နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး အစိမ်းသက်သက်ဖြင့် မိမိနှင့် မရင်းနှီးသည့်ရွာတစ်ရွာတွင် အခြေချနေထိုင်ခဲ့ရသည့် ဒေါ်ဒေါင်ဆိုင်းသည် အသက်မွေးဝမ်းကျောင်းပညာရပ်အသစ်ကို ပြန်လည်သင်ယူခဲ့ပြီး၊ ဝင်ငွေလမ်းကြောင်းသစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကာ ယခုအခါ သူမ၏ ရပ်ရွာလူထုမှ အားကိုးအားထားပြုရသူတစ်ဦး ဖြစ်လာခဲ့ပါသည်။
သူမ၏ကျေးရွာတွင် တိရစ္ဆာန်တစ်ကောင်ကောင် နေမကောင်းဖြစ်လျှင် လူများက ဒေါ်ဒေါင်ဆိုင်းကို ခေါ်ကြသည်။ သူမသည် အိမ်တိုင်ရာရောက် လာရောက်ပြီး တိရစ္ဆာန်၏ အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သော ကုသမှုများဖြစ်သည့် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများအပြင် သူမသင်ယူထားသည့် အူကျွံနာ (Hernia) ခွဲစိတ်မှုကဲ့သို့သော ပိုမို ရှုပ်ထွေးသည့် ကုသမှုများကိုလည်း လုပ်ဆောင်ပေးပါသည်။
တိရစ္ဆာန်ဆေးကုသမှုခံယူနိုင်ရန်အတွက် အနီးဆုံးမြို့သို့ သွားရောက်ရန် စရိတ်စက မတတ်နိုင်ကြသည့် ကျေးရွာရှိ မိသားစုများစွာအတွက် သူမ ရှိနေခြင်းမှာ လက်တွေ့ ကျပြီး အဖိုးတန်လှပါသည်။
ခင်ပွန်းဖြစ်သူ၊ သားသမီး ခြောက်ဦးနှင့်အတူ နေရပ်စွန့်ခွာလာခဲ့ရပြီးနောက် ဤရွာတွင် အခြေချခဲ့သည့် ဒေါ်ဒေါင်ဆိုင်းအတွက်မူ ဤအလုပ်သည် ဘဝကို အသစ် ပြန်လည်စတင် တည်ဆောက်ခဲ့ရသော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းတွင် အကျပ်အတည်းနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ ဆက်လက် ဖြစ်ပေါ် နေစဉ်အတွင်း ဤလုပ်ငန်းသည် သူမ၏ မိသားစုကို ဆက်လက်ရပ်တည်နိုင်အောင် ပံ့ပိုးပေးနေပါသည်။
“ကျွန်မတို့မိသားစု ရှင်သန်ရပ်တည်ဖို့ အရမ်းခက်ခဲခဲ့တဲ့ အချိန်ပါဘဲ” လို့ သူမက ပြောပါသည်။
ဒေါ်ဒေါင်ဆိုင်းမှ အသက်မွေးဝမ်းကျောင်းမှု တည်ဆောက်နေခြင်းနှင့် ရပ်ရွာလူထုအတွက် သူမ၏ အရေးပါသည့် အခန်းကဏ္ဍအကြောင်း ရှင်းပြနေသည်။
ဒေါ်ဒေါင်ဆိုင်း နှင့် သူမ၏ မိသားစုသည် စစ်ဘေးရှောင်စခန်းတစ်ခုမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် နေရပ်စွန့်ခွါတိမ်းရှောင်သူများအား ပြန်လည်အခြေချထားပေးသည့် ကျေးရွာတစ်ရွာသို့ ရောက်ရှိ လာခဲ့ကြသည်။ ထိုရွာသည် ရွာသစ်တစ်ရွာဖြစ်ပြီး အလုပ်အကိုင် ရှားပါးသည့်အပြင် သူမ၏ ခင်ပွန်းမှာလည်း ကျန်းမာရေး မကောင်း ဖြစ်နေခဲ့သည်။ သူမသည် ယခင်က ရာသီအလိုက် လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူး သော်လည်း ဤနေရာ သစ်တွင်မူ အလုပ်အကိုင် ရှာဖွေ ရန် ခက်ခဲခဲ့ပါသည်။
နောက်ပိုင်းနှစ်များတွင် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့မှ ဒေသတွင်း အဖွဲ့အစည်းများနှင့် အတူပူးပေါင်း၍ ပို့ချပေး သော အမျိုးသမီးများ၏ အခွင့်အရေးများ၊ အသက်မွေးဝမ်းကျောင်းမှု နှင့် တိရိစ္ဆာန် မွေးမြူရေး ဆိုင်ရာ သင်တန်းအစီအစဉ် အများအပြားတွင် သူမ ပါဝင်တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းအစီအစဉ်များထဲမှ တစ်ခုမှာ တိရစ္ဆာန် ရောဂါကုသခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ မွေးမြူရေးဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ဆီးခွာခြင်းနှင့် အူကျွံနာ (Hernia) ကုသမှုများ အပါအဝင် ခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါဝင်သည့် ဘက်စုံ တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သင်တန်းတစ်ခု ဖြစ်ပါသည်။
“ဒီသင်တန်းမတက်ခင်တုန်းကတော့ အနီးနားကရွာတွေမှာ နေ့စားအလုပ်တွေ ကျွန်မ လိုက်ရှာလုပ်ခဲ့ရတာပေါ့” လို့ သူမက ဆိုပါတယ်။ “ဒါပေမဲ့ အခုတော့ ကျွန်မ အိမ်မှာပဲနေရင်း တိရစ္ဆာန်တွေကို ကုသပေးနိုင်သလို၊ မိသားစုစရိတ်တွေအတွက် ဝက်တွေလည်း မွေးမြူနိုင်နေပါပြီ။”
သူမအနေဖြင့် ဝက်အကောင်ရေ (၁၅) ကောင်ခန့်အား ဆီးခွာခြင်းနှင့် အူကျွံနာခွဲစိတ်မှုများ ပြုလုပ်ပေးပြီးသည့်နောက်တွင်တော့ သူမ၏သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး အိမ်နီးနားချင်းများက သူမကို စတင်အားကိုး ခေါ်ယူလာကြပါတော့သည်။
“အစတုန်းကတော့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုတွေ မပေးနိုင်ခင်မှာ အိမ်နီးနားချင်းတွေရဲ့ ယုံကြည်မှုရအောင် အရင် တည်ဆောက်ခဲ့ရတာပေါ့” လို့ သူမက ဆိုပါတယ်။ “ကျွန်မရဲ့ ကျွမ်းကျင်မှုကို သက်သေပြဖို့နဲ့ သူတို့ရဲ့ ယုံကြည်မှုရဖို့ အတွက် ကိုယ်ပိုင်မွေးထားတဲ့ ဝက်တွေနဲ့ အရင်ဆုံး လက်တွေ့လေ့ကျင့်ခဲ့ရပါတယ်။”
ဒေါ်ဒေါင်ဆိုင်းသည် သူမကို သင်ကြားပေးခဲ့သော တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် အစဉ်အမြဲ အဆက်အသွယ် ပြုလုပ်ထားပြီး ဝက်များအား မေထုန်မဲ့ သားစပ်ခြင်း (Artificial Insemination) ကဲ့သို့သော နည်းလမ်းသစ်များကို ဆက်လက် သင်ယူနေပါသည်။ ယခင်က သူမသည် ဝက်ပိုင်ရှင်များကို နယ်လှည့် တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် ချိတ်ဆက်ပေးခြင်းနှင့် ကုသမှုများတွင် ဝိုင်းဝန်းကူညီပေးခြင်းတို့ကိုသာ ပြုလုပ်ခဲ့သော်လည်း၊ ယခုအခါတွင်မူ ထိုလုပ်ငန်းစဉ်ကို သူမကိုယ်တိုင် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။
“နွားတွေ၊ ဝက်တွေ နေမကောင်းဖြစ်လို့ ပိုင်ရှင်တွေက မြို့ပေါ်အထိ သွားကုပေးဖို့ မတတ်နိုင်ဘူးဆိုရင် ကျွန်မဆီကို လာကြပါတယ်” ဟု သူမက ပြောပြပါသည်။ “ကျွန်မကိုယ်တိုင်သွားပြီး တိရစ္ဆာန်တွေကို ဆေးထိုးပေးတာ၊ ဆေးတိုက်တာတွေ လုပ်ပေးပါတယ်။ တကယ်လို့ ဝက်တွေကို မျိုးစပ်ဖို့ လိုအပ်တယ်ဆိုရင်လည်း ကျွန်မ လုပ်ပေးနိုင်ပါတယ်”
ကျေးလက်တောရွာတွင် မွေးမြူရေးတိရစ္ဆာန်များသည် မိသားစုတစ်ခု၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှု ဖြစ်လေ့ရှိသောကြောင့်လည်းကောင်း၊ တိရစ္ဆာန်ဆေးကုသမှုစရိတ်နှင့် သွားလာရမည့် ခရီးအကွာအဝေးတို့ကြောင့် တိရစ္ဆာန်များကို မကုသနိုင်ဘဲ ဆုံးရှုံးရခြင်းကြောင့် ငွေကြေးအမြောက်အမြား နစ်နာဆုံးရှုံးနိုင်သည့် အခြေအနေမျိုးတွင်လည်းကောင်း၊ သူမ၏ ကျွမ်းကျင်မှုများသည် တစ်ရွာလုံးက အားကိုးအားထားပြု ရသည့် အရာတစ်ခု ဖြစ်လာခဲ့ပါသည်။
ဒေါ်ဒေါင်ဆိုင်းသည် အကျပ်အတည်းဒဏ်ခံစားနေရသော လူမှုအသိုင်းအဝိုင်းများနှင့် ပြန်လည် အခြေချ နေထိုင်သည့် လူမှုအသိုင်းအဝိုင်းများရှိ အမျိုးသမီးများအတွက် ကျွမ်းကျင်မှု အခြေပြု သင်တန်းများ၊ လိုအပ်သလို အသုံးပြုနိုင်သော ငွေသားအထောက်အပံ့များနှင့် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ရေးအတွက် ပံ့ပိုးပေးလျက်ရှိသည့် ပြင်သစ်အစိုးရမှ ရန်ပုံငွေထောက်ပံ့ပေး သော ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women) နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံချက်မှတဆင့် အကူအညီများ ရရှိနေသည့် အမျိုးသမီးများအနက်မှ တစ်ဦးဖြစ်ပါသည်။
“ကျွန်မတို့ရွာက အမျိုးသမီးတွေအနေနဲ့ ဒီလိုသင်တန်းတွေကို လက်လွှတ်မခံသင့်ပါဘူး” ဟု ဒေါ်ဒေါင်ဆိုင်းက ဆိုသည်။ “ကျွန်မလုပ်ခဲ့သလိုမျိုး အိမ်မှာ တိရစ္ဆာန်တွေ ဘယ်လို မွေးမြူရမလဲဆိုတာကို သင်ယူဖို့နဲ့ သင်တန်းတက်ဖို့ အချိန်ပေးကြပါလို့ ကျွန်မအနေနဲ့ သူတို့ကို တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သူတို့နဲ့ သူတို့မိသားစုအတွက် အသက်မွေးဝမ်းကျောင်းတစ်ခု တည်ဆောက်နိုင်ဖို့ရာ အထောက်အကူပြုမှာ ဖြစ်လို့ပါပဲ။”
ယခုအခါ သူမ၏ ရည်မှန်းချက်မှာ သူမ၏ ဝန်ဆောင်မှုများကို အနီးနားရှိ ကျေးရွာများသို့ပါ တိုးချဲ့ပေးအပ်ရန်ဖြစ်ပြီး၊ ယင်းမှတစ်ဆင့် သူမ၏ ဝင်ငွေကို တိုးမြှင့်ရုံသာမက ရပ်ရွာလူထုအပေါ် အကျိုးပြုနိုင်စွမ်းကိုလည်း မြှင့်တင်ရန် ဖြစ်ပါသည်။
*ဤဇာတ်ကြောင်းကို UN Women Asia and the Pacific website ၌ ၂၀၂၆ခုနှစ် ဇွန်လ ၂ရက်နေ့တွင် မူရင်းထုတ်ဝေထားပါသည်။