မြန်မာနိုင်ငံရှိ ပြင်းထန်သော လူသားချင်းစာနာမှု အကျပ်အတည်းအပေါ် မုတ်သုံရေကြီးရေလျှံမှုများ ထပ်ဆင့်ရိုက်ခတ်လာချိန် WFP က အရေးပေါ်ရေဘေးတုံ့ပြန်ရေးလုပ်ငန်းများ စတင်
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်။
ရန်ကုန်၊ မြန်မာ – မုတ်သုံရေကြီးရေလျှံမှုများကြောင့် ထိခိုက်လွယ်သည့် ပြည်သူများအကြား စားနပ်ရိက္ခာပြတ်လပ်မှုအန္တရာယ် ပိုမိုဆိုးရွားလာနိုင်သည့်အတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လိုက်ပြီ ဖြစ်ပါသည်။
ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာကျိုးပေါက်ကာ ကျေးရွာများနှင့် ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် အာဟာရဖြည့် ဘီစကွတ်များ ဖြန့်ဝေခြင်းဖြင့် ယခုတုံ့ပြန်ရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဘီစကွတ်များသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် စွမ်းအင်နှင့် အာဟာရဓာတ်များပါဝင်ပြီး အသင့်စားသုံးနိုင်သော အစားအစာ ဖြစ်ပါသည်။ လေးမျက်နှာမြို့နယ်တွင် ကောက်ယူခဲ့သည့် အလျင်အမြန် ဆန်းစစ်လေ့လာချက်များအရ ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာပေါင်း (၉၈) ရွာမှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရပါသည်။
WFP အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများကို ကူညီပံ့ပိုးပေးနေသော ဒေသခံ မိတ်ဖက်အဖွဲ့အစည်းများထံသို့ အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန်ချိန် ၂၀ ကို ပေးပို့ထားပြီးဖြစ်သည်။ ယင်းအထောက်အပံ့မှာ လူဦးရေ ၁၀,၀၀၀ အတွက် လုံလောက်မှုရှိပြီး လက်ရှိတွင် ရိက္ခာဖြန့်ဝေမှုများ ဆောင်ရွက်လျက်ရှိပါသည်။
"ရေကြီးတာက ထပ်ခါတလဲလဲဖြစ်နေကျ ဘေးအန္တရာယ်တစ်ခုဆိုပေမယ့်၊ ဒီနှစ်မှာတော့ တခြားအကျပ်အတည်းမျိုးစုံကြောင့် အတော်လေးကို ရုန်းကန်နေရတဲ့ ပြည်သူတွေကို ပိုမို ဒုက္ခရောက်စေပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောသည်။ "စားဝတ်နေရေးအတွက်ကို အနိုင်နိုင်ရုန်းကန်နေရတဲ့ မိသားစုတွေဟာ အခုဆိုရင် နေအိမ်တွေ ရေမြုပ်၊ သီးနှံတွေပျက်စီး၊ သောက်သုံးရေတွေ ညစ်ညမ်းသွားတဲ့အပြင် ဈေးဆိုင်တွေလည်း မလည်ပတ်နိုင်တော့တာမျိုးတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ WFP အနေနဲ့ လတ်တလော စားနပ်ရိက္ခာအကူအညီတွေပေးနိုင်ဖို့ အမြန်ဆုံး လှုပ်ရှားဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ရေကြီးတာက ဆက်ပြီးကြာနေမယ်ဆိုရင်တော့ အခြေအနေတွေ အလျင်အမြန် ဆိုးရွားသွားနိုင်ပါတယ်။" ဟု ဆက်လက်ပြောကြားပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှု အတိုင်းအတာအခြေအနေအပြည့်အစုံကို ဆက်လက်စာရင်းကောက်ယူ အတည်ပြုနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ယခုလို ရေဘေးအန္တရာယ်နှင့်ပါ ထပ်မံကြုံတွေ့နေရခြင်း ဖြစ်သည်။ ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေးကျပ်တည်းမှုများ၊ စားနပ်ရိက္ခာဈေးနှုန်း ကြီးမြင့်မှုများနှင့် ထပ်ခါတလဲလဲ ကြုံတွေ့ရသော ဘေးဒဏ်များ စသည့် အကျိုးဆက်များ ပေါင်းစုံလာမှုကြောင့် လူဦးရေ ၁၂.၄ သန်းခန့်မှာ ဆာလောင်မွတ်သိပ်မှုနှင့် ရင်ဆိုင်နေရသည်။
ရေကြီးရေလျှံမှုများကြောင့် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသော အကျိုးသက်ရောက်မှုများကို WFP က စောင့်ကြည့်လေ့လာလျက်ရှိပြီး ရေဘေးသင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးရှိ လိုအပ်ချက်များကိုလည်း အကဲဖြတ်ဆန်းစစ်လျက်ရှိပါသည်။ အကဲဖြတ်ဆန်းစစ်မှု ရလဒ်များ၊ သွားလာခွင့် ရရှိနိုင်မှုအခြေအနေနှင့် လက်ရှိရရှိနိုင်သော ရန်ပုံငွေအရင်းအမြစ်များအပေါ် မူတည်၍ WFP သည် အကူအညီအလိုအပ်ဆုံးသော နေရာများတွင် စားနပ်ရိက္ခာထောက်ပံ့မှုများကို တိုးချဲ့လုပ်ဆောင်သွားရန် အသင့်ရှိနေပါသည်။
လက်ရှိကြုံတွေ့နေရသည့် ပြင်းထန်သော စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားမလာစေရေးအတွက် ရေဘေးသင့် မိသားစုများထံသို့ အချိန်မီ အဟန့်အတားမရှိ သွားရောက်ကူညီခွင့်ရရှိရန်နှင့် အရေးပေါ်ရန်ပုံငွေများ ရရှိရန်မှာ အလွန်ပင် အရေးကြီးလျက်ရှိပါသည်။
သတင်းဓာတ်ပုံများကို ဤနေရာတွင် ရယူနိုင်ပါသည်။
WFP အကြောင်း
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။
WFP ကို Facebook: https://www.facebook.com/WFPinMyanmar နှင့် X (ယခင်က တွစ်တာ) တွင် @wfp_media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။