သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင် အန္တရာယ်များ မြင့်တက်လာနေချိန် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ပိုမိုအားကောင်းလာစေရန် ဥရောပသမဂ္ဂက ပံ့ပိုးပေး

၂၀၂၆ ခုနှစ် ဇူလိုင်လ ၀၈ ရက်။

‎ 

ရန်ကုန်၊ မြန်မာ – မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများကြောင့် ထိခိုက်နစ်နာနေရသည့် ကလေးသူငယ်များနှင့် မိသားစုများအတွက် အရေးကြီးအကူအညီများ ပံ့ပိုးပေးနိုင်ရန် ယူနီဆက်က စီမံကိန်းတစ်ခုကို ဥရောပသမဂ္ဂမှ ရန်ပုံငွေဖြင့် ယနေ့ စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ပဋိပက္ခ၊ နေရပ်စွန့်ခွာတိမ်းရှောင်မှုနှင့် ဆင်းရဲနွမ်းပါးမှု နက်ရှိုင်းလာခြင်းကြောင့် ကလေးသူငယ်များအပါအဝင် ထိခိုက်လွယ်ဆုံးသူများအတွက် အန္တရာယ်များ ဆက်လက်မြင့်တက်လာနေချိန်တွင် ဥရောပသမဂ္ဂ၏ ဤရက်ရောသော ပံ့ပိုးမှုသည် အလွန်ပင် အချိန်ကိုက်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် ကြီးလေးသောချိုးဖောက်မှုများအပါအဝင် အကာအကွယ်ပေးရေးဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင်နေရသောကြောင့် အကူအညီများ အရေးတကြီးလိုအပ်နေကြပါသည်။ အဆိုပါ ခြိမ်းခြောက်မှုများတွင် အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်းမှသည် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း အန္တရာယ်များအထိ ပါဝင်နေပြီး၊ ၎င်းမြေမြှုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ငါးဦးလျှင် တစ်ဦးအထက်မှာ ကလေးသူငယ်များ ဖြစ်နေပါသည်။ ဤအန္တရာယ်များသည် နိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ပိုမိုခိုင်မာစေရန် အရေးတကြီး လိုအပ်နေကြောင်းကို မီးမောင်းထိုးပြလျက်ရှိပါသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် ၎င်းတို့၏ ဘေးကင်းလုံခြုံရေး၊ ကိုယ်စိတ်ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့်လည်း ရင်ဆိုင်နေရပါသည်။ ကလေးသူငယ်အများအပြားသည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး မိသားစုများနှင့် ကွဲကွာနေကြရသည့်အပြင် အကြမ်းဖက်ခံရမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု စသည့် အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်နေကြရကာ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ရရှိနိုင်မှုမှာလည်း ပြတ်တောက်နေဆဲဖြစ်ပါသည်။ ပဋိပက္ခများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် စီးပွားရေးအခက်အခဲများကြောင့် နိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက် မြင့်တက်လာလျက်ရှိရာ ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်အရ မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ၅ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပါသည်။

ဥရောပသမဂ္ဂ၏ ယခုပံ့ပိုးကူညီမှုသည် ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အကျပ်အတည်းဖြစ်ပွားနေသော လူမှုအသိုင်းအဝိုင်းများရှိ အသက်ကယ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ပိုမိုအားကောင်းလာစေရန်၊ ဘေးအန္တရာယ်ကြုံတွေ့နေရသော ကလေးသူငယ်များကို သိရှိဖော်ထုတ်၍ ထောက်ပံ့မှုနှင့် ကာကွယ်မှုများပေးရန်တို့အပြင် မိသားစုများအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်နှင့် ပြန်လည်ထူထောင်ရန် လိုအပ်သည့် အကူအညီများ ရရှိစေရေးတို့အတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ယူနီဆက်နှင့် ကာလရှည်ကြာ လက်တွဲဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းဖြစ်ပြီး အသက်ကယ်အစီအစဉ်များကို ပံ့ပိုးပေးကာ နိုင်ငံတစ်ဝှမ်းရှိ အကျပ်အတည်းများကြောင့် ထိခိုက်နစ်နာနေရသည့် ကလေးသူငယ်များနှင့် မိသားစုများအတွက် အရေးပါသော ဝန်ဆောင်မှုများပေးနိုင်ရန် ကူညီပေးလျက်ရှိပါသည်။

“မြန်မာနိုင်ငံတစ်ဝှမ်းမှာ များစွာသော ကလေးငယ်တွေဟာ အကြောက်တရား၊ ဆုံးရှုံးမှု၊ မရေရာမှုတွေနဲ့ နေထိုင်နေရတဲ့အပြင် ဘယ်ကလေးမှ မကြုံတွေ့ရသင့်တဲ့ အန္တရာယ်တွေနဲ့ ထိတွေ့ရင်ဆိုင်နေရပါတယ်” ဟု မြန်မာနိုင်ငံရှိ ယူနီဆက်၏ ဌာနေကိုယ်စားလှယ် Yasumasa Kimura က ပြောကြားခဲ့ပါသည်။ "ဥရောပသမဂ္ဂထံမှ ဒီလိုပံ့ပိုးကူညီပေးမှုဟာ ကျွန်တော်တို့အတွက် အားနည်းထိခိုက်လွယ်ဆုံး ကလေးငယ်တွေကို အကာအကွယ်၊ စောင့်ရှောက်မှုနဲ့ ဘေးကင်းလုံခြုံတဲ့ခံစားချက်တွေ ရရှိလာစေဖို့ ကူညီပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ကလေးငယ်တွေ စတင်ပြီး ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။"

ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ယူနီဆက်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ လိုအပ်ချက်ကို အခြေခံသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန်နှင့် စိန်ခေါ်မှုအများဆုံးနှင့် သွားရောက်ရန် အခက်ခဲဆုံးနေရာအချို့ရှိ ကလေးငယ်များနှင့် မိသားစုများထံသို့ အကူအညီများ ဆက်လက်ရောက်ရှိနိုင်ရန် မိတ်ဖက်များနှင့်အတူ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNICEF
ယူနီဆက်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ