သတင်းထုတ်ပြန်ချက်

အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာ့စားနပ်ရိက္ခာအခက်အခဲ ပိုမိုဆိုးရွားလာ၊ အရေးပေါ်တုံ့ပြန်ရေးအတွက် ဥရောပသမဂ္ဂက ယူရို ၈ သန်း ကူညီ

၂၀၂၆ ခုနှစ် မေလ ၁၈ ရက်။

ပူးတွဲသတင်းထုတ်ပြန်ချက်

ရန်ကုန်။         ။ ကမ္ဘာ့အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လာရာ နေ့စဥ်ရှင်သန်ရပ်တည်‌ရေးအတွက် ရုန်းကန်နေရသည့် သန်းနှင့်ချီသော  မြန်မာပြည်သူပြည်သားများသည်  စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေကြရသည်။ နိုင်ငံတစ်ဝန်း ပိုမိုဆိုးရွားလာသော စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ဥရောပသမဂ္ဂ (EU) က ယူရို ၈ သန်းကို အချိန်မီ ထောက်ပံ့ကူညီလိုက်ပါသည်။ 

ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီစျေးနှုန်းများ သုံးဆအထိ မြင့်တက်ခဲ့သည်။ ဆန်၊ ဆီ၊ ပဲနှင့် ဆားတို့ ပါဝင်သော အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းသည်လည်း ဒေသအများအပြားတွင် သိသိသာသာ မြင့်တက်လာလျက်ရှိပြီး ပဋိပက္ခဖြစ်ပွားရာဒေသများတွင် စျေးနှုန်းမြင့်တက်မှုအမြင့်ဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ ပျမ်းမျှအားဖြင့် အခြေခံစားသောက်ကုန်စျေးနှုန်းသည် တစ်နိုင်ငံလုံးအနှံ့ ၁၈ ရာခိုင်နှုန်း မြင့်တက်နေပြီး၊ မကွေးတိုင်းဒေသကြီးတွင် ၃၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေသည်။ ၎င်းနောက်တွင် ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့၌ ၃၂ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်လျက်ရှိသည်။ 

ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခနှင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာပြတ်လပ်မှုများ ပေါင်းစပ်လာခြင်းကြောင့် မြန်မာရပ်ရွာလူထု၏ ဘဝအခက်အခဲများ ပိုမိုဆိုးရွားလာနေခြင်းဖြစ်ပါသည်။ ယနေ့တွင် လူ ၄ ယောက်လျှင် ၁ ယောက်နှုန်းဖြင့် မြန်မာနိုင်ငံရှိ လူဦးရေ ၁၂ ဒဿမ ၄ သန်း သည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒဿမ ၇ သန်းသည်လည်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။ ဝင်ငွေ၊ စုဆောင်းငွေ နှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် မိသားစုများအတွက် ယခုကဲ့သို့ ကုန်စျေးနှုန်းမြင့်တက်မှုက အခြေခံစားသောက်ကုန်များကိုပင် ဝယ်ယူစားသောက်နိုင်ရန် လက်လှမ်းမမီနိုင်သော အခြေအနေသို့ တွန်းပို့လျက်ရှိသည်

ကမ္ဘာလုံးဆိုင်ရာလောင်စာဈေးနှုန်းတွေ မြင့်တက်လာနေချိန်မှာ နဂိုတည်းက ရုန်းကန်နေကြရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေကိုတောင် လက်လှမ်းမီနိုင်ဖို့ ပို ပိုပြီး ခက်ခဲလာပါတယ်” ဟု မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်နေသူ Ms. Jessica Chaix က ပြောကြားသည်။ “EU အနေနဲ့ အရေးပါလှတဲ့ စားနပ်ရိက္ခာနှင့် အာဟာရထောက်ပံ့မှုတွေကို ဆက်လက်ထောက်ပံ့ပေးသွားဖို့ ကတိပြုထားပြီး၊ အခုလို ခက်ခဲတဲ့ကာလအတွင်းမှာ အလိုအပ်ဆုံးသူတွေဆီ အကူအညီတွေ ဆက်ပြီးရောက်ရှိနိုင်ဖို့  ပံ့ပိုးကူညီနေပါတယ်” ဟု ဆိုသည်။

အဆိုပါ အကျပ်အတည်းသည် လာမည့် မိုးသီးနှံ စိုက်ပျိုးရာသီကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ မြေဩဇာစျေးနှုန်းများမြင့်တက်နေခြင်းနှင့် ရရှိနိုင်မှုအကန့်အသတ်ရှိခြင်းတို့ကြောင့် မြန်မာတောင်သူများသည် မြေဩဇာအသုံးပြုမှုကို လျှော့ချနေကြသည်။ မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းပါက နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး၊ အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းများကို ထပ်မံမြင့်တက်စေကာ ၂၀၂၇ ခုနှစ်အထိ နိုင်ငံ၏  စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်သည်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို ပြည်တွင်းအကြောင်းရင်းတွေပေါ်မှာပဲ အခြေခံနေတာ မဟုတ်တော့ပါဘူး။ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်ချက်တွေဟာ လည်း စျေးဆိုင်တွေ၊ လယ်ယာစိုက်ခင်းတွေနဲ့ မိသားစုတွေဆီကိုပါ တိုက်ရိုက် သက်ရောက်လာနေပြီဖြစ်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောကြားသည်။ “အခုလို EU ရဲ့ ပံ့ပိုးမှုကြောင့် ကျွန်တော်တို့ဟာ အချိန်မီ  အကူအညီတွေပေးအပ်နိုင်မှာဖြစ်ပြီး၊ အရာရာဆုံးရှုံးထားရတဲ့ မိသားစုတွေအနေနဲ့ နလန်ပြန်မထူနိုင်တော့တဲ့ အခြေအနေအထိ တွန်းပို့မခံရစေအောင် ကာကွယ်ပေးနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။

EU လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေဖြင့် WFP သည် ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနှင့် ပိုမိုဆိုးရွားလာသော စားနပ်ရိက္ခာအခက်အခဲတို့ကြောင့် ထိခိုက်ခံစားနေရသော မိသားစုများကို အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အထူးအာဟာရအထောက်အပံ့များလည်း ပေးအပ်သွားမည်ဖြစ်ပြီး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

EU နှင့် WFP တို့သည် မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု ကင်းဝေးစေရေးအတွက် ခိုင်မာသောမိတ်ဖက်များအဖြစ် ဆက်လက်တည်ရှိနေပြီး၊ နေ့စဉ်ရှင်သန်ရပ်တည်ဖို့အတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံ့များကို မှီခိုအားထားနေရသည့် သန်းပေါင်းများစွာသော ပြည်သူများအား ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားပါသည်။

ဓာတ်ပုံများကို ဤလင့်ခ်တွင် ရယူပါ။ 

#                    #                   #

EU Civil Protection and Humanitarian Aid အကြောင်း

ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးအပ်နေသည့် ကမ္ဘာ့ဦးဆောင်အလှူရှင်နိုင်ငံများဖြစ်ပါသည်။ ကယ်ဆယ်ရေးအကူအညီများကိုပေးအပ်ခြင်းသည် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ အကူအညီလိုအပ်နေသူများနှင့် တစ်သားတည်းရပ်တည်ကြောင်း ဖော်ပြသည့် စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုပင်ဖြစ်သည်။ ၎င်းအကူအညီသည် လူ့အသက်များကို ကယ်တင်ရန်၊ လူသားများ ဆင်းရဲဒုက္ခခံစားရခြင်းမှ တားဆီးကာကွယ်ရန်နှင့် သက်သာရာရစေရန်၊ဘေးအန္တရာယ်များနှင့် အကြပ်အတည်းများကြောင့် ထိခိုက်ခံစားရသူများ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန် ရည်ရွယ်ပါသည်။ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့်ထိခိုက်ခဲ့ရသည့် သန်းနှင့်ချီသော အကူအညီလိုအပ်နေသူများကိုကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဥရောပသမဂ္ဂ ၏ ရုံးချုပ်သည် Brussels တွင်တည်ရှိပြီး ကမ္ဘာအရပ်ရပ်ရှိ ရုံးခွဲများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအပေါ် အခြေခံ၍ အထိခိုက်လွယ်ဆုံးသောသူများကို အကူအညီများပေးအပ်လျက်ရှိပါသည်။ 

 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြောင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိပါသည်။  

WFP ကို X (ယခင်က တွစ်တာ) တွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။   

Elise Gibergues-Newton

WFP
Communications Officer
Htet Oo Linn

ထက်ဦးလင်း

WFP
ဆက်သွယ်ဆက်ဆံရေးအရာရှိ

Lisa Hastert

EU Humanitarian Aid regional office

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

EU
European Union
WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ