သတင်းထုတ်ပြန်ချက်

မြန်မာ့ရေဘေးတုံ့ပြန်ရေးလုပ်ငန်းများကို အားဖြည့်ကူညီရန် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကို WFP စတင်

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၀၃ ရက်။

‎ 

ရန်ကုန် – ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားလျက်ရှိသော ပြင်းထန်သည့် ရေကြီးရေလျှံမှုများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းများကို အားဖြည့်ကူညီရန်အတွက် အခမဲ့ အရေးပေါ် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ရပ်ကို စတင်ဆောင်ရွက်လိုက်ပြီ ဖြစ်ပါသည်။ WFP သည် ၎င်း၏ ထောက်ပံ့ပို့ဆောင်ရေး ယာဥ်ယန္တရားများကို လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး အသုံးပြုနိုင်ရန် စီစဉ်ပေးခြင်းဖြင့် ရေဘေးသင့်ပြည်သူများထံသို့ အသက်ကယ်ဆယ်ရေး အထောက်အပံ့များ ပို့ဆောင်ပေးနေမှုကို ပိုမိုမြန်ဆန်လာစေရန် ပံ့ပိုးကူညီလိုက်ခြင်းဖြစ်ပါသည်။

ဤထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကို ရေဘေးဒဏ်အဆိုးရွားဆုံးခံစားရသည့် လေးမျက်နှာ၊ ရေကြည်နှင့် ငသိုင်းချောင်း စသည့် ဒေသများတွင် ကနဦး အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ချက်များအပေါ် မူတည်၍ အခြားသောနေရာဒေသများသို့ပါ တိုးချဲ့သွားရန် စီစဥ်ထားရှိပါသည်။

"ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံတွေ သွားရေးလာရေးခက်ခဲပြီး အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါမျိုးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာဟာ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းပေါ်မှာ အဓိကမူတည်နေပါတယ်" ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။ "WFP အနေနဲ့ ကိုယ်တိုင်ပေးအပ်တဲ့ စားနပ်ရိက္ခာတွေကို ဖြန့်ဝေပေးနေရုံသာမကဘဲ ပိုကျယ်ပြန့်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ထောက်ပံ့ပို့ဆောင်ရေးဝာာဝန်ကိုပါ ထမ်းဆောင်ပေးနေတာပါ။ အခုလို ကျွန်တော်တို့ရဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေကို မိတ်ဖက်အဖွဲ့အစည်းတွေအသုံးပြုနိုင်အောင် စီစဥ်ပေးလိုက်တဲ့အတွက် အကူအညီအလိုအပ်ဆုံးသူတွေဆီကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အမြန်ဆုံးနဲ့ အလုံခြုံဆုံး ရောက်ရှိသွားအောင် ကျွန်တော်တို့အားလုံး လက်တွဲလုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။"

ယခုအခါ အဆိုပါ ပို့ဆောင်ရေးယာဉ်များကို ရေဘေးတုံ့ပြန်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသော လူသားချင်းစာနာမှုဆိုင်ရာ ကုန်စည်များအားလုံးအတွက် ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ၎င်းကုန်စည်များတွင် စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အထောက်အပံ့များ၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများ (WASH)၊ ဆေးဝါးများနှင့် အရေးပေါ်အမိုးအကာပစ္စည်းများ ပါဝင်ပါသည်။ WFP သည် ဤဝန်ဆောင်မှုကို ကနဦးအနေဖြင့် (၂) ပတ်ကြာ ပေးအပ်လည်ပတ်သွားမည်ဖြစ်ပြီး သွားလာပို့ဆောင်ရေး အခက်အခဲများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက်တည်ရှိနေပါက အချိန်ထပ်မံတိုးမြှင့်သွားမည် ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသော ရေဘေးအကူအညီများနှင့်အပြိုင် တစ်ချိန်တည်းမှာပင် WFP သည် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း အရေးပေါ် စားနပ်ရိက္ခာ တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ WFP သည် တိုင်းဒေသကြီး နှစ်ခုစလုံးရှိ ရေဘေးသင့်ပြည်သူ ၁၅,၀၀၀ ထံသို့ အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

သတင်းဓာတ်ပုံများကို ဤနေရာတွင် ရယူနိုင်ပါသည်။

 

WFP အကြောင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။ 

WFPကို Facebook: www.facebook.com/WFPinMyanmar နှင့် X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

generic profile

Eric Scanlon

WFP/Bangkok
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ