခြေခံပြီး အစ်မကိုယ်တိုင် စီစဉ်ရေးဆွဲခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်မှုသင်တန်း (Transformative Feminist Leadership training) အစီအစဉ်ကို ဆောင်ရွက်ဖို့ UN Women နဲ့ အစ်မတို့ မကြာသေးခင်က မိတ်ဖက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ အသေးစိတ် ပြောပြပေးပါလား။ ၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ လက်ရှိ ရှိနေပြီးသားနဲ့ ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို လူကိုယ်တိုင် (in-person) တက်ရောက်ရတဲ့ ခေါင်းဆောင်မှုသင်တန်းအပါအဝင် အွန်လိုင်းနဲ့ လက်တွေ့စာသင်ခန်းပါ ပေါင်းစပ်ထားတဲ့ လေ့လာသင်ယူမှုအဝန်းအဝိုင်းတစ်ခုကို ဖြည့်ဆည်းပံ့ပိုးပေးထားပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က လူမှုအပြောင်းအလဲကိုဖြစ်စေပြီး ပိုပြီး သာတူညီမျှမှုရှိတဲ့ အားလုံး အကျုံးဝင် ခံစားခွင့်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ပေါ်ထွန်းလာဖို့အတွက် အသေးစား၊ အငယ်စားနဲ့ အလတ်စား စွန့်ဦးတီထွင်လုပ်ငန်း အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ အမျိုးသမီးခေါင်းဆောင်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် တစ်ဦးချင်းစီရဲ့ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေဆီ ဦးတည်ဖြစ်ပေါ်ရေးအတွက် မျှော်မှန်းထားပါတယ်။ ကျွန်မတို့ရဲ့သင်တန်းက ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်း၊ လူ့အခွင့်အရေးနဲ့ ကျား-မ တန်းတူညီမျှရေး ပေါင်းစပ်သင်ကြားမှုအပေါ် အဓိက အလေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ UN Women နဲ့ ကျွန်မတို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာအမျိုးသမီးတွေအနေနဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ရေးဆိုတဲ့ တူညီတဲ့ ဘုံရည်မှန်းချက် ရှိထားလို့ဖြစ်ပါတယ်။ကျား-မ တန်းတူညီမျှမှုအကြောင်းကို သူတို့တွေ ပြည့်ပြည့်စုံစုံ လေ့လာကြပြီးတော့ ခေါင်းဆောင်ကောင်းဖြစ်လာနည်းနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတည်ဆောက်ပုံတွေကိုလည်း လေ့လာကြရပါတယ်။ အမျိုးသမီးအများစုအတွက်တော့ ကျား-မ ရေးရာ အလေးထားတဲ့ ခေါင်းဆောင်မှုသင်တန်းက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အမျိုးသမီးအများစုက သူတို့ရဲ့ကျေးရွာနဲ့ လူထုအသိုက်အဝန်းအတွင်းမှာ အမျိုးသမီးဖြစ်နေရုံနဲ့ သူတို့ရဲ့အသံတွေ လျစ်လျူရှုခံရပုံကို ရင်ဖွင့်ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ သင်တန်းကာလအတွင်းမှာ သူတို့ တစ်ဦးနဲ့တစ်ဦး ဒီလိုအတွေ့အကြုံတွေ ဖလှယ်ရတာ သူတို့အနေနဲ့ လုံခြုံစိတ်ချပြီး အချင်းချင်း ရိုင်းပင်းကူညီကြပါတယ်။ UNDP အနေနဲ့ မကြာသေးခင်က မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ရည်ရွယ်တဲ့ အခမဲ့ eLearning portal ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေထံ လက်လှမ်းမီရောက်ဖို့ WTM နဲ့ UN Women က ဒီပလက်ဖောင်းကို ဘယ်လို အသုံးပြုနေလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါလား။ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းနဲ့ ကျား-မ ရေးရာနဲ့ပတ်သက်ပြီး လေ့လာသင်ယူမှုအစီအစဉ်တစ်ရပ်ကို UN Women နဲ့ ကျွန်မတို့ အတူပူးပေါင်းပြီး ရေးဆွဲခဲ့ပါတယ်။ အမျိုးသမီးတွေကို သူတို့လျှောက်လှမ်းရတဲ့ လမ်းခရီးအဆင့်ဆင့်၊ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ ပံ့ပိုးကူညီဖို့ ကျွန်မက အွန်လိုင်းကနေ ဖိုရမ်ပလက်ဖောင်းမှာ လမ်းညွှန်ပြသမှုတွေ လုပ်ပေးပါတယ်။ အွန်လိုင်းလေ့လာသင်ယူရေးအစီအစဉ် တစ်ခုလုံးကနေ အပြည့်အဝအကျိုး ရှိအောင် သေသေချာချာ သင်ကြားပေးပါတယ်။ အခမဲ့လေ့လာနိုင်တဲ့ ဒီပလက်ဖောင်းကို အောက်တိုဘာလထဲမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ အမျိုးသမီး ၃၉၇ ဦး စာရင်းသွင်းခဲ့ရာမှာ ၂၃၉ ဦးက သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြပါတယ်။ အသိအမှတ်ပြုလက်မှတ်ရကြပြီး သူတို့ရဲ့ စွန့်ဦးတီထွင်လုပ်ငန်း လျှောက်လှမ်းရာ ခရီးလမ်းမှာ အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်မှာပါ။ အမျိုးသမီးခေါင်းဆောင်မှုသင်တန်းအစီအစဉ် (Transformative Feminist Leadership programme) မှာ တက်ရောက်ပါဝင်တဲ့ အမျိုးသမီးတွေအကြောင်းကို ပြောပြပေးပါဦး။ တချို့အမျိုးသမီးတွေက ဒီအကျပ်အတည်းကာလအတွင်းမှာ သူတို့ရဲ့မိသားစုတွေကို ထောက်ပံ့ဖို့ အပိုဝင်ငွေရှာဖို့ လိုပါတယ်။ တချို့တွေကျတော့လည်း မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ သူတို့အနေနဲ့ ပျိုးထောင်လုပ်ကိုင်နိုင်တဲ့ ရေရှည်တည်တံ့မယ့် စီးပွားရေးလုပ်ငန်းတစ်ခုခု တည်ထောင်ဖို့အထိ ကြီးမားတဲ့ ရေရှည်ရည်မှန်းချက်တွေ ရှိကြပါတယ်။ ကျွန်မတို့သင်တန်းမှာ အစားအသောက်နဲ့ ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ အတော်များများ ပါဝင်ပါတယ်။ ပြီးတော့ အထည်အလိပ်၊ ဖိနပ်၊ အသုံးအဆောင်နဲ့တွဲဖက်ပစ္စည်း၊ လက်မှုပစ္စည်းစတာတွေ ထုတ်လုပ် ရောင်းချတဲ့ အမျိုးသမီးတွေလည်းပါတယ်။ ဒါ့အပြင် အနုပညာရှင်၊ လယ်သမား၊ စိတ်ကျန်းမာရေး ကုသပေးသူနဲ့ စီးပွားရေးသင်တန်းနည်းပြတွေ၊ ပုဂ္ဂလိကကျောင်းက ဆရာ၊ဆရာမတွေ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီးတွေလည်း ပါဝင်ကြပါတယ်။ ပလက်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး အတိုင်ပင်ခံလုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကာဗွန်ဓါတ်ငွေ့လျှော့ချရေးစနစ်နဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ တခြားအမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ အဖွဲ့ထဲမှာ နယ်ပယ်စုံ လုပ်ငန်းစုံကို ကိုယ်စားပြုပြီး ပါဝင်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ သက်ဆိုင်ရာ ပညာရပ်၊ ကျွမ်းကျင်မှုနဲ့ ဝန်ဆောင်မှုတွေကို အချင်းချင်း မျှဝေဖလှယ်ကြပါတယ်။ ဒီလို ကျား-မ ရေးရာ အလေးထားတဲ့ စီးပွားရေးလုပ်ငန်း ပံ့ပိုးမှုမျိုးက သူတို့အတွက် ဘာကြောင့် အလွန် အရေးကြီးပါသလဲ။ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ မြန်မာပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အတားအဆီး အခက်အခဲ မျိုးစုံကို ကြုံတွေ့နေရပါတယ်။ သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စီးပွားရေးလုပ်ငန်းပံ့ပိုးဝန်ဆောင်မှုတွေကို လက်လှမ်းမီ မရနိုင်ကြဘူး။ ဥပမာ - သူတို့ ရယူနိုင်တဲ့အချိန်မျိုးမှာ အထောက်အပံ့က အသင့်ရှိနေတာမျိုးနဲ့ သူတို့ရဲ့ အတွေ့အကြုံနဲ့ ဆက်စပ်တဲ့ ခေါင်းစဉ်တွေ ပါဝင်တာမျိုးတွေဟာ အရေးကြီးပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အနေနဲ့ ငွေကြေးပံ့ပိုးမှုမှာ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးပံ့ပိုးမှုနဲ့ပတ်သက်ပြီး အမျိုးသမီးဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေပေးရင်းနဲ့ ကျွန်မတို့ ကြိုးစားကူညီပေးသွားမှာပါ။ ကျွန်မတို့ရဲ့ အမျိုးသမီးခေါင်းဆောင်မှုသင်တန်း (Transformative Feminist Leadership training)ဟာ သူတို့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေအားလုံးကို အသိအမှတ်ပြုပြီး၊ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေမျှဝေဖို့၊ ပြဿနာတွေကို အတူတကွဖြေရှင်းဖို့ အထောက်အကူပြုတယ်လို့ သင်တန်းသူတွေပြောတာ ကြားရတော့ အလွန် အံ့ဩ ဝမ်းသာဖြစ်ရပါတယ်။ အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များစွာကို ပံ့ပိုးကူညီဖို့၊ အချင်းချင်း ချိတ်ဆက်ကူညီဖို့နဲ့ သူတို့ရဲ့ပန်းတိုင်တွေဆီ ရောက်ရှိအောင်မြင်ဖို့ ကျွန်မအနေနဲ့ UN Women နဲ့ ရှေ့ဆက် လက်တွဲဆောင်ရွက်သွားဖို့ အမှန်တကယ် မျှော်လင့်ထားပါတယ်။ အသေးစိတ်သိရှိလိုပါက -အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) အတွက် UNDP E-learning Portal) တွင် မသီရိက အမျိုးသမီးခေါင်းဆောင်မှုသင်တန်း (Transformative Feminist Leadership training)ကို ကူညီလမ်းညွှန်ပေးထားပါသည်။ ဤ e-learning platform သည် အခမဲ့ အထောက်အကူပြု ရင်းမြစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းပိုင်ရှင်များအား ၎င်းတို့၏ လုပ်ငန်းများ ခိုင်မာအားကောင်းစေရန်၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ တိုးတက်စေရန်နှင့် လုပ်ငန်းအကျိုးအမြတ်ကို မြှင့်တင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။ Women Transforming Myanmar ဖေ့စ်ဘွတ်စာမျက်နှာတွင် အမျိုးသမီးခေါင်းဆောင်မှု (Transformative Feminist Leadership) အစီအစဉ်နှင့်ပတ်သက်၍လည်း အသေးစိတ်လေ့လာနိုင်ပါသည်။ [1]2023 Myanmar Economic Monitor : Challenges Amid Conflict. Washington, D.C. World Bank Group. Available online.[2] International Labor Organization (ILO) brief, Employment in Myanmar in 2021: A rapid assessment. Available online.[3] Myanmar Labor Market Update 2023, ILO. Available online. *ဤဆောင်းပါးကို UN Women ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် မတ်လ ၀၅ ရက်။
ထောပတ်သီးပျိုးခင်းမှ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ခြင်းဆီသို့
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အမျိုးသမီးအဖွဲ့တစ်ဖွဲ့သည် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် မိမိကိုယ်ကိုဖူလုံရေးအတွက် ကြိုးစားရုန်းကန်လျက်ရှိသည်။ တစ်ချိန်က ဘိန်းစိုက်ပျိုးမှုဒဏ်ကို ခံခဲ့ရသည့် ဒေသတစ်ခုဖြစ်သော်လည်း အဆိုပါ အမျိုးသမီးများအဖွဲ့သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ ပံ့ပိုးကူညီမှုနှင့်အတူ ၎င်းတို့၏ လေ့လာသင်ယူနိုင်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ဖန်တီးရန် စတင်ခဲ့ကြသည်။ ဤအမျိုးသမီးများ၏ ရည်ရွယ်ချက်မှာ အတားအဆီးများကို ချိုးဖျက်ရန်နှင့် ၎င်းတို့၏ ရပ်ရွာအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပြန်လည်သတ်မှတ်ရန်ပင်ဖြစ်သည်။ဤအမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့်သော်လည်းကောင်း၊ ကျား-မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက်သော်လည်းကောင်း၊ UNODC အနေဖြင့် ဤအမျိုးသမီးများ၏ ပျိုးပင်ထုတ်လုပ်မှုလုပ်ငန်းများကို ပံ့ပိုးကူညီခဲ့သည်။ အဆိုပါလုပ်ငန်းများသည် ထိုအမျိုးသမီးအဖွဲ့များအား အပိုဝင်ငွေကို ထောက်ပံ့ပေးရုံသာမက UNODC အစားထိုးသီးနှံ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ၏ စံနှုန်းများနှင့်လည်း ကိုက်ညီလျက်ရှိသည်။ပျိုးပင်ထုတ်လုပ်မှုလုပ်ငန်းများနှင့်စပ်လျဥ်း၍ ဤအမျိုးသမီးများအဖွဲ့သည် ဘိန်းစိုက်ပျိုးမှုကြောင့် ပြုန်းတီးသွားသော သစ်တောများအား ပြန်လည်ပျိုးထောင်ရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် စျေးကွက်တွင် လူကြိုက်များသော ထောပတ်သီးမျိုးစိတ်များကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမိုရရှိစေရန် Hass ထောပတ်သီးမျိုးစိတ်အား ပျိုးပင်ထုတ်လုပ်၍ စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ UNODC ၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် အမျိုးသမီးအဖွဲ့များသည် Hass ထောပတ်သီးမျိုးစိတ် စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ခြင်းအနုပညာကို ကျွမ်းကျင်အောင် လေ့လာသင်ယူခဲ့ကြရပြီး ကောင်းမွန်သောရလဒ်များကို ရရှိခံစားခဲ့ကြရပါသည်။ ဤထောပတ်သီးပျိုးပင်များသည် အမျိုးသမီးအဖွဲ့များ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ၅ လမှ ၆ လအတွင်း ရှင်သန်ပေါက်ဖွားလာခဲ့ပြီး ထိုပျိုးပင်များကို စျေးကွက်သို့ အောင်အောင်မြင်မြင် ရောင်းချနိုင်ခဲ့သောကြောင့် အမျိုးသမီးအဖွဲ့ဝင်များအနေဖြင့် ဝင်ငွေများကို စတင်ရရှိလာခဲ့ပြီး ၎င်းတို့၏ အနာဂတ်ကြိုးပမ်းမှုများအတွက် သီးသန့်ရန်ပုံငွေတစ်ခု ထူထောင်နိုင်စေခဲ့ကြသည်။ "အခုလို တစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေတွေလည်းရတဲ့အတွက်ကြောင့် တစ်ကယ်ဘဲဝမ်းသာရပါတယ်။ ပိုပြီးတော့အားရစရာကောင်းတာက ဒီဝင်ငွေတွေကို စီးပွားရှာရခက်ခဲတဲ့ အခုလို ရာသီချိန်တွေမှာ ရရှိလို့ဘဲဖြစ်ပါတယ်။ ထောပတ်သီးပျိုးပင်လုပ်ငန်းကနေ ရရှိလာတဲ့ ဒီဝင်ငွေတွေနဲ့ဘဲ ကျွန်မတို့အဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်မိသားစုကို ပြန်ထောက်ပံ့နိုင်ခဲ့ပါတယ်။" ပြည်တွင်းဈေးကွက်တွင် Hass ထောပတ်သီးမျိုးစိတ်အား လူကြိုက်များလာပြီး Hass ထောပတ်သီးတစ်လုံး၏ စျေးနှုန်းသည် ဒေသတွင်းမျိုးစိတ်ထက် ငါးဆ ပိုမိုမြင့်မားလာခဲ့သည်။ အမျိုးသမီးအဖွဲ့ဝင်များ၏ အမြော်အမြင်နှင့် ကြိုးစားအားထုတ်မှုများသည် ၎င်းတို့အား ၎င်းတို့၏ အသိုင်းအဝိုင်းအတွင်း တန်ဖိုးကြီး Hass ထောပတ်သီးပျိုးပင်များနှင့် ထောပတ်သီးများအား ရောင်းချနိုင်စေပြီး ကျွမ်းကျင်ပြီး ယုံကြည်စိတ်ချရသော စိုက်ပျိုးသူများအဖြစ် အမျိုးသမီးအဖွဲ့ဝင်များ၏ ဂုဏ်သတင်းကို ခိုင်မာစေခဲ့သည်။ ဤအခြေအနေသည် အဖွဲ့ဝင်အမျိုးသမီးတိုင်းအတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။အမျိုးသမီးအချင်းချင်း စုပေါင်း လုပ်ဆောင်ခဲ့ကြတဲ့ ကာလတစ်လျှောက် ကျွန်မတို့ အချင်းချင်း သင်ယူရမိခဲ့တဲ့ သင်ခန်းစာကတော့ အများနဲ့ စုပေါင်းလုပ်ဆောင်ခြင်းဟာ တစ်ဦးတစ်ယောက်ချင်းစီ လုပ်ကိုင်ရတာထက် ပိုပြီး အကျိုးများတယ်လို့ သုံးသပ်မိပါတယ်။ ကျွန်မတို့ တစ်ဦးချင်းဆီကနေ ရှိနေတဲ့ အတွေ့အကြုံတွေ စိတ်ကူးစိတ်သန်းတွေကို အချင်းချင်း မျှဝေပေးနိုင်တယ်။ ပြီးတော့ အသစ်သစ်သော ကျွမ်းကျင်မှုတွေကို သင်ယူရပြီးတော့ အချင်းချင်း ချိတ်ဆက်မှုကောင်းကောင်းနဲ့ လုပ်ငန်းတွေကို လုပ်ဆောင်လာနိုင်ပါတယ်။ ယခုလို လုပ်ဆောင်လာခြင်းဖြင့် ကျွန်မတို့ သင်ယူရရှိခဲ့တာတွေကတော့ တစ်ဦးချင်းစီရဲ့ မတူညီတဲ့ အတွေးအမြင်တွေ ထင်မြင်ယူဆချက်တွေကို အလေးထားရမယ်။ အဲလို အလေးထားမှသာလျှင် နောက်ဆုံးမှာ ဘုံသဘောတူညီချက်တွေနဲ့ အလုပ်အတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ ဖြစ်ပါတယ်။UNODC ၏ ပံ့ပိုးပေးကူညီမှုမှာ ဤအမျိုးသမီးအဖွဲ့များအား ပျိုးဥယျာဉ်များနှင့် ထောပတ်သီးခင်းများ ဖွဲ့စည်းတည်ထောင်နိုင်ရုံသာမက အခြားအမျိုးသမီးများအား အလားတူလုပ်ငန်းများ ပိုမိုလုပ်ဆောင်ကာ ၎င်းတို့၏ လူမှုအသိုက်အဝန်းအား ပိုမိုအကျိုးပြုနိုင်ရန် လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။အမျိုးသမီးအဖွဲ့များမှ ပြောပြပေးခဲ့သော ဇာတ်လမ်းတွင် UNODC မှ ကူညီပံ့ပိုးပေးမှု့များသည် အမျိုးသမီးများအတွက် ပညာရေး၏ စွမ်းအား ၊ စွမ်းဆောင်ရည် ဖွံ့ဖြိုး တိုးတက်မှုနှင့် စည်းလုံးစွာ လုပ်ကိုင်ဆောင်ရွက်စေတတ်သည့် အလေ့အကျင့်ကောင်းများကို ပြသနေသည်။ ထောပတ်ပင်များကို အမျိုးသမီးများကိုယ်တိုင် ကိုင်းဆက်ခြင်းနှင့် စိုက်ပျိုးခြင်းများ လုပ်ကိုင်နိုင်ခြင်းမှတဆင့် ကျား-မ တန်းတူညီမျှရေးသည် အမျိုးသမီးအတွက် အလှမ်းဝေးသည့် အိမ်မက်တစ်ခုမဟုတ်ဘဲ လက်တွေ့လုပ်ကိုင်နိုင်ကြောင်းကို ပြပေးသည့် သက်သေတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ အောင်မြင်မှု့ အသီးအပွင့် တစ်ခုချင်းစီတိုင်းတွင် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်ရည်များကို အသိအမှတ်ပြုသည့် ဖျောက်ဖျက်မရသော မှတ်တိုင်တစ်ခုအဖြစ် ထင်ကျန်နေမည်ဖြစ်ပါသည်။ထောပတ်သီးပျိုးခင်း အစပျိုးလုပ်ငန်းသည် UNODC မှ ပံ့ပိုးကူညီပေးနေသည့် ဘိန်းစိုက်ပျိုးခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများကို ခံစားနေရသည့် ရှမ်းပြည်နယ် တောင်ပိုင်းမှ တောင်သူများအတွက် ကူညီပံ့ပိုးပေးနေသည့် အစားထိုးသီးနှံ စိုက်ပျိုးရေး စီမံချက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ထိုစီမံချက်ကို ဖင်လန်အစိုးရ၏ ရန်ပုံငွေအကူအညီဖြင့် UNODC မှ အမျိုးသမီးများအပါအ၀င် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူများအား ပိုမို လုံခြုံပြီး သာယာ၀ပြောသော အနာဂတ်အတွက် ဆက်လက် အကူညီပေးနိုင်ရန် ကတိက၀တ်ပြုထားပါသည်။ မြန်မာနိုင်ငံတွင် UNODC ၏ လုပ်ငန်းဆောင်ရွက်မှုအကြောင်းများကို ပိုမိုသိရှိလိုပါက ဤလင့် ကို နှိပ်ပြီး လေ့လာနိုင်သည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
(အလွတ်သဘော ဘာသာပြန်ဆိုချက်)မြန်မာနိုင်ငံအတွင်း အခြေအနေများ ပိုမိုဆိုးရွားခြင်းနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာနေခြင်းတို့နှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်နေဆဲ ဖြစ်ပါသည်။ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးလမ်းကြောင်းတို့အတွက် ထပ်မံတောင်းဆိုပါသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခင်ကရှိနှင့်ပြီးသည့် ထိရှလွယ်မှုများနှင့် ခွဲခြားဆက်ဆံမှုများကလည်း ပိုမိုဆိုးရွားလာနေပါသည်။ အတွင်းရေးမှူးချုပ်သည် ဒေသတွင်း လူမျိုးရေး တင်းမာမှုများ ထပ်မံ မဖြစ်ပေါ်စေရန် တားဆီးကြဖို့ကိုလည်း ပါဝင်ပတ်သက်သူအားလုံးအား တိုက်တွန်းထားပါသည်။ ယနေ့ မင်းပြားမြို့နယ်တွင်း လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများစွာ သေဆုံး ဒဏ်ရာရကြောင်း သိရှိရသည့် ဖြစ်စဥ်အပါအဝင်၊ စစ်တပ်မှ ဆက်လက်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှု သတင်းများနှင့် ပတ်သက်၍ ထိတ်လန့် တုန်လှုပ်မိပါသည်။ ရိုဟင်ဂျာများအပါအဝင် လူငယ်များကို အတင်းအကျပ် ဖမ်းဆီးခြင်းနှင့် တပ်သားစုဆောင်းခြင်းတို့နှင့် စပ်လျဥ်းသည့် သတင်းများနှင့် အတင်းအဓမ္မ စစ်မှုထမ်းခြင်းကြောင့် မြန်မာနိုင်ငံတွင်းရှိ လူမှုအသိုက်အဝန်းများ၏ လူနေမှုပုံစံနှင့် လူ့အခွင့်အရေးများအပေါ် သက်ရောက်မှုရှိလာနိုင်ခြင်း တို့နှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်နေပါသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် နှိပ်စက်ညှဥ်းပန်းမှုနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများအား လက်ခံသည့် နိုင်ငံများနှင့် တာဝန်မျှဝေယူခြင်း၊ ဒေသတွင်း ဒုက္ခသည်များ အကာအကွယ်ပေးရေး ကြိုးပမ်းမှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ခြင်း တို့အပါအဝင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဒေသတွင်းနှင့် နိုင်ငံတကာမှ စဥ်ဆက်မပြတ် အာရုံစိုက်ကြရန်အတွက် တောင်းဆိုပါသည်။ မြန်မာနိုင်ငံတွင်း စနစ်တကျ ခွဲခြားဆက်ဆံမှုများ၏ အခြေခံအကြောင်းရင်းများကို ကိုင်တွယ်ခြင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေခြင်းတို့သည် ဤအကျပ်အတည်းကို ရေရှည် ဖြေရှင်းနိုင်မည့် အဓိကအချက် ဖြစ်ပါသည်။
ကုလသမဂ္ဂသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိစေရန်အလို့ငှာ အာဆီယံနှင့် အခြား ဒေသတွင်းရှိ လှုပ်ရှားဆောင်ရွက်သူများအပါအဝင် ပါဝင်ပတ်သက်သူအားလုံးနှင့် ဆက်လက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်သလို မြန်မာနိုင်ငံတွင်းမှာ ဆက်လက် ရပ်တည်ပြီး လုပ်ငန်း တာဝန်များ ဆက်လက် ထမ်းရွက်သွားဖို့ သန္နိဌာန်ချထားပါသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခင်ကရှိနှင့်ပြီးသည့် ထိရှလွယ်မှုများနှင့် ခွဲခြားဆက်ဆံမှုများကလည်း ပိုမိုဆိုးရွားလာနေပါသည်။ အတွင်းရေးမှူးချုပ်သည် ဒေသတွင်း လူမျိုးရေး တင်းမာမှုများ ထပ်မံ မဖြစ်ပေါ်စေရန် တားဆီးကြဖို့ကိုလည်း ပါဝင်ပတ်သက်သူအားလုံးအား တိုက်တွန်းထားပါသည်။ ယနေ့ မင်းပြားမြို့နယ်တွင်း လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများစွာ သေဆုံး ဒဏ်ရာရကြောင်း သိရှိရသည့် ဖြစ်စဥ်အပါအဝင်၊ စစ်တပ်မှ ဆက်လက်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှု သတင်းများနှင့် ပတ်သက်၍ ထိတ်လန့် တုန်လှုပ်မိပါသည်။ ရိုဟင်ဂျာများအပါအဝင် လူငယ်များကို အတင်းအကျပ် ဖမ်းဆီးခြင်းနှင့် တပ်သားစုဆောင်းခြင်းတို့နှင့် စပ်လျဥ်းသည့် သတင်းများနှင့် အတင်းအဓမ္မ စစ်မှုထမ်းခြင်းကြောင့် မြန်မာနိုင်ငံတွင်းရှိ လူမှုအသိုက်အဝန်းများ၏ လူနေမှုပုံစံနှင့် လူ့အခွင့်အရေးများအပေါ် သက်ရောက်မှုရှိလာနိုင်ခြင်း တို့နှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်နေပါသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် နှိပ်စက်ညှဥ်းပန်းမှုနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများအား လက်ခံသည့် နိုင်ငံများနှင့် တာဝန်မျှဝေယူခြင်း၊ ဒေသတွင်း ဒုက္ခသည်များ အကာအကွယ်ပေးရေး ကြိုးပမ်းမှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ခြင်း တို့အပါအဝင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဒေသတွင်းနှင့် နိုင်ငံတကာမှ စဥ်ဆက်မပြတ် အာရုံစိုက်ကြရန်အတွက် တောင်းဆိုပါသည်။ မြန်မာနိုင်ငံတွင်း စနစ်တကျ ခွဲခြားဆက်ဆံမှုများ၏ အခြေခံအကြောင်းရင်းများကို ကိုင်တွယ်ခြင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေခြင်းတို့သည် ဤအကျပ်အတည်းကို ရေရှည် ဖြေရှင်းနိုင်မည့် အဓိကအချက် ဖြစ်ပါသည်။
ကုလသမဂ္ဂသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိစေရန်အလို့ငှာ အာဆီယံနှင့် အခြား ဒေသတွင်းရှိ လှုပ်ရှားဆောင်ရွက်သူများအပါအဝင် ပါဝင်ပတ်သက်သူအားလုံးနှင့် ဆက်လက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်သလို မြန်မာနိုင်ငံတွင်းမှာ ဆက်လက် ရပ်တည်ပြီး လုပ်ငန်း တာဝန်များ ဆက်လက် ထမ်းရွက်သွားဖို့ သန္နိဌာန်ချထားပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် မတ်လ ၀၇ ရက်။
ဘေးကင်းလုံခြုံပြီး ကျား-မ တန်းတူညီမျှမှုရှိသော မြန်မာနိုင်ငံဖြစ်ပေါ်ရေးအတွက် အမျိုးသမီးနှင့် မိန်းကလေးငယ်များတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် အချိန်ရောက်ပြီ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာတစ်လွှားတွင် ဂုဏ်ပြုကျင်းပကြသည့်အလျောက် မြန်မာနိုင်ငံ အနှံ့အပြားရှိ အမျိုးသမီးများသည်လည်း လူမှုဘဝ ကဏ္ဍပေါင်းစုံရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများနှင့် ချမ်းသာသုခအတွက် ဆက်လက် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်သည်။ စိန်ခေါ်မှု အခက်အခဲမျိုးစုံအကြား အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်သည့် အဖွဲ့အစည်းများသည် ကျား-မ တန်းတူညီမျှမှုနှင့် ထိခိုက်လွယ်ပြီး ဖယ်ကြဉ်ခံထားရသူများအတွက် အသက်ကယ်ဆယ်ရေး ကူညီပံ့ပိုးမှုများ ဖြည့်ဆည်းပေးရာတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နေကြသည်။ သို့သော် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှု များသည် အသိအမှတ်ပြုခံရခြင်းမရှိသလို ရန်ပုံငွေထောက်ပံ့မှုမှာလည်း စိုးရိမ်ဖွယ်ရာ လျော့ကျနေသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ကံကြမ္မာအတွက် ခေါင်းဆောင်မှုနှင့် တက်ကြွစွာပါဝင်ဆောင်ရွက်မှုကို လက်တွေ့ပြသနေသည့်အတွက် ဤနေ့ဤရက်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ (UN) အဖွဲ့ကြီးက အမျိုးသမီးနှင့် မိန်းကလေးငယ်များနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ၎င်းတို့အား ဂုဏ်ပြုအပ်ပါသည်။ ၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် “အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံစို့” ဟူသည့် ကုလသမဂ္ဂ၏ ဆောင်ပုဒ်နှင့်အတူ ကျွန်ုပ်တို့ထောက်ခံရပ်တည်ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် အကြမ်းဖက်မှုမှ ကင်းဝေးပြီး ပညာရေးနှင့် တူညီသည့်အလုပ်အကိုင်အခွင့်အရေးများ ရရှိရေး ပံ့ပိုးကူညီရန်အတွက် ပို၍ ရင်းနှီးမြှုပ်နှံမှုပြုရန် တိုက်တွန်းတောင်းဆိုပါသည်။ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံစို့ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနှင့် ဆိုင်ကလုန်းမိုခါကဲ့သို့ ပြင်းထန်ဆိုးရွားသည့် ရာသီဥတုဒဏ်များကြောင့် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၂၁ ခုနှစ်ကစ၍ နှစ်ဆ မြင့်တက်ခဲ့ပြီး၊ လူပေါင်း ၁၃ သန်းခန့် စားနပ်ရိက္ခာဖူလုံမှု မရှိသလို လူပေါင်း ၂.၆ သန်းခန့်သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်ခဲ့သည်။[1] အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ မသန်စွမ်းသူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများသည် ဖယ်ကြဉ်ခံရဆုံးသောလူများထဲတွင် ပါဝင်သည်။ အကျပ်အတည်းများကြောင့် ကျား-မ ကွာဟမှုကို သက်ဆိုးရှည်စေပြီး၊ လူကုန်ကူးမှု၊ ကျား-မ အခြေပြုအကြမ်းဖက်မှု(GBV)နှင့် အရွယ်မတိုင်မီ အဓမ္မလက်ထပ်စေခိုင်းမှု ခံရနိုင်ခြေ တိုးပွားလာခြင်းတို့ကြောင့် ၎င်းတို့သည် ဆင်းရဲနွမ်းပါးမှုဒဏ်နှင့် ဘေးကင်းလုံခြုံမှု မရှိခြင်း စသည့်ဝန်ထုပ်ဝန်ပိုးများကို စုပြုံခံကြရသည်။ ကျား-မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများအခွင့်အရေးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အတွင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်လမ်းစဉ်၌ အခြေခံကျသောအချက်ဖြစ်သည်။ သို့သော်လည်း ဆန့်ကျင်ဘက်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။ ကျား-မ တန်းတူညီမျှမှုနှင့်ပတ်သက်၍ ဆုတ်ယုတ်မှုများကို ကျွန်ုပ်တို့ မြင်တွေ့နေရသည့်အပြင် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရရှိခွင့်နှင့် အကြမ်းဖက်မှုကင်းသော ဘဝနေထိုင်မှုရရှိခွင့် စသည့်အခွင့်အရေးများနှင့်ပတ်သက်၍လည်း ဆုတ်ယုတ်ကျဆင်းနေသည်ကို မြင်တွေ့နေရသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များ ရင်ဆိုင်ကြုံတွေ့ ရသည့် စိန်ခေါ်မှုများကို အားသစ်လောင်း အာရုံစိုက်အလေးထားရန်အချိန် ဖြစ်ပေသည်။ ၎င်းတို့၏ ရဲရင့်ပြီး ရဲစွမ်းသတ္တိရှိသော ခေါင်းဆောင်မှုနှင့် ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို အသိအမှတ်ပြုရန်နှင့် ရပ်တည်ကာကွယ်ပေးရန် အချိန်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးလှုံ့ဆော်ခြင်း၊ အထောက်အပံ့နှင့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးခြင်း၊ လူ့အခွင့်အရေးနှင့် ကျား-မ တန်းတူညီမျှမှုကို လေးစားရန်အတွက် စည်းရုံးလှုံ့ဆော်ခြင်းများတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့် ရှည်လျားလှသည့်သမိုင်းကြောင်း ရှိပါသည်။ အမျိုးသမီးခေါင်းဆောင်တစ်ဦးချင်းစီနှင့် အမျိုးသမီးအဖွဲ့အစည်းများသည် အရင်းအမြစ် အထောက်အပံ့ နည်းပါးခြင်း၊ များပြားလှသော အလုပ်တာဝန်များ ရင်ဆိုင်ရခြင်းနှင့် ကိုယ်စိတ်နွမ်းနယ်ပင်ပန်းခြင်း၊ နေ့စဥ်ဘဝတွင် အွန်လိုင်းနှင့် ခြိမ်းခြောက်ခြင်းနှင့် အကြမ်းဖက်မှုများကို ကြုံတွေ့ရခြင်းအပါအဝင် ဝန်နှင့်အားမမျှဘဲ ကာယအား၊ ဉာဏအား နည်းမျိုးစုံဖြင့် ပေးဆပ်နေရသော်လည်း ဤလုပ်ငန်းကို ၎င်းတို့ ဆက်လက် ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံတွင် အလွန်များပြားသည့် အံ့ဩဖွယ်အရေအတွက်ဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၉.၇ သန်း သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များရှိနေပြီး[2] တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရန်အတွက် အမျိုးသမီးရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ မရှိမဖြစ် အလွန်အရေးပါသည်။ ၎င်းတို့သည် မိမိတို့၏ အသိပညာနှင့် ကွန်ရက်ချိတ်ဆက်မှုများကို အသုံးပြု၍ ဝေးလံပြီး ရောက်ရန်ခဲယဉ်းသည့် ဒေသများရှိ လိုအပ်ချက်များရှိနေသော ပြည်သူလူထုများအတွက် အထောက်အပံ့များကို ဒေသအခြေအနေနှင့်အညီ အကျိုးရှိ ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ကြသည်။ သို့သော် မြန်မာနိုင်ငံတွင် တရားဝင်ဖွံ့ဖြိုးရေးအကူအညီများအနက်မှ ၀.၆၈ ရာခိုင်နှုန်း သာလျှင် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများထံသို့ ရောက်ရှိသည်။[3] ၎င်းတို့အနေဖြင့် ကုလသမဂ္ဂအေဂျင်စီအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ အရေးပေပံ့ပိုးကူညီမှုကို လိုအပ်ပြီး လိုက်လျောညီထွေရှိမှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို လက်လှမ်းမီရရှိရန် လိုအပ်သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ဆက်လက်ရပ်တည်ပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးပါမည်။ ကုလသမဂ္ဂနှင့် ကျွန်ုပ်တို့၏ ကြံ့ကြံ့ခံရပ်တည်ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားရေး မိတ်ဖက်အဖွဲ့အစည်းများ (ကွန်ရက်ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ကျယ်ပြန့်စွာရှိနေသည့် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများအပါအဝင်) သည် ယခင်နှစ်က အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ အနည်းဆုံး ၁.၇ သန်းအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြည့်ဆည်းနိုင်ခဲ့သည်။[4] ဤအကူအညီများတွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ဦးရေ ၁.၂ သန်းအတွက် အစားအစာအထောက်အပံ့ပေးခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၁ သန်းကျော်အတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုနှင့်၊ ကျား-မ အခြေပြုအကြမ်းဖက်မှုနှင့် မိုင်းအန္တရာယ်ကာကွယ်မှု အကူအညီများ ပေးနိုင်ခဲ့သည်။[5] ထို့အပြင် ကျွန်ုပ်တို့သည် အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၅၇၀,၀၀၀ ကျော်အတွက် ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) အကူအညီများ[6] ပေးနိုင်ခဲ့ကာ၊ ၎င်းတို့၏ ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်များအပါအဝင် ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကို ကောင်းစွာ စီမံလုပ်ကိုင်နိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့သည်။ ဤအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ကျောင်းပညာရေးပြီးမြောက်ရန် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ သင့်တော်ကောင်းမွန်ပြီး ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရရှိရေး၊ ကလေးယူမည့်အချိန်ကို ရွေးချယ်ပိုင်ခွင့်ရှိရေး၊ အကြမ်းဖက်မှုကင်းဝေးပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် လူမှုဘဝများ နေထိုင်နိုင်ရေး သေချာစွာဖြစ်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ပြီး ပံ့ပိုးကူညီမှုများပေးသွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားအပ်ပါသည်။ “အမျိုးသမီးများအခွင့်အရေး ဆောင်ရွက်ခြင်းသည် မျှတမှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောသော လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရာတွင် လက်တွေ့ကျသည့်လမ်းစဉ်ပါဘဲ”ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ယနေ့အလေးထား ပြောဆိုသွားသည့်စကားနှင့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ စီးပွားရေး၊ ဒီဂျစ်တယ်နည်းပညာ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဆောင်ရွက်ချက်များတွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှုကို အားပေးမြှင့်တင်ရန် အစီအစဉ်များ” တွင် ရင်းနှီးမြှုပ်နှံရန် ၎င်း၏ တိုက်တွန်းပန်ကြားမှုကို ကျွန်ုပ်တို့က ထပ်လောင်းပြောဆိုပါသည်။ အမျိုးသမီးနှင့် မိန်းကလေးငယ်များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ၎င်းတို့၏ အခွင့်အရေးများကို တိုးတက်စေရုံသာမက လူမှုအသိုက်အဝန်းတစ်ရပ်လုံးအတွက် ရေရှည်တည်တံ့သော လူမှုရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကိုပါ ဖန်တီးပေးရာရောက်သည်။
[1]UN OCHA Myanmar Humanitarian Update No. 35, January 2024. Available online.[2] Myanmar Humanitarian Needs and Response Plan 2024, UN OCHA, December 2023. Available online.[3] OECD, 2021. Data available online. [4] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online. [5] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online.[6] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online.
[1]UN OCHA Myanmar Humanitarian Update No. 35, January 2024. Available online.[2] Myanmar Humanitarian Needs and Response Plan 2024, UN OCHA, December 2023. Available online.[3] OECD, 2021. Data available online. [4] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online. [5] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online.[6] 2023 Myanmar Humanitarian Response Plan Year-End Dashboard. Available online.
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၀၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချပြီး အစိုးရ ခေါင်းဆောင်များကို တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားမှု သုံးနှစ်ပြည့်မြောက်လာချိန်မှာ အရပ်သားပြည်သူများအပေါ် ကြီးမားသည့် သက်ရောက်မှုများနှင့်အတူ မြန်မာနိုင်ငံတွင်း အကျပ်အတည်းသည် ဆက်လက် ပိုမို ဆိုးရွားလာနေပါသည်။ စိတ်ထိခိုက်စရာကောင်းလှသည့် ဤနှစ်ပတ်လည်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားသည့် ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးတစ်ခုဆီကို ဦးတည်သည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ကြရန် အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုးပြလိုပါသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုပါသည်။ ဤအကျပ်အတည်းကို အားလုံးပါဝင် ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် သူတို့၏ လူ့အခွင့်အရေးများကို လွတ်လပ် ငြိမ်းချမ်းစွာ ကျင့်သုံးခံစားနိုင်ခွင့်ရရှိသည့် အခြေအနေများရှိရန် လိုအပ်ပါသည်။ အရပ်သားပြည်သူများကို ဦးတည်သည့် စစ်တပ်၏ အကြမ်းဖက် စစ်ဆင်ရေးနှင့် နိုင်ငံရေးဖိနှိပ်မှုများ အဆုံးသတ်ရမှာ ဖြစ်ပြီး၊ တာဝန်ရှိသူများအားလုံး တာဝန်ခံမှုရှိရပါမည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြင်းထန်လာနေချိန်အတွင်း ရွေးကောက်ပွဲတွေဆီသို့ ဦးတည်သည့် စစ်တပ်၏ ထုတ်ဖော်ပြောဆိုထားသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း သူ၏ စိုးရိမ်မှုကို ထပ်မံပြောကြားပါသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ နိုင်ငံ့အာဏာမသိမ်းယူခင် လွန်ခဲ့သည့် သုံးနှစ်က အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသူဦးရေ တစ်သန်းနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ၁၈.၆ သန်း ရှိပြီဖြစ်ရာ နိုင်ငံ့ လူဦးရေ၏ သုံးပုံတစ်ပုံဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်များအတွက် အဟန့်အတားမရှိသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းများလည်း လိုအပ်ပါသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာပြည်သူပြည်သားများကို ထောက်ပံ့ကူညီရေးအတွက် နိုင်ငံတကာနှင့် ဒေသတွင်းမှ စဉ်ဆက်မပြတ် အာရုံစိုက်ကြရန်နှင့် ကျိုးကြောင်းဆီလျော်သည့် စုပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန်အတွက်လည်း တိုက်တွန်းပါသည်။ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးရန်အလို့ငှာ အာဆီယံနှင့် အခြားဒေသတွင်း လှုပ်ရှားဆောင်ရွက်သူများအပါအဝင် ပါဝင်ပတ်သက်သူအားလုံးနှင့် ဆက်လက် လက်တွဲဆောင်ရွက်ရန်လည်း သန္နိဌာန်ချထားပါသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် အားလုံးပါဝင်ပြီး ငြိမ်းချမ်းသော တရားမျှတသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို လိုလားတောင့်တနေသည့် မြန်မာပြည်သူပြည်သားများနှင့်အတူ တသားတည်း ရပ်တည်ပါသည်။ ထို့ပြင် ဘေးကင်းလုံခြုံရေး၊ အခြေခံအခွင့်အရေးများနှင့် ဂုဏ်သိက္ခာတို့အတွက် အန္တရာယ်များလှသည့် ခရီးလမ်းများကို စွန့်စားသွားနေကြသူ အရေအတွက် ပိုမိုများပြားလာနေသည့် ရိုဟင်ဂျာလူမျိုးစုများအပါအဝင် လူမှုအသိုက်အဝန်းများအားလုံးအတွက် ကာကွယ်စောင့်ရှောက်မှု ရရှိစေရန် လိုအပ်ကြောင်း အလေးပေးပြောကြားပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေသည့်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိပါသည်။ သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန်နှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန် ဆောင်ရွက်ရန်တို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါသည်။
ယခုအထိ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် ၂ သန်းကျော် သွားပြီ ဖြစ်ပါသည်။
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) နှင့်အညီ အကြမ်းဖက်မှုများ အဆုံးသတ်စေရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့၊ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ် ဆက်လက် ပြုထားပါသည်။
နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့်အညီ အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်ပြီး ထိုဥပဒေကို ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေး လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထပ်လောင်းအတည်ပြုလိုက်ပါသည်။
လူသားချင်းစာနာထောက်ထားမှု အရေးပေါ် အကူအညီများနှင့် မဖြစ်မနေ လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်ဆောင်ရွက်နိုင်ရေးအတွက် လမ်းကြောင်းအားလုံးကနေ အတားအဆီး မရှိ ဝင်ရောက်သွားလာခွင့်ရဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါသည်။
အတွင်းရေးမှူးချုပ်အနေဖြင့် အားလုံးပါဝင်သည့် တရားမျှတပြီး ငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခုအတွက် မြန်မာပြည်သူများနှင့် သူတို့၏ ပြင်းပြသည့် ဆန္ဒများနှင့်အတူ တသားတည်း ရှိနေကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်
အတွင်းရေးမှူးချုပ်အနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုကို ဆက်လက်တိုးပွားစေသည့် နိုင်ငံတစ်ဝန်း စစ်တပ်၏ ပြင်းထန်သည့် တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်အားလုံးကို ကန့်ကွက်ရှုတ်ချသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အထူးသဖြင့် သူတို့၏ သြဇာလွှမ်းမိုးမှုကို အပြည့်အဝ အသုံးချကြရန်အတွက်လည်း အတွင်းရေးမှူးချုပ်မှ ဆက်လက် တိုက်တွန်းပါသည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်သည့်အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်လောင်းအတည်ပြုသည်။
5 ၏ 1
နောက်ဆုံးရ မှီငြမ်းရန်အချက်အလက်များ
1 / 11
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၁ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၀၃ ရက်။
1 / 11