မိန့်ခွန်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကမ္ဘာ့ ဒုက္ခသည်များနေ့အတွက် သတင်းစကား
၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ကမ္ဘာကြီးမှာ ကွဲပြားပိုင်းခြားမှုတွေက ပိုဆိုးလာပြီး စစ်ပွဲအသစ်တွေ၊ ရေရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသားတွေဟာ နေရပ်စွန့်ခွာပြီး ဘေးကင်းလုံခြုံရာနေရာ ရှာဖွေနေကြရပါတယ်။
အခုလို မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မျိုးမှာ ပဋိပက္ခတွေ ဒါမှမဟုတ် နှိပ်စက်ညှဥ်းပန်းမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကာကွယ်ပေးဖို့ စည်းလုံးညီညွတ်မှုကို ပြန်လည်ဆန်းသစ်ပြီး ထိရောက်ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့လိုပါတယ်။ အဲဒီအထဲမှာ ဒုတိယကမ္ဘာစစ်အပြီး လွန်ခဲ့တဲ့ ၇၅ နှစ်ကတည်းက အတည်ပြုခဲ့ပြီး လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာစောင့်ထိန်းဖို့လည်း ပါဝင်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့သူ အားလုံးအတွက်တင်မကဘဲ သူတို့ကို လက်ခံစောင့်ရှောက်ထားတဲ့ နိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက်ပါ ပိုပြီးတော့ ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုပါတယ်။
နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာဥပဒေကို လေးစားလိုက်နာတာ၊ ခိုလှုံခွင့်တောင်းခံနိုင်တဲ့ အခွင့်အရေးကို ကာကွယ်ပေးတာ၊ ဒုက္ခသည်တွေအနေနဲ့ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရလာအောင် ကူညီဖြေရှင်းပေးတာမျိုးတွေအပြင်... ငြိမ်းချမ်းရေးရဖို့အတွက်ကိုလည်း အရင်ကထက် နှစ်ဆတိုးပြီး ကြိုးစားလုပ်ဆောင်သွားကြဖို့ လိုပါတယ်။
ကမ္ဘာပေါ်ရှိ ဒုက္ခသည်တွေရဲ့ လေးပုံသုံးပုံနီးပါးကို လက်ခံစောင့်ရှောက်ပေးထားကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူ့အဖွဲ့အစည်းတွေရဲ့ ရက်ရောကြင်နာတဲ့ စိတ်ဓာတ်ကို အတုယူ ကြရအောင်ပါ။
အခုခေတ်မှာတင်မကဘဲ နောင်လာနောက်သား မျိုးဆက်တွေအထိ... နေရပ်စွန့်ခွာ ထွက်ပြေးကြရသူအားလုံးရဲ့ အခွင့်အရေးကို အတူ ကာကွယ်စောင့်ရှောက်သွားကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ