သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်၏ သတင်းထုတ်ပြန်ချက် - ချင်းပြည်နယ် ပလက်ဝမြို့ရှိ ပဋိပက္ခနှင့် စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသောလူထုထံ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်၏ အထောက်အပံ့များရောက်ရှိ

၂၀၂၀ ခုနှစ် မေလ ၀၃ ရက်။

ပလက်ဝ၊ မြန်မာ - ချင်းပြည်နယ် ပလက်ဝမြို့တွင် လအတန်ကြာ စားနပ်ရိက္ခာနှင့် ကုန်စည်စီးဆင်းမှုပြတ်လတ်မှုကို ကြုံတွေခံစားနေရသည့် မိသားစုများထံသို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) အနေဖြင့် စနေနေ့တွင် အရေးအပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ သွားရောက်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပါသည်။ ပလက်ဝမြို့ရှိ စစ်ဘေးဒဏ်သင့် လူဦးရေ ၃,၇၀၀ တို့သည် ယနေ့မှ စတင်၍ စားနပ်ရိက္ခာအထောက်အပံ့များ ရရှိကြပါမည်။

အရှိန်မြင့်တက်လာသော စစ်ဘေးဒဏ်ကြောင့် လွန်ခဲ့သည့် လအနည်းငယ်မှစတင်ကာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စပ်ကြားတွင် တည်ရှိသော ပလက်ဝမြို့တွင် စားနပ်ရိက္ခာနှင့်ကုန်စည်စီးဆင်းမှု ရပ်တံ့ပြတ်တောက်သွားခဲ့ပြီး၊ မိသားစုအများအပြားအနေဖြင့် နေ့စဥ်ပုံမှန်စားစရာမရှိတော့ပဲ ရနိုင်သမျှသော တောတွင်းအသီးအနှံသစ်ဥသစ်ဖုများကို ရှာဖွေစားသောက်နေကြရသည်။ မိသားစုအချို့မှာ ကိုယ်ပိုင်တောင်ယာခိုင်း ကျွဲနွားများကို ရောင်းချ၊ စားသုံးကြရသဖြင့် ရေရှည်တွင် စိုက်ပျိုးထုပ်လုပ်မှုနှုန်းနှင့် စားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်နိုင်သည့် အခြေအနေရှိနေသည်။

“WFP ရဲ့ စားနပ်ရိက္ခာတွေ ပလက်ဝမြို့ဆီရောက်အောင် ပို့နိုင်ခဲ့ပါပြီ။ ပူးပေါင်းကူညီဆောင်ရွက်ပေးတဲ့ ချင်းပြည်နယ် အစိုးရနဲ့အတူ အခြားအဖွဲ့အစည်းများ ကို ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန်က ဒီမှာပဲပြီးဆုံးသွားလို့ မဖြစ်ပါဘူး” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖန် အန်ဒါဆန်က ပြောသည်။ “ပလက်ဝဒေသမှာရှိတဲ့လူထုဟာ အတော်လေးကို ထိခိုက်လွယ်တဲ့ အခြေအနေမှာရှိပါတယ်။ လက်ရှိ စားနပ်ရိက္ခာပြတ်လပ်မှုအခြေအနေကနေ ဒီထက်ပိုဆိုးမသွားအောင် ကျွန်တော်တို့ ကျွန်တော်တို့ အထောက်အပံ့တွေ ဆက်လက်ပေးအပ်သွားဖို့ လိုအပ်ပါတယ်” ဟု မစ္စတာ စတီဖန် အန်ဒါဆန်က ပြောသည်။

စားနပ်ရိက္ခာများပို့ဆောင်ခဲ့စဥ် ဧပြီလ ၂၉ ရက်နေ့တွင် လုံခြုံရေးအခြေအနေများကြောင့် အခက်အခဲများတွေ့ကြုံခဲ့ရသည်။ ပလက်ဝသို့သွားရာလမ်းတွင် အမည်မသိသူများက စားနပ်ရိက္ခာ အထောက်အပံ့များ သယ်ဆောင်လာသည့် WFP က ဌားရမ်းထားသော ကုန်တင်ယာဥ် ငါးစီးပါ ယာဥ်တန်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ယာဥ်အကူတစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး ယာဥ်သုံးစီး ထိခိုက်ခဲ့ပါသည်။ သို့သော်လည်း ယာဥ်တန်းသည် ဆက်လက်မောင်းနှင်သွားလာနိုင်ခဲ့ပြီး၊ ပလက်ဝမြို့အနားရှိ မြစ်ဆိပ်ကမ်းတစ်ခုမှတစ်ဆင့် စားနပ်ရိက္ခာအထောက်အပံ့များကို လှေငယ်များထံလွှဲပြောင်းကာ ခရီးလမ်းဆုံးသည်ထိတိုင် ပို့ဆောင်နိုင်ခဲ့ပါသည်။

ဧပြီလအစောပိုင်းအတွင်း WFP အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကူညီမှုနှင့်အတူ ပလက်ဝမြို့အနီး ဆမီးမြို့ရှိ စစ်ဘေးဒဏ်သင့် လူဦးရေ ၂,၆၀၀ ကျော်ထံသို့ စားနပ်ရိက္ခာနှင့် မီးဖိုချောင်သုံးပစ္စည်းအထောက်အပံ့များ ပေးပို့နိုင်ခဲ့ပါသည်။

 

# # #

 

နှစ်တိုင်းတွင် နိုင်ငံပေါင်း ၈၀ ကျော်ရှိ လူဦးရေသန်းပေါင်းမြောက်များစွာကို ကူညီထောက်ပံ့နေသည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် လူသားချင်းစာနာမှုအကူအညီပေးသည့် ဦးဆောင်အဖွဲ့အစည်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်း သဘာဝဘေးနှင့် ပဋိပက္ခ အရေးပေါ်အခြေအနေများတွင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုကို ဖော်ဆောင်ပေးခြင်းမှတစ်ဆင့် လူ့အသက်ကယ်ဆယ်ရေးနှင့် ပိုမိုကောင်းမွန်သည့် လူမှုဘဝအနာဂတ်ဖန်တီးပေးရေးကို ဆောင်ရွက်နေသည်။

တွစ်တာ @WFP_Media နှင့် @WFPAsiaPacific ဝဘ်ဆိုက် www.wfp.org/countries/myanmar

generic profile

ခွမ်းလီ

WFP
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနချုပ်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ