သတင်းထုတ်ပြန်ချက်

UNHCR နှင့် WFP တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် COVID-19 Test Kit ပေါင်း ၂၀,၀၀၀ လွှဲပြောင်းပေးအပ်

၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၀ ရက်။

ရန်ကုန်၊ မြန်မာ - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ အတူတကွပူးပေါင်း၍ COVID-19 စမ်းသပ်ကိရိယာပေါင်း ၂၀,၀၀၀ ကို မြန်မာနိုင်ငံအစိုးရသို့ပေးအပ်ခဲ့ပါသည်။ UNICEFက ၀ယ်ယူခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့ဆောင်ရွက်ပေးခဲ့သည့် ဤစမ်းသပ်ကိရိယာများသည် ကုလသမဂ္ဂက မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(MoHS)သို့ စမ်းသပ်ကိရိယာပေါင်း ၉၀,၀၀၀ ကျော် ထောက်ပံ့ပေးမည့်အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကုလသမဂ္ဂမိသားစုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ COVID-19 တုံ့ပြန်ဆောင်ရွက်မှုတွင် အပြည့်အ၀ပူးပေါင်းကူညီ ရပ်တည်လျက်ရှိပြီး အရေးပေါ်လူ့အသက်ကယ်ဆယ်ရေးနှင့် COVID-19 Test Kit များ ပံ့ပိုးမှုများ အပါအ၀င် ဗိုင်းရပ်စ်ပြန့်ပွားမှုကိုတားဆီးရာတွင်အကူအညီဖြစ်စေမည့် အမျိုးသားအဆင့်တုံ့ပြန်ဆောင်ရွက်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက်လည်း အားဖြည့်ကူညီပေးလျက်ရှိပါသည်။ အလားတူ ပြည်တွင်းတွင်လိုအပ်နေသည့် ကယ်ဆယ်ရေး၊ သန့်ရှင်းရေးနှင့် ဆေး၀ါးအထောက်အပံ့များ မြန်မာနိုင်ငံသို့ လွယ်ကူချောမွေ့စွာ ရောက်ရှိနိုင် စေရန်အတွက် WFP ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးစနစ်မှတစ်ဆင့်လည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

“ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါသည် လူတိုင်းကိုသက်ရောက်စေပြီး ထိခိုက်လွယ်လူအုပ်စုများကိုအန္တရာယ်များစွာ ဖြစ်စေခဲ့သည်။ ပါးစပ်နှင့်နှာခေါင်းစည်းများ၀တ်ဆင်ခြင်း၊ လူတစ်ဦးနဲ့တစ်ဦးလက်တကမ်းအကွာမှာနေခြင်းနှင့် လူစု လူဝေးမှရှောင်ရှားခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာအလေ့အကျင့်များ ထိန်းသိမ်းထားခြင်းအပါအ၀င် ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအားဆက်လက်၍လိုက်နာဆောင်ရွက်ရန်လိုအပ်နေသေးသည်” ဟု UNHCR မှ ယာယီဌာနေကိုယ်စားလှယ် Ms. Cecile Fradot ကပြောကြားခဲ့သည်။ "ဒီစမ်းသပ်ကိရိယာများကို ယနေ့ လွှဲပြောင်း ပေးအပ်ခြင်းသည် ဗိုင်းရပ်စ်ပိုးကူးစက်မှုလမ်းကြောင်းကိုထိန်းချုပ်ရပ်တန့်ရန်နှင့် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသူများအပါအ၀င် လူမှုအသိုင်းအဝိုင်းအားလုံးကိုကာကွယ်ရန်အတွက် မြန်မာနိုင်ငံ အစိုးရ၏ လုပ်ဆောင်မှုများကို ပံ့ပိုးကူညီရာတွင် အလွန်အရေးပါသည်"။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Anderson က “ဒီ စမ်းသပ်ကိရိယာတွေဟာ COVID-19 ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းကို ကာကွယ်တားဆီးဖို့ဆောင်ရွက်နေတဲ့ နိုင်ငံတော်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်တည်တံ့စေဖို့နဲ့ ပိုပြီးတိုးမြှင့်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အခုလိုကြိုးပမ်း အားထုတ်မှုတွေဟာ ပြည်တွင်းမှာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါမှုကို ထိန်းချုပ်ဖို့အတွက် အလွန် အရေးကြီးပါတယ်” ဟုပြောကြားခဲ့ပါသည်။

ယခုလက်ရှိပံ့ပိုးမှုသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာနည်းဗျုဟာအားပံ့ပိုးကူညီပေးသည့်အနေဖြင့် မြန်မာနိုင်ငံအစိုးရအတွက် WHO၊ UNICEF နှင့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေမှတဆင့် UNOPS တို့က ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ယင်း၏ သက်ဆိုင်ရာဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာဌာနများသို့ စမ်းသပ်ကိရိယာပေါင်း ၇၅,၀၀၀ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းအပါအ၀င် ကုလသမဂ္ဂ၏ပေါင်းစည်း ဆောင်ရွက်မှုအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုနှစ်တွင် UNHCR သည် အမျိုးသားအဆင့်COVID-19ရောဂါတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံမဲ့ နေသူများနှင့်နေရပ်စွန့်ခွာပြည်သူများအပါအ၀င် ကူညီစောင့်ရှောက်မှုလိုအပ်နေသူများအားလုံး ပါ၀င်ခွင့်ရရှိစေရေး သေချာစေရန်ရည်ရွယ်၍ အမေရိကန်ဒေါ်လာ (၉.၄) သန်း သုံးစွဲမည့်လုပ်ငန်းအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် WFP သည် မြန်မာနယ်စပ်ဂိတ်များနှင့် နိုင်ငံတော်အစိုးရပံ့ပိုးမှုဖြင့်ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သား ၅၀,၀၀၀ ကျော်အတွက် နေ့စဥ်အစားအစာများထောက်ပံ့ပေးလျက်ရှိသည့်အပြင်၊ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အရေးတကြီး လိုအပ်လျက်ရှိသည့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပစ္စည်းများနှင့် ခရီးသည်များအား WFP ၏ အပတ်စဉ်ပျံသန်းလျက်ရှိသည့် အကူအညီပေးရေးလေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ကူညီပေးလျက်ရှိပါသည်။

Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ
generic profile

Yin Yin Myint

UNHCR
Public Information Associate

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNHCR
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ
WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ