ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မှာ လူကုန်ကူးမှုပုံစံတွေထဲက အလျင်မြန်ဆုံး တိုးပွားလာနေတဲ့ အွန်လိုင်းငွေလိမ်လည်မှုတွေ ကျူးလွန်ခိုင်းခံရတဲ့အကြောင်းကို မီးမောင်းထိုးပြလိုပါတယ်။
ကမ္ဘာတစ်ဝန်းမှာ လူအများအပြားဟာ အလုပ်အကိုင်ကောင်းကောင်းရမယ်ဆိုတဲ့ မဟုတ်မမှန် ကတိတွေနဲ့ သိမ်းသွင်းဖြားယောင်းခံကြရပြီး၊ နောက်ဆုံးမှာ ဒုစရိုက်ဂိုဏ်းတွေရဲ့ ထောင်ချောက်ထဲ ပိတ်မိသွားကာ အခြားသူတွေကို ပြန်လည်လိမ်လည်ဖို့ အဓမ္မ စေခိုင်းခံနေကြရပါတယ်။
ငွေလိမ်လုပ်ငန်းတွေဟာ လူသန်းပေါင်းများစွာကို လိမ်လည်လှည့်ဖျားပြီး နိုင်ငံဖြတ်ကျော် စနစ်တကျကျူးလွန်နေတဲ့ ဒုစရိုက်ဂိုဏ်းတွေအတွက် အကျိုးအမြတ် များစွာရနေကြပါတယ်။ အခုဆိုရင် အေအိုင် ဉာဏ်ရည်တု နည်းပညာလိုမျိုး အစွမ်းထက်တဲ့ ခေတ်မီ နည်းပညာသစ်တွေကို သုံးပြီး လိမ်လည်သူတွေဟာ ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ပိုပြန့်နှံ့ လာနေပါတယ်။
ဒီလို ပိုဆိုးလာတဲ့ ခြိမ်းခြောက်မှုကို ကမ္ဘာတစ်ဝန်းလုံးက ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုနေပါပြီ။ ဒါမှလည်း စုံစမ်းထောက်လှမ်းရေးအဖွဲ့တွေ၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေနဲ့ ဘဏ္ဍာရေး စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့တွေ စုပေါင်းပြီး ဒုစရိုက်ကွန်ရက်တွေကို စုံစမ်းဖော်ထုတ်နိုင်မှာဖြစ်သလို သူတို့ရဲ့ ငွေကြေးစီးဆင်းမှုကိုပါ ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမယ့် သမိုင်းဝင် သဘောတူညီချက်တစ်ခုဖြစ်တဲ့ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention against Cybercrime) ကို အတည်ပြုခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဒီကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးကြဖို့၊ ဒုစရိုက်သမားတွေကို အားပေးအားမြှောက်ပြုနေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို ရင်ဆိုင်နှိမ်နင်းကြဖို့နဲ့ နည်းပညာကုမ္ပဏီတွေအနေနဲ့လည်း သူတို့ရဲ့ ပလက်ဖောင်းတွေပေါ်က မသမာအသုံးပြုမှုတွေကို ထိန်းချုပ်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ တချိန်တည်းမှာ ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူတွေကို ပြန်လည်ကုစားပေးဖို့နဲ့ သူတို့ဘဝကို ပြန်လည်ထူထောင်နိုင်ဖို့အတွက်လည်း ကူညီပံ့ပိုးပေးကြရပါမယ်။
လူကုန်ကူးမှု ဆိုတာ ပုံစံမျိုးစုံနဲ့ ဖြစ်ပွားနေတဲ့ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဒီလို ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို အပြီးတိုင် ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။